BREAKING
October 18, 2024

ရေဖြူတွင် ခွေးရူးပြန်ရောဂါကြောင့် ကလေးငယ်တစ်ဦးနှင့်အမျိုးသမီးတစ်ဦးသေဆုံး

July 23, 2024

ရေဖြူမြို့နယ်တွင် ဇူလိုင်လ ၁၂ ရက်နှင့် ၂၂ ရက်တို့တွင် ခွေးရူးပြန်ရောဂါဖြင့် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ကျန်းမာရေးဝန်ထမ်းများ၊ သေဆုံးသည့်ကာယကံရှင်မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းက ထားဝယ်ဆေးရုံကြီးတွင် ခွေးရူးပြန်ရောဂါကြောင့် ဆေးကုသမှုခံနေရသည့် ကလိန်အောင် မြို့က အသက် ၄၀ ကျော်အမျိုးသမီးသေဆုံးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းအမျိုးသမီးသည် ပြီးခဲ့သည့် မေလခန့်က ၎င်း၏အိမ်ရှိကြောင် ခွေးကိုက်ခံရသည့်အနာကို ဆေးထည့်ပေးစဉ် ကြောင်က ၎င်းအား ပြန်ကိုက်ခဲ့ပြီး ကာကွယ်ဆေးမထိုးဘဲ နေခဲ့ရာမှ တစ်လအကြာတွင် ခွေးရူးပြန်ရောဂါလက္ခဏာများ ပြလာခြင်း ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူက ဆိုသည်။

“သူနေရာမှာ ကိုယ်ဆိုလည်း ကြောင်ကတစ်ဆင့်ဖြစ်တာဆိုတော့ ဆေးထိုးဖို့ သတိထားမိမှာ မဟုတ်ဘူး။ အခုက ရောဂါ လက္ခဏာ ပြင်းသွားပြီး အသက်ပါဆုံးသွားတယ်။ အသုဘကိုတော့ ထားဝယ်မှာပဲလုပ်မယ်” ဟု ၎င်းက ပြောဆိုသည်။

အလားတူ ဇူလိုင်လ ၁၂ ရက်တွင် ကံပေါက်တိုက်နယ်ဆေးရုံမှတစ်ဆင့် ထားဝယ်ဆေးရုံသို့ ခွေးရူးပြန်လက္ခဏာဖြင့် လွှဲလိုက်သည့် ကျွဲသုံးညီမရွာကအသက် ၉နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း သေဆုံးသွားကြောင်း ကျန်းမာရေးဝန်ထမ်း အသိုင်းအဝိုင်းထံမှ သိရသည်။

ယင်းကလေးငယ်သည် လွန်ခဲ့သည့် တစ်နှစ်ခန့်က ခွေးကိုက်ခံရပြီးနောက် ကာကွယ်ဆေးသုံးကြိမ်ထိုးခဲ့သော်လည်း တစ်နှစ်အကြာတွင် ခွေးရူးပြန်လက္ခဏာများ ပေါ်လာခဲ့ကြောင်း ဖြစ်စဉ်အားသိရှိသည့် ကံပေါက်ဒေသခံ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။

“ခွေးကိုက်ရင် အနည်းဆုံး ဆေးလေးကြိမ်ထိုးရတယ်။ ဒဏ်ရာကကြီးပြီး အနာသွေးထွက် များရင်များသလို မွမ်းမံ ဆေးထိုးရတယ်။ အခုဖြစ်တဲ့ကလေးမှာက ဒဏ်ရာက လက်မှာ များပါတယ်။ ဒါပေမဲ့ ထိုးထားတာ ဆေးက အကြိမ်ရေ မပြည့်ဘူးဆိုတော့ အာနိသင်မရှိသလို ဖြစ်သွားတယ်” ဟု ၎င်းက ရှင်းပြသည်။

ပြီးခဲ့သည့်နှစ်ကလည်း ကံပေါက်ဒေသတွင် ခွေးရူး‌ရောဂါဖြင့် သေဆုံးသူတစ်ဦးရှိခဲ့ပြီး ထားဝယ်ဆေးရုံတွင်လည်း ယခုလက်ရှိ ခွေးရူးပြန်လက္ခဏာဖြင့် ဆေးကုသနေရသူ နှစ်ဦးထက်မနည်းရှိနေကြောင်း ဆေးရုံသို့ လူနာမေးသွားခဲ့သည့် ကလိန်အောင်ဒေသခံတစ်ဦးကပြောသည်။

ခွေးရူးပြန်ရောဂါသည် ခွေး၊ ကြောင်စသည့် တိရစ္ဆာန်များ အကိုက်ခံရရာမှတစ်ဆင့်ကူးစက်ခံရပြီး အသက်ဆုံးရှုံးနိုင်သည် အထိ ပြင်းထန်သည့် ရောဂါဖြစ်သော်လည်း ကာကွယ်ဆေးထိုး၍ ကာကွယ်နိုင်သည့်ရောဂါဖြစ်သည်။ ထို့ကြောင့် ခွေးအကိုက်ခံရပါက ကာကွယ်ဆေး မဖြစ်မနေထိုးသင့်ကြောင်း ကျန်းမာရေးအသိုင်းအဝန်းက တိုက်တွန်းသည်။