BREAKING
September 8, 2024

တောင်ပိုင်းစစ်ရှောင်များ၏ စိတ်ကျန်းမာရေး

July 23, 2024

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ငါးသောင်းကျော်ခန့်ရှိနေသည်။

တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်များမှာ အခြားဒေသများနှင့် မတူကြဘဲ စစ်ဘေးရှောင် စခန်းများတွင် အမြဲတမ်း စစ်ရှောင်အဖြစ် နေကြသူများရှိသလို နီးစပ်ရာ တောတောင်၊ ဥယျာဉ်ခြံများတွင် အစုလိုက် အစုလိုက် နေကြသည့် ယာယီစစ်ရှောင်များလည်း ရှိနေသည်။

စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်၊ လေကြာင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ဒေသခံများမှာ နေရပ်စွန့်ခွာကာ ထွက်ပြေးနေကြရသည်။

နေရပ်စွန့်ခွာသူများထဲမှာ အချို့မှာလည်း စစ်ကြောင်းပြန်ထွက်သွားချိန်၊ အပစ်ရပ်ချိန်များတွင် နေရပ်ပြန်ပြီး နေထိုင်လေ့ရှိကြသည်။

သို့သော်တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာချိန်တွင်တော့ အများစုမှာ နေရပ်ပြန်နိုင်ခြင်း မရှိကြတော့ဘဲ ရောက်ရှိရာ နေရာများတွင်ပင် ရေရှည်စစ်ဘေးတိမ်းရှောင် နေကြရသည်။

စစ်ရှောင်များတွင် နေအိမ်ဆုံးရှုံးသူ၊ မိသားစုနှင့်ကွဲကွာနရသူ၊ မိသားစုဝင် ဆုံးရှုံးသွားသူ၊ ပိုင်ဆိုင်မှုဆုံးရှုံးရသူ၊ သားသမီးများနှင့်သက်ကြီးမိဘဘိုးဘွားများတာဝန် ထမ်းနေရသူ စသဖြင့် အမျိုးမျိုးရှိနေကြသလို မတူညီသည့် စိတ်ဒဏ်ရာများဖြင့် ရှင်သန်နေကြရသည်။

အများစုမှာ အနာဂတ်ပျောက်ဆုံးမှု၊ စားဝတ်နေရေး ခက်ခဲမှု၊ ပညာရေး၊ ကျန်းမာရေး ချို့တဲ့မှု စသည်တို့ကြောင့် စိတ်ပျက်အားငယ်မှုများ ခံစားနေကြရသည်။

တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်များကို ရုပ်ပိုင်းဆိုင်ရာ အကူအညီပေးသည့် အဖွဲ့များရှိသော်လည်း စိတ်ပိုင်းဆိုင်ရာ အကူအညီပေးသည့် အဖွဲ့ဟူ၍ သီးသန့်မရှိဘဲ စစ်ဘေးရှောင်ကူညီရေး အဖွဲ့များကသာ နိုင်သလောက် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးမှုများ လုပ်ဆောင်နေကြကြောင်းတွေ့ရသည်။

စစ်ဘေးရှောင်များတွင် စိတ်ဒဏ်ရာရသူများ ပုံစံအမျိုးမျိုးဖြင့် ရှိနေကြပြီး စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသူများလည်း ရှိနေနိုင်သည်။

ယင်းကြောင့် တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် စိတ်ကျန်းမာရေးအတွက် တတ်နိုင်သလောက် ကူညီလုပ်ဆောင်နေသော စစ်ဘေးရှောင် ကူညီရေးအဖွဲ့အချို့မှ တာဝန်ခံများကို တွေ့ဆုံကာ စစ်ဘေးရှောင်များ၏ စိတ်ကျန်းမာရေးအခြေအနေများနှင့် ကူညီနေမှုအခြေအနေများကို မေးမြန်းဖော်ပြလိုက်ပါသည်။

“အားလုံးအလိုလိုက စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ လိုအပ်နေကြတဲ့ သူတွေများပါတယ်”

ယောနသံ (ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့)

