ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျွန်းဧရိယာတွင် ဒရွတ်ဆွဲငါးဖမ်းစက်လှေ (ဝါလတ်) များ ကျွန်းအနီးကပ်ပြီး ငါးဝင်ဖမ်း နေသည့်အတွက် ကမ်းနီးရေလုပ်သားများ၏ ငါးဖမ်းပိုက်များဆုံးရှုံးကာ အခက်ကြုံနေရကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင်လ ၁၇ ရက်နေ့မှစကာ အလယ်မန်ကျွန်း၊ ခိုကျွန်း၊ တောင်ကိုင်း၊ လေးလုံးတန်း၊ ဝက်ကျွန်းစသည့် ဘုတ်ပြင်း ရေပြင် ဝန်းကျင်တွင် ကမ်းဝေး ဝါလတ်လှေအစင်းရေ ၄၀ ကျော်က ကမ်းနီးအထိ ဝင်ရောက်ငါးဖမ်းနေခြင်းဖြစ်ကြောင်း အလယ်မန်ကျွန်းနေ ကမ်းနီးရေလုပ်သားတစ်ဦးက ဆိုသည်။
ထိုသို့ဝါလတ်လှေကြီးများက ကမ်းနီးဝန်းကျင်အထိ ဝင်ဖမ်းနေသည့်အတွက် ဒေသခံကမ်းနီးရေလုပ်သားများ၏ ပုစွန်ပိုက်၊ ကဏန်းပိုက်နှင့် ငါးဖမ်းပိုက်များကို တိုက်ဖြတ်ခံရပြီး ကျပ်သိန်းထောင်ချီ ဆုံးရှုံးနေရကြောင်း ၎င်းက ပြောဆိုသည်။
“အရင်တုန်းကဆိုရင် ဒီလိုမျိုးဝင်ဆွဲတာမရှိဘူး။ အခုဝင်ဆွဲတာက တော်တော်လေးကို ရက်စက်တယ်။ အုပ်စုလိုက်ကို ဝင်ဆွဲတာ”ဟု အထက်ပါ ရေလုပ်သားက ပြောသည်။
ကမ်းဝေး ဝါလတ်ငါးဖမ်းလှေများက ကမ်းနီးတွင် ဝင်ရောက်ငါးဖမ်းနေချိန်တွင် အနီးဝန်းကျင်၌ စစ်ကောင်စီတပ်၏ ရေတပ် သင်္ဘောနှင့် စစ်တပ်စက်လှေ (ဒေသအခေါ် သားပေါက်လှေ) များလည်းရှိနေကြောင်း အထက်ပါကမ်းနီးရေလုပ်သားက ပြောဆိုသည်။
“ကျွန်တော်တို့လည်း ဘာလည်း မလုပ်နိုင်ဘူး။ ထိုင်ကြည့်နေတာပဲ ရတယ်။ သူတို့ (ရေတပ်) လည်း သိသိနဲ့ နေနေတာပဲ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ဇူလိုင်လ ၁၆ ရက်နေ့ကလည်း ဝါတန်းလှေ (ဝိုင်းကြီးချုပ်) နှစ်စင်းက အလယ်မန်ကျွန်းအနောက်ဘက်တွင် ကပ်ပြီး ငါးလာဖမ်းနေကြောင်း အဆိုပါ ရေလုပ်သားက ဆိုသည်။
၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းကလည်း ကမ်းဝေးဝါလတ်လှေများ ကမ်းနီးသို့ အစုလိုက်အပြုံလိုက်ဝင်လာပြီး ယင်းကဲ့သို့ ငါးဖမ်းခဲ့ဖူးကြောင်း ဘုတ်ပြင်းမြို့နယ်ရှိ ဒေသခံကမ်းနီးရေလုပ်သားအချို့က ပြောဆိုသည်။
