BREAKING
February 26, 2025

ဘန်ကောက်တွင် ယနေ့ညနေ မိုးရေထဲဆန္ဒပြ

July 23, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လက်ရှိထိုင်းနိုင်ငံရေး အခြေအနေနှင့် ပက်သက်၍ တက်ကြွလှုပ်ရှားသူများနှင့် Move Forward ပါတီထောက်ခံသူများက ယနေ့ (ဇူလိုင် ၂၃) ညနေပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။

ညနေ ၅ နာရီအချိန်မှစ၍ Asoke လမ်းဆုံတွင် ဆန္ဒပြသူများက မိုးရေထဲ စုဝေးခဲ့ကြပြီး အနက်ရောင်ဝတ်စုံ စတင်ဝတ်ဆင်ကာ ပြည်သူများ၏ မပျော်ရွှင်မှု မကျေနပ်မှုများကို နည်းအမျိုးမျိုးဖြင့် ဖော်ပြကြရန် ကြွေးကြော်ခဲ့ကြောင်း ဖော်ပြထားသည်။

ညပိုင်းတွင် ထိုင်းအက္ခရာတစ်ခုဖြစ်သော “ค” (ခ) ကို သရုပ်ဖော်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ค” ကို ဝန်ကြီးချုပ်ပရာယွတ်လက်ထက် ကတည်းက လူသုံးများသော စကားလုံးဖြစ်ပြီး “ခွေ” (ထိုင်းအသံထွက်) ၏ အတိုကောက်ဖြစ်ကာ မြန်မာအဓိပ္ပာယ်အရ ဆဲဆိုသော စကားလုံးဖြစ်ကြောင်း ထိုင်းနိုင်ငံသူတစ်ဦးက ဆိုသည်။

ဆန္ဒပြသောအချိန်တွင် ဆန္ဒပြသူများအနီး ရဲတပ်ဖွဲ့အနည်းငယ်သာ တွေ့ရှိရပြီး ဦးဆောင်သူများက ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့သို့ အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

iTV ရှယ်ယာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အခြေခံဥပဒေခုံရုံးက Move Forward ပါတီခေါင်းဆောင် ပီထာကို လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခဲ့ပြီး ဒုတိယအကြိမ် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းချိန်တွင်လည်း အထက်လွှတ်တော်အမတ်များနှင့် အတိုက်အခံပါတီများက ကန့်ကွက်ခဲ့ကြသည်။

အဆိုပါလုပ်ရပ်များကို ထိုင်းပြည်သူများက စိတ်ပျက်ဒေါသထွက်ခဲ့ကြပြီး ဆန္ဒပြပွဲများ ဆက်တိုက်ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

Ref: Matichon Online, Khaosod English, Thai Enquirer