DW ။ တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတာနဲ့အမျှ အမြဲတမ်း စစ်ဘေးရှောင်တွေရော ယာယီစစ်ဘေးရှောင်တွေရော ရှိလာတယ်ဆိုတော့ သူတို့စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ထင်ပါသလား။

ဖြေ ။ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေကတော့ လိုကိုလိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ရုပ်ဝတ္ထုတွေနဲ့ ဖြည့်ဆည်းလို့ရပေမယ့် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကျတော့ ရုပ်ဝတ္ထုပစ္စည်းအပြင် ထိတွေ့ကိုင်တွယ်လို့မရဘူးဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုတွေလည်း လိုအပ်ပါတယ်။ အခုလိုအခြေအနေမှာ အထူးသဖြင့် စစ်ဘေးဒဏ်ကို ကြုံတွေ့ခံစားနေရတဲ့ဒေသက ပြည်သူတွေမှာဆိုရင် အားလုံးအလိုလိုက စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ လိုအပ်နေကြတဲ့ သူတွေများပါတယ်။

DW ။ စစ်ဘေးရှောင်တွေမှာ ဘယ်လိုစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ရင်ဆိုင်နေရလဲ။ သူတို့ ဘယ်လိုအကြောင်းအရာလေးတွေကို ရင်လာဖွင့်လေ့ရှိလဲ။

ဖြေ ။ အများစုကတော့ လုပ်ကိုင်စားသောက်လို့အဆင်မပြေတာ။ စားဝတ်နေရေးအဆင်မပြေတာ။ ကျန်းမာရေးနဲ့ ကလေးငယ်တွေရဲ့ ပညာရေးအတွက် စိုးရိမ်ပူပင်ကြတာ ဒီလိုမျိုးအကြောင်းအရာလေးတွေကို ရင်ဖွင့်လေ့ရှိပါတယ်။

DW ။ အဲလို ရင်လာဖွင့်ရင် လာပြောပြရင် အကိုတို့ ဘယ်လို စိတ်ခွန်အားတွေ ပေးလေ့ရှိလဲ။ အဖွဲ့အနေနဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ ပေးနေတယ်လို့ သိရတော့ ဘယ်လိုပုံစံနဲ့ အကူအညီပေးနေတာလဲ။

ဖြေ ။ အမှန်တိုင်းပြောရရင် ကျွန်တော်တို့မှာ သူတို့ကိုအဓိက ကူညီပေးနိုင်တာဆိုလို့ စိတ်ပိုင်းဆိုင်ရာအရ နှစ်သိမ့်ပေးတာပဲ များပါတယ်။ ကျွန်တော်တို့ အများကြီး ပြန်ပြီး အကြံပြုတာ၊ နှစ်သိမ့်ပေးနိုင်တာမျိုး မလုပ်နိုင်ရင်တောင်မှ သူတို့ရင်ဖွင့်လာတာတွေကို ဂရုစိုက်နားထောင်ပေးဖြစ်ပါတယ်။ ပြီးတော့လည်း ဒီအခြေအနေတွေမှာ ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီရင်း တယောက်ရဲ့အားနည်းချက်ကို တစ်ယောက်ရဲ့ အားသာချက်နဲ့ ဖြည့်ပေးရင်း ရင်ဆိုင်ကျော်ဖြတ်နိုင်ကြဖို့ စိတ်ခွန်အားတွေ ပေးဖြစ်ပါတယ်။

သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စ၊ စားဝတ်နေရေးကိစ္စ၊ ပညာရေးကိစ္စတွေအနေနဲ့ကတော့ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနေတယ်ဆိုပေမယ့်လည်း ဖြည့်ဆည်းပေးနိုင်တဲ့ ပမာဏက သိပ်ကိုနည်းပါတယ်။ ဒီထက်ပိုစွမ်းဆောင်နိုင်ပြီး သူတို့ကိုရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုပေးနိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်။