ထိုအချိန်ကလည်း ကမ်းနီးငါးဖမ်းလှေများ၏ ငါးဖမ်းပိုက်အများအပြားဆုံးရှုံးခဲ့ပြီး ဘဝပျက်ကာ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်း အလုပ်သမားအဖြစ် ထွက်သွားရသူများပင်ရှိခဲ့ကြောင်း ၎င်းတို့က ပြောသည်။
ဘုတ်ပြင်းရေပြင်တွင် ကမ်းနီးငါးဖမ်းလှေ ၁၄၀၀ ဝန်းကျင်ရှိပြီး အလယ်မန်ရွာတွင်ပင် ကမ်းနီးလှေ ၃၀၀ ဝန်းကျင်ရှိကြောင်း အဆိုပါရွာနေ ရေလုပ်သားတို့က ဆိုသည်။
ဘုတ်ပြင်းမြို့နယ်မှ အခြားရေလုပ်သားတစ်ဦးကလည်း ကမ်းဝေးဒရွတ်ဆွဲ ဝါလတ်လှေများက ဘုတ်ပြင်းရေပြင်တွင် ကမ်းအနီး ကပ်ဝင်ရောက်ငါးဖမ်းနေသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။
“ဘုတ်ပြင်းကမ်းရိုးတန်း တစ်တန်းလုံးဖြစ်သွားပြီ။ အခုက ရေ (အနက်) ၁၂ လံလောက်မှာတောင် ဆွဲ (ငါးဖမ်း) နေပြီ”ဟု အဆိုပါ ရေလုပ်သားက ပြောသည်။
ကမ်းဝေးလှေများ ကမ်းနီးတွင် ငါးဝင်ဖမ်းနိုင်ရန် သက်ဆိုင်ရာရေတပ်သင်္ဘောကို လှေတစ်စင်းအတွက် တစ်လလျှင် ငွေကျပ် ငါးသိန်းပေးရသည့်အပြင် စက်သုံးဆီကိုလည်း တောင်းသည့်အချိန်တိုင်း ပေးရသေးကြောင်း ၎င်းက ဆိုသည်။
အဆိုပါဈေးနှုန်းမှာ အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ်တွင် ရေတပ်စစ်သင်္ဘောကို ပေးဆောင်းရသည့် နှုန်းထားဖြစ်ပြီး လက်ရှိပေါက်ဈေးကို မသိရကြောင်း အထက်ပါရေလုပ်သားက ပြောသည်။
ဒရွတ်ဆွဲပိုက် (ဝါလတ်) လှေများ ကမ်းအနီးကပ် ငါးဝင်ဖမ်းပြီးနောက်ပိုင်းတွင် ကမ်းနီးလှေများ ငါးဖမ်းမိမှု သိသိသာသာ နည်းပါးသွားလေ့ရှိကြောင်း ၎င်းက ဆိုသည်။
“သူက ရေအောက် (ကြမ်းပြင်) မှာ အကုန်လုံးလှန်ပစ်လိုက်သလိုမျိုး လုပ်တာကိုး။ တံငါရေပိုး (ငါးသယံဇာတ) ပျက်စီးတဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့” ဟု အဆိုပါ ရေလုပ်သားက ပြောဆိုသည်။
ကမ်းဝေးငါးဖမ်းလှေများတွင် ရောက်ရှိနေသည့်နေရာအား စောင့်ကြည့်နိုင်သည့် VMS စနစ်တပ်ဆင်ထားပြီး ငါးလုပ်ငန်း ဦးစီးဌာနရုံးချုပ်နှင့် တိုင်းငါးလုပ်ငန်းဦးစီးဌာနတို့ရှိ ထိန်းချုပ်စင်တာများက တိုက်ရိုက်စောင့်ကြည့်နေသည်ဟု ထုတ်ပြန်ထားသည်။
သို့သော် ကမ်းဝေးငါးဖမ်းလှေများက ကမ်းနီးအထိ ဝင်ရောက်ပြီး ငါးခိုးဖမ်သည့်ဖြစ်စဉ်များ အမြဲတမ်းနီးပါး ဖြစ်ပွားလျက်ရှိကြောင်း ကမ်းနီး ရေလုပ်သားတို့ထံမှ သိရသည်။