BREAKING
January 11, 2025

စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ ၅၄၀၀ နီးပါးရှိလာကြောင်း အမေရိကန်သံရုံးထုတ်ပြန်

July 23, 2024

ပုံစာ - စစ်ကောင်စီတပ်ကြောင့် အသက်သေဆုံးခဲ့ကြရသူများအား ဂုဏ်ပြုထားသည့် အမေရိကန် သံရုံးရှိ အမှတ်တရအထိမ်းအမှတ်နေရာတွင် သံရုံး၏အကြီးအကဲ ဆူဆန်စတီဗင်ဆင် ယနေ့ နှင်းဆီပန်းချ ဂုဏ်ပြုနေစဉ်။ ဓာတ်ပုံ - U.S. Embassy Rangoon

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ လူ ၅,၄၀၀ နီးပါးရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကွပ်မျက်မှု ၂ နှစ်ပြည့် မြောက်မှုနှင့် ပတ်သက်၍ ယနေ့ ဇူလိုင်လ ၂၃ ရက်တွင် ထုတ်ပြန်ရာ၌ အထက်ပါတိုင်း ဖော်ပြခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ကြောင့် အသက်သေဆုံးခဲ့ကြရသူများအား ဂုဏ်ပြုထားသည့် အမေရိကန်သံရုံးရှိ ကျဆုံးသူများ အမှတ်တရအထိမ်းအမှတ်နေရာတွင် ယနေ့အထိ ကျောက်တုံးပေါင်း ၅,၄၀၀ နီးပါးကို ထားရှိခဲ့ပြီးဖြစ်ကြောင်း ဖော်ပြသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှစတင်ပြီး တစ်ဟုန်ထိုးမြင့်တက်လာသည့် မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွင် အသက်ဆုံးရှုံးခဲ့ရသူများအားလုံးအတွက် ပူဆွေးသောကရောက်ရကြောင်းလည်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်က ထုတ်ပြန်ရာတွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၃၈၀၀ ကျော်ရှိကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ၂၀၂၃ခုနှစ် ဇူလိုင်လ ၂၄ရက်မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၃ရက်အထိ တစ်နှစ်တာအတွင်း သတ်ဖြတ်ခံရသူ ၁၆၀၀ နီးပါးရှိနေသည်ကို တွေ့ရသည်။

အမေရိကန်သံရုံး၏ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်က ထုတ်ပြန်ချက်တွင် စစ်အာဏာသိမ်းမှုကြောင့် သေဆုံးသူ ၁၃၀၀ ကျော်ရှိသည်ဟု ဖော်ပြထားသဖြင့် သုံးနှစ်နီးပါးကာလအတွင်း သေဆုံးသူ လေးထောင်ကျော် တိုးလာသည်ကိုတွေ့ရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇူလိုင်လ ၂၂ ရက် ထုတ်ပြန်ချက်တွင် အာဏာသိမ်းကာလအတွင်း သေဆုံးသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း ၅၄၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဖမ်းဆီးခံခဲ့ရသူ ၂၇၀၀၀ ကျော်ရှိပြီး ယင်းအနက် ၂၀၇၈၀ ဦးမှာ ထိန်းသိမ်းခံထားရကာ ထိုအထဲက ၉၃၀၀ ကျော်မှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း ဖော်ပြသည်။ သေဒဏ်ချမှတ်ခံထားရသူလည်း ၁၇၀ နီးပါးရှိနေပြီဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။