DW ။ ဒေါန – တနင်္သာရီ စစ်ဘေးရှောင်အဖွဲ့ကို ဖွဲ့တာ အချိန် ဘယ်လောက်ကြာပြီလဲ။

ဖြေ ။ သုံးနှစ် ကျော်လာခဲ့ပါပြီ။

DW ။ စစ်ဘေးရှောင်မှာက လူလတ်ပိုင်း၊ သက်ကြီးရွယ်အိုနဲ့ ကလေးတွေဆိုပြီး ခွဲခြားလိုက်ရင် ဘယ်အုပ်စုတွေက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ပိုပြီးရင်ဆိုင်နေရလဲ။ အမျိုးသားနဲ့ အမျိုးသမီးဆိုရင်ကော ဘယ်သူပိုရင်ဆိုင်နေရလဲ။

ဖြေ ။ အများစုကတော့ လူလတ်ပိုင်းနဲ့ လူငယ်တွေလို့ပြောလို့ရပါတယ်။ ဘဝအပိုင်းအခြားကို ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း လူလတ်ပိုင်းအရွယ်တွေက မိသားစုဘဝနဲ့ လုပ်ကိုင်စီးပွားရေးတွေနဲ့ ဖြစ်တယ်။ ဒီလိုဘဝအခြေအနေမှာ အခုလိုခေတ်အခြေအနေနဲ့ ကြုံတွေ့တော့ မိသားစုဘဝတွေက ပျော်ရွှင်ရချိန်နည်းတယ်။ စီးပွားရေးတွေလည်း လွတ်လွတ်လပ်လပ်နဲ့ လုပ်ကိုင်စားသောက်လို့မရဘူး။ လူငယ်တွေကျတော့လည်း အညွန့်တလူလူနဲ့ ဘဝကိုထိုးဖောက်နေတဲ့အချိန်ဖြစ်တယ်လေ။ ဒီလိုအချိန်မှာ စိတ်ကူးအိပ်မက်တွေအားလုံး ရိုက်ချိုးခံလိုက်ရတော့ စိတ်ပိုင်းဆိုင်ရာမှာ ကြေကွဲခံစားကြရတယ်ပေါ့ဗျာ။ သက်ကြီးရွယ်အိုတွေမှာကျတော့ အများစုက စိတ်ကိုလျှော့လိုက်ကြတာကို တွေ့ရများတယ်။ ကံပါပဲလေ။ ငါတို့မှာက အချိန်တွေအများကြီးမရှိတော့ပါဘူး၊ ဖြစ်လာရင်လဲ ဘယ်တတ်နိုင်ပါ့မလဲ စသဖြင့်ပေါ့။

DW ။ စစ်ဘေးရှောင်တွေကို စိတ်ပိုင်းဆိုင်ရာ ကူညီမှုပေးနေတဲ့ အဖွဲ့တွေ၊ တစ်ဦးချင်းကူညီနေသူတွေ ရှိတာတွေ့ရလား။ ရှိရင်ကော လုံလောက်ရဲ့လား။

ဖြေ ။ စိတ်ပိုင်းဆိုင်ရာ ကူညီမှုပေးနေတဲ့အဖွဲ့၊ လူပုဂ္ဂိုလ်ရယ်လို့တော့ သီးသန့်မတွေ့ရဘူး။ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ ပရဟိတအဖွဲ့အစည်းတွေ၊ CSOs နဲ့ NGO စတဲ့ အစုအဖွဲ့တွေအနေနဲ့လည်း စစ်ဘေးရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရင်း စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကိုပါ နှစ်သိမ့်အားပေးနေကြတာ တွေ့ရပါတယ်။

DW ။ တိုင်းထဲမှာ စစ်ဘေးရှောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအတွက် ကူညီပေးမယ့် သူ၊ အဖွဲ့အစည်းတွေလိုအပ်နေတယ်လို့ ထင်ပါသလား။

ဖြေ ။ သူတို့ရဲ့ စိတ်ကျန်းမာရေးကို ဒုံးဒုံးမကျသွားဖို့ ကျွန်တော်တို့ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာတွေကို သေချာဂရုစိုက်နားထောင်ရင်း အလေးထား ဆောင်ရွက်ပေးဖို့တော့ လိုအပ်တယ်လို့ ယူဆမိပါတယ်။

