BREAKING
September 8, 2024

ကလိန်အောင်-ကံပေါက်လမ်းပိုင်းတွင် မောရဝတီရေတပ်အရာရှိလိုက်လာသည့်ကား မိုင်းဆွဲခံရ

July 23, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ရွာနှင့် ကလိန်အောင်မြို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်းရှိ ဂန့်ဂေါတောင်ရွာအနီးတွင် မောရဝတီရေတပ်က အရာရှိလိုက်ပါလာသည့် ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဇူလိုင်လ၂၂ ရက်တွင် သတင်းထုတ်ပြန်သည် ။

ဇူလိုင်လ ၁၇ ရက် နံနက် ၃ နာရီဝန်းကျင်တွင် ကံပေါက်ဘက်မှ ကလိန်အောင်ဘက်သို့ လာသည့် ပရာဒိုအမျိုးအစား ကားကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ယင်းကားသည် ကလိန်အောင်မြို့တွင်နေထိုင်သည့် စရဖတစ်ဦး၏ ကားဖြစ်ပြီး မောရဝတီရေတပ်မှအရာရှိ၊ တပ်ကြပ် အပါအဝင် အမျိုးသားလေးဦး၊အမျိုးသမီးတစ်ဦးတို့ လိုက်ပါလာကြောင်း တိုက်ခိုက်မှုတွင် ပါဝင်သည့် ရဲဘော်တစ်ဦးက ပြောသည်။

စားသောက်ဆိုင်တစ်ခုမှ ပြန်လာစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်ပါသူ တစ်ဦးသေဆုံးကာ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားရာတွင်လည်း တစ်ဦးထပ်သေဆုံးကြောင်း တိုက်ခိုက်သည့်ပူးပေါင်းအဖွဲ့တွင်ပါဝင်သည့် ဝေဟင်တပ်ဖွဲ့က ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်ဖြူဖွေးက ဆိုသည်။

ယင်းအပြင် ကားပေါ်လိုက်ပါလာသည့် ကျန်သုံးဦးအနက် နှစ်ဦးမှာလည်း ဒဏ်ရာရကြောင်းလည်း ၎င်းက ပြောဆိုသည်။

ကားမှာ ပစ်ခတ်တိုက်ခိုက်ခံရသည့်နေရာတွင် ကျန်ရစ်ခဲ့ပြီး သုံးဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။

အဆိုပါ ထိခိုက်သေဆုံးဒဏ်ရာရမှုတို့နှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပစ်ခတ်မှုဖြစ်ပြီးနောက် မောရဝတီရေတပ်က စစ်ကားနှစ်စီးရောက်လာပြီး ကလိန်အောင် – ကံပေါက်လမ်းပိုင်းကို ဇူလိုင်လ ၁၇ ရက် နံနက် ‌၉ နာရီဝန်းကျင်အထိ ပိတ်ထားခဲ့ကြောင်း ယင်းလမ်းပိုင်းက ဖြတ်သန်းသွာလာသည့် ယာဉ်မောင်းများထံမှ သိရသည်။

“မနက်ပိုင်း ဘယ်ယာဉ်မှ ပေးမဖြတ်ဘဲ ပိတ်ထားလိုက်တယ်။ အဲဒီနေ့ (ဇူလိုင် ၁၇) စောစော မိုင်းဆွဲခံရတယ်လို့ပြောတယ်။ လမ်းပိတ်နေလို့ ဘေးတွဲဈေးသည်တွေဆို အကုန်လှည့်ပြန်သွားကြတယ်” ဟု ကံပေါက်ဒေသခံ ယာဉ်မောင်းတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က မိုင်းဆွဲခံရမှုအပြီး ကံပေါက်ရွာ ရေကန်တောင်ပေါ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ သလို ကားတိုက်ခိုက်ခံရသည့် နေရာတွင်လည်း စစ်ကောင်စီတပ်က နှစ်ရက်ကြာ ကင်းပုန်းဝပ်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ယင်းပစ်ခတ်တိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း တပ်ခွဲ (၆) ဝေဟင်တပ်ဖွဲ့၊ တပ်ခွဲ့ (၇) DDT တပ်ဖွဲ့ ၊ ကလိန်အောင် ရွှေဘီလုံးတပ်ဖွဲ့နှင့် ကော်သူးလေတပ်မတော်တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ယင်းလမ်းပိုင်းအပြင် ပြည်ထောင်စုလမ်းမပေါ်တွင် ဖြတ်သန်းသွားလာခြင်း မပြုကြရန်လည်း သတိပေးထားကြောင်း တော်လှန်ရေးတပ်ဖွဲ့တို့၏ပူးပေါင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျန်းမာရေးကိစ္စကလွဲပြီး အချိန်မတော်သွားလာတာ ဆင်ခြင်ပေးဖို့သတိပေးပါတယ်။ အမှားအယွင်းဖြစ်ခဲ့ရင် နစ်နာတာက ပြည်သူတွေရော တော်လှန်ရေးအဖွဲ့တွေရော နစ်နာကြပါတယ်” ဟု ရဲဘော်ဖြူဖွေးက ပြောသည်။

ကလိန်အောင် – ကံပေါက်လမ်းပိုင်းတွင် မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများရှိသည့် ဂန့်ဂေါ်တောင်ဂိတ်ရှိပြီး ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ပွားတိုင်း လမ်းပိတ်ချလေ့ရှိကြောင်း ဒေသခံတို့ထံကသိရသည်။