DW ။ စစ်ရှောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေပေးရာမှာ ထိထိရောက်ရောက်ဖြစ်ဖို့ဆိုရင် ဘာတွေ အဓိကလိုအပ်မယ်ထင်လဲ။

ဖြေ ။ အဓိကအားဖြင့်ကတော့ ပထမဦးဆုံးအနေနဲ့ သူတို့ဘယ်လိုအကြောင်းအရာတွေကို ဘာကြောင့်ခံစားနေကြရလဲဆိုတဲ့ အရင်းမြစ်ကို သိဖို့လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်ဆိုတာသိရမှ ဘယ်လိုလုပ်ပေးရမလဲဆိုပြီး ဆက်လုပ်ရမှာဆိုတော့လေ။ ဒီတော့ စစ်ဘေးရှောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေကို ထိထိရောက်ရောက် ကူညီပံ့ပိုးပေးနိုင်ဖို့ဆိုရင် အရင်းခံကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းသိမြင်ဖို့ အဓိကလိုအပ်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“အိမ်မှာ ဦးစီးဦးဆောင်လုပ်နေတဲ့သူတွေ ရင်လာဖွင့်ကြတာများတယ်။ သူတိုက စိတ်ညစ်ပြီး ပူပင်စိုးရိမ်မှုတွေ ပိုများကြတယ်”

နွေဦးမေတ္တာ စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့၏ အမျိုးသမီး အဖွဲ့ဝင်တစ်ဦး (တနင်္သာရီ)

DW ။ တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတာနဲ့အမျှ အမြဲတမ်း စစ်ဘေးရှောင်တွေရော ယာယီစစ်ဘေးရှောင်တွေရော ရှိလာတယ်ဆိုတော့ သူတို့စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ ပေးဖို့ လိုအပ်နေတယ်လို့ ထင်ပါသလား။

ဖြေ ။ ကျွန်မတို့ဘက်မှာ အမြဲတမ်း စစ်ရှောင်တွေရှိနေကြတယ်။ ဘန်းလမွတ်ဘက်က လာတဲ့သူတွေများတယ်။ ကျွန်မတို့ သူတို့နဲ့ တစ်လတစ်ကြိမ်လောက် အမြဲတွေ့ဖြစ်တယ်။ တွေ့တဲ့အချိန်တိုင်းက သူတို့က စားဝတ်နေရေးတွေ အဆင်မပြေကြဘူးလေ။ ဒါနဲ့ပတ်သက်ပြီးတော့ စိတ်ညစ်နေကြတာမျိုးဆိုတော့ အမြဲ လိုအပ်မှုတွေ ရှိနေကြတယ်။ နောက်ထပ်က စစ်ဘေးရှောင်မှမဟုတ်ပါဘူး။ ဒီမှာ နေနေတဲ့သူတွေအကုန်လုံးက ပူဆွေးသောကရောက်နေကြတာပဲ။ စားဝတ်နေရေးအတွက် ပူပင်နေရတဲ့အချိန် လေကြောင်းအန္တရာယ်လည်း ပူနေရ လက်နက်ကြီးကိုလည်း ကြောက်ရတဲ့အချိန်ဆို စိတ်ပိုင်းဆိုင်ရာအကုန် ထိရှနေကြတာပဲ။

DW ။ စစ်ဘေးရှောင်တွေမှာ ဘယ်လိုစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ရင်ဆိုင်နေရလဲ။ သူတို့ ဘယ်လိုအကြောင်းအရာတွေကို စိတ်ထိခိုက်မှု ပိုများကြသလဲ။

ဖြေ ။ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လာရင် ထိခိုက်နေကြတာက စားဝတ်နေရေးက အဓိက ဖြစ်နေကြတယ်။ ရိက္ခာတွေ မလုံလောက်ကြဘူးဆိုတော့ အမြဲငြီးတွားကြ စိတ်ညစ်နေကြတယ်။ ကျွန်မတို့ ဆန်ဆိုလည်း ပေးနိုင်လည်း တစ်ပတ်စာပေါ့။ နောက်တစ်ခုက လေကြောင်းက ဗုံးတွေ လာလာကြဲနေတော့ လေကြောင်းဒဏ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ သောကတွေ အမြဲရှိကြတယ်။ နောက်ထပ် ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ငြီးတွားကြတယ်။ ဒါပေမဲ့ ကျွန်မတို့က ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လာရင် ကူညီပေးလို့ရတယ်လေ။ နာတာရှည်တွေ ပါလာတဲ့ မိသားစုတွေဆိုရင် ပိုစိုးရိမ်ကြတယ်ပေါ့။ လုံလောက်တဲ့ ဆေးဝါးတွေလည်း လွယ်လွယ်ရှာလို့ မရကြတော့ သူတို့ ပိုပြီး ဂရုစိုက်ပြီး နေနေကြရတယ်။ အဲတော့ အသက်ကြီးပိုင်းတွေက စိုးရိမ်မှုတွေ ပိုရှိမယ်ထင်တယ်။ သူတို့ရဲ့ ကျန်းမာရေး အနေအထားတွေကြောင့်ပေါ့။ ကျန်းမာရေးမကောင်းတဲ့အထဲမှာ အခုချိန်ဆို လေကြောင်းကလည်း လာနေကြတယ်ဆိုတော့ သူတို့က စိုးရိမ်စိတ်ပိုများကြမယ်ပေါ့။

ကလေးပညာရေးနဲ့ ပတ်သက်ရင် ဒီဘက်မှာ ကျောင်းတွေ (NUG) ဖွင့်ထားတယ်ဆိုတော့ စစ်ဘေးရှောင်တွေက တက်လို့ရနေကြတယ်။ ဒါပေမဲ့ လေကြောင်းရန်ကြောင့် လေယာဉ်တက်လာတယ်ကြားရင် ကျောင်းတွေ ပိတ်လိုက်နဲ့ ပြန်ဖွင့်လိုက်နဲ့ မငြိမ်ကြဘူး။

DW ။ အဲလို ရင်လာဖွင့်ရင် လာပြောပြရင် အမတို့ ဘယ်လိုနှစ်သိမ့်ပေးလေ့ရှိလဲ။ ဘယ်လို စိတ်ခွန်အားတွေ ပေးလေ့ရှိလဲ။ အဖွဲ့အနေနဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ ပေးနေတယ်လို့ သိရတော့ ဘယ်လိုပုံစံနဲ့ အကူအညီပေးနေတာလဲ။

ဖြေ ။ ကျွန်မတို့ သူတို့နဲ့ တစ်လတစ်ကြိမ် အမြဲတမ်းစစ်ရှောင်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပေးဝေနေတာမျိုးရှိတယ်။ အဲအချိန် ရင်ဖွင့်တာ ပြောပြပေးတာမျိုးတွေရှိတာပေါ့။ သူတို့စားဝတ်နေရေးကတော့ ကျွန်မတို့ စစ်ရှောင်စခန်းကပေးတဲ့ ရိက္ခာတွေနဲ့လည်း မလုံလောက်ကြဘူး။ ဆိုတော့ သူတို့ပတ်ဝန်းကျင်မှာ အခငှားလေးတွေ လိုက်လုပ်ကြတယ်။ တကယ်လို့ နီးစပ်ရာ အလုပ်လုပ်နိုင်တဲ့သူတွေလိုမျိုးဆိုရင် တောရှင်း၊ မြေခုတ် အဲလိုအလုပ်တွေ လုပ်ဖို့ ရှာပေးဖြစ်တယ်။ မုန့်လုပ်တတ်ရင်လည်း မုန့်လုပ်ပြီး ဈေးတွေမှာရောင်းကြဖို့ စိတ်ညစ်မခံရအောင် အကြံပေးဖြစ်တယ်။ တကယ် အကူအညီတွေလိုအပ်ရင် အဖွဲ့နဲ့ ထပ်ဆက်သွယ်ဖို့ အမြဲဆက်သွယ်ဖို့ ပြောပြရတယ်။ သူတို့ ကျန်းမာရေးအစပေါ့။ အဖွဲ့မှာက ဆရာဝန်ရှိတယ်ဆိုတော့ ဆရာဝန်နဲ့ အနီးကပ်စောင့်ရှောက်ပေးလို့ရတယ်။ ဆေးဖိုးဆိုရင်လည်း အရင်က သူတို့ ဈေးကြီးပေးဝယ်နေရတယ်ဆိုရင် ကျွန်မတို့နဲ့ အဆက်အသွယ်ရတဲ့အချိန် တအား မကုန်တော့ဘူး။ ဒီလိုအပိုင်းတွေနဲ့ ကျွန်မတို့ နှစ်သိမ့်ပေးကြတယ်။ တကယ်လို့ ဆရာဝန်မရှိတဲ့ ပတ်ဝန်းကျင်တွေကျတော့ ကူညီပေးနေတဲ့သူတွေကနေတစ်ဆင့် စိတ်ခွန်အားတွေ အကူအညီတွေ ပေးနေရတယ်။ ဒါဆို သူတို့လည်း စိတ်ကျေနပ်မှုရတယ် စိတ်ချမ်းသာတဲ့ပုံစံမျိုးတော့တွေ့ရတယ်။ သူတို့စိတ်ထဲ ကျေနပ်မှုလေးတစ်ခုတော့ ရသွားတာပေါ့။

ဒီတော့ သူတို့နဲ့ ကျွန်မတို့အဖွဲ့နဲ့ တွေ့တဲ့အချိန်ဆို အားတင်းထားပေါ့၊ စိတ်ဓါတ်မကျနဲ့၊ တကယ်လို့ အခက်အခဲဖြစ်လာရင်လည်း အဖွဲ့အစည်းဆီ လှမ်းအကြောင်းကြားပေါ့။ အဲလိုအမြဲပြောပေးဖြစ်တယ်။

DW ။ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး ဘယ်အချိန်ကနေ စလုပ်ဖြစ်တာလဲ။

ဖြေ ။ ၂၀၂၂ သုံးလပိုင်းကတည်းပေါ့ နှစ်နှစ်ကျော်ပြီ။ စစ်ဘေးရှောင်တွေကိုကူညီရင်း သူတို့ကို အားပေးရင်း လုပ်နေရတာပေါ့။

DW ။ စစ်ဘေးရှောင်မှာက လူလတ်ပိုင်း၊ သက်ကြီးရွယ်အိုနဲ့ ကလေးတွေဆိုပြီး ခွဲခြားလိုက်ရင် ဘယ်အုပ်စုတွေက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ပိုပြီးရင်ဆိုင်နေရလဲ။ အမျိုးသားနဲ့ အမျိုးသမီးဆိုရင်ကော ဘယ်သူပိုရင်ဆိုင်နေရလဲ။

ဖြေ ။ လာပြောပြတာ ရင်လာဖွင့်တာမျိုးဆို လူလတ်ပိုင်းတွေက ပိုများတယ်။ ဘာကြောင့်လဲဆို သူတို့က ကလေးတွေရော လူကြီးတွေရောကို ထိန်းနေရတဲ့ အခြေအနေမျိုးဖြစ်နေတယ်။ လူလတ်ပိုင်းစားဆိုတော့ ၄၀ – ၅၀ ဝန်းကျင်တွေပေါ့။ အိမ်မှာ ဦးစီးဦးဆောင်လုပ်နေတဲ့သူတွေ ရင်လာဖွင့်ကြတာများတယ်။ သူတိုက စိတ်ညစ်ပြီး ပူပင်စိုးရိမ်မှုတွေ ပိုများကြတယ်။ သူတို့ သားသမီးပညာရေးအတွက်လည်းပါတယ်။ ပညာလည်း လွတ်လွတ်လပ်လပ် မသင်ကြရဘူးလေ။ အချို့ကျောင်းတွေက ပံ့ပိုးပေးရမယ့် ငွေတွေလည်း ရှိကြတယ်လေ။ သူတို့ ပံ့ပိုးငွေတွေ မပေးနိုင်ဘူးဆိုရင် အတန်းပညာထားလို့ရမလားပေါ့။ ဒီလိုမျိုး အခက်အခဲတွေလည်း တစ်စိတ်တစ်ပိုင်းပါနေကြတယ်။

DW ။ စစ်ဘေးရှောင်တွေကို စိတ်ပိုင်းဆိုင်ရာ ကူညီမှုပေးနေတဲ့ အဖွဲ့တွေ၊ တစ်ဦးချင်းကူညီနေသူတွေ ရှိတာတွေ့ရလား။

ဖြေ ။ တနင်္သာရီဘက်မှာကျတော့ အဖွဲ့ကြီး နှစ်ဖွဲ့ရှိတယ်ပေါ့နော်။ ပဝဘက်မှာက တွဲလက်ညီညီကတစ်ဖွဲ့နဲ့ ကျွန်မတို့ နွေဦးမေတ္တာကတစ်ဖွဲ့ပေါ့။ ကျွန်မတို့က စစ်ဘေးရှောင်တွေကို လိုက်ကူညီရင် အဖွဲ့လိုက်ပဲ သွားပါတယ်။ စိတ်ကျန်းမာရေးအတွက်ဆိုပြီး သီးသန့်မျိုး တစ်ဦးချင်း လိုက်ပြီး ကူညီပေးနေတာမျိုးတော့ သိပ်မရှိဘူး။ ထိုင်းတို့ နိုင်ငံခြားတို့ဘက်က (တနင်္သာရီဘက်က) လူနာတွေနဲ့ ထိတွေ့ပြီးတော့ အဖွဲ့တွေဆီပဲ ချိတ်ဆက်ပေးတာများတယ်။ ဒီမှာ တစ်ဦးချင်း သွားနေတာမျိုးတော့ သိပ်မတွေ့ရဘူး။

DW ။ လက်ရှိ ရှိနေတဲ့ အဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေကို စိတ်ကျန်းမာရေးအတွက် ကူညီပေးနေတာ လုံလောက်မှုရှိလား။

ဖြေ ။ မလုံလောက်သေးပါဘူးရှင်။ တနင်္သာရီဘက်မှာ ကျွန်မတို့ နှစ်ဖွဲ့က မားမားမတ်မတ်လုပ်နေတဲ့အဖွဲ့တွေပါပဲ။ ကျွန်မတို့ဆီမှာ စစ်ရှောင် ၂၈၀ ကျော်က လစဉ်ရှိတယ်။ အဲဆိုတော့ လူတိုင်းရဲ့ စားဝတ်နေရေးကို တွက်နေကြတာပဲ။ ဒီတော့ တစ်ဦးချင်းရဲ့ စားဝတ်နေရေးကို အနောက်က လှူဒါန်းသူတွေ (Donor) တွေက မားမားမတ်မတ်ရှိနေရင် နှစ်ဖွဲ့တည်းနဲ့ လုံလောက်တယ်ပေါ့။ ဒါကြောင့် အနောက်က ပံ့ပိုးပေးနိုင်ရင် ဒီနှစ်ဖွဲ့က လုံလောက်တယ်လို့ ပြောလို့ရတယ်။ ဒီတော့သူတို့အတွက် လုံလောက်မှုရှိနေရင် သူတို့ စိတ်ခံစားနေရတာ နည်းနည်းတော့ သက်သာလာမယ်ထင်ရတာပဲ။

လက်ရှိကတော့ သူတို့စားဝတ်နေရေးအတွက်‌လည်း ပူနေရ လေကြောင်းကိုလည်း ကြောက်ရ လက်နက်ကြီးလည်း ကြောက်နေရတာဆိုတော့ ကိုယ့်အဖွဲ့ကလည်း လုံလုံလောက်လောက် ပံ့ပိုးမှု မပေးနိုင်ဘူးဆိုတော့ အားရကျေနပ်မှု မရှိပါဘူး။

DW ။ တိုင်းထဲမှာ စစ်ဘေးရှောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအတွက် ကူညီပေးမယ့် သူ၊ အဖွဲ့အစည်းတွေ လိုအပ်နေတယ်လို့ ထင်ပါသလား။

ဖြေ ။ များများပေးနိုင်လေ ပိုကောင်းလေပေါ့နော်။ အဖွဲ့များလေ ပိုကောင်းလေ။ ဘာကြောင့်လဲဆို တစ်ဖွဲ့တည်းက တစ်ပတ်စာလောက်ပဲ ပေးနိုင်မယ်ဆို ကျန်တဲ့အဖွဲ့တွေ များလာရင် သူတို့အတွက် ဖူလုံမှုတွေ ပိုရလာတယ်လေ။ ဖူလုံလာရင် သူတို့စိတ်ပူနေတာ စိုးရိမ်နေတာ စိတ်ဓါတ်ကျနေတာတွေ အနည်းနဲ့အများတော့ လျော့လာမယ်လို့ ထင်တယ်။

DW ။ စစ်ရှောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေပေးရာမှာ ထိထိရောက်ရောက်ဖြစ်ဖို့ဆိုရင် ဘာတွေ အဓိကလိုအပ်မယ်ထင်လဲ။

ဖြေ ။ အဓိက ဆန်ဆီဆေးဆား လုံလောက်မှုပဲထင်တယ်။ အဓိက သူတို့လိုအပ်တဲ့ ရိက္ခာတွေပေါ့။

DW ။ စစ်ဘေးရှောင်တွေ လက်ရှိ ဘယ်လို နေနေကြလဲ။

ဖြေ ။ ကျွန်မတို့ ဘက်ခြမ်းမှာဆို (တနင်္သာရီဘက်) စစ်ရှောင်စခန်းဆိုပြီး သီးသန့်မရှိဘူးပေါ့နော်။ သူတို့ ရင်းနှီးရာ အိမ်တွေမှာပဲ နေကြတာများတယ်။ အချို့ဘုန်းကြီးကျောင်းတွေမှာ နေကြတယ်။ ပဝဘက်မှာတော့ စစ်ရှောင်စခန်းရှိတယ်လို့တော့‌ ပြောတယ်။

DW ။ လက်ရှိ စစ်ဘေးရှောင်တွေက အချိန်ကြာလာတာနဲ့အမျှ ဒီကာလမှာ ဘယ်လို အားတင်းရင်ဆိုင်နေကြလဲ။

ဖြေ ။ ဒီလိုပဲ့ပေါ့ရှင်။ တော်လှန်ရေးကလည်း အောင်မြင်ချင်နေကြပြီ။ ဒီကာလမှာ အချို့မိသားစုတွေကလည်း ကွဲကွဲပြားပြားတွေ ဖြစ်နေကြတယ်။ စစ်ရှောင်ဆိုတဲ့ဘဝက သူတို့အိမ် သူတို့ရွာကိုလည်း မပြန်နိုင်ကြဘူး။ အဓိက သူတို့ စားဝတ်နေရေးသာ လုံလောက်နေမယ်ဆိုရင် ဒီတော်လှန်ရေးကာလမှာ အားတင်းထားနိုင်ကြမှာပဲ။ စားဝတ်နေရေးက ကပ်ရက် ကပ်ရက်ပါနေမှာပဲ။ ထမင်းကို ကြက်သားဟင်းနဲ့ တစ်နပ်လောက်စားလိုက် ကျန် ၂၃ ရက်ကို ဗလာနဲ့စား ငပိဖုတ်နဲ့စား အဲလိုပုံစံမျိုး သွားနေကြရတာ။ ကိုယ်စားချင်တာ အပြည့်အဝမရကြဘူး။ ဒါကြောင့် သူတို့ စိတ်ခံစားချက် အတက်အကျက စားဝတ်နေရေးကြောင့်ပဲပေါ့။ စားဝတ်နေ‌ရေး အဆင်ပြေရင် စိတ်ကျန်းမာရေးက နည်းနည်းသက်သာမှာပဲ။ ဒီကြားထဲ လေကြောင်းရန် လက်နက်ကြီးရန် ကျန်သေးတယ်။ အဲလို အားတင်းပြီး နေနေကြရတာပဲ။

DW ။ ကျေးဇူးတင်ပါတယ်။