ထိုင်းတွင် ညွန့်ပေါင်းပါတီအဖွဲ့ဝင် ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ သမီး၏ပါတီ Pheu Thaiနှင့် စစ်တပ်ကျောထောက် နောက်ခံပြုထားသော ဒုဝန်ကြီးချုပ် ပရာဝတ်၏ Palang Pracharath ပါတီ၏ ယနေ့ ညနေပိုင်း ဆွေးနွေးပွဲတွင် ထိုင်းတက်ကြွလှုပ်ရှားလူငယ်များက ဆန့်ကျင်ဆန္ဒပြကြကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဆန္ဒပြလူငယ်များသည် Pheu Thai ပါတီရုံးခန်းရှေ့တွင် ပေါင်ဒါမှုန့်ကဲ့သို့သော အမှုန့်များကို ပစ်ပေါက်ခဲ့ပြီး ဆွေးနွေးပွဲလာသော Palang Pracharath ပါတီ၏ လွှတ်တော်အမတ် Thammanat Prompao ကိုလည်း ပစ်ပေါက်ရန် ကြိုးစားခဲ့ကြောင်း ရေးသားထားသည်။
ယင်းသို့ဆန္ဒပြမှုကြောင့် နှစ်ပါတီဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့ရကြောင်း ဖော်ပြသည်။








ညွန်းပေါင်းအဖွဲ့ဝင် Pheu Thai ပါတီက စစ်တပ်ပါတီများဖြစ်သော ပရာယွတ်၏ United Thai Nation ပါတီနှင့် ပရာဝတ်၏ Palang Pracharath ပါတီတို့နှင့် ပူးပေါင်းဆောင်ရွက်နေခြင်းကို ဆန္ဒပြလူငယ်များက မေးခွန်းထုတ်၍ ဆန္ဒပြန်ကန့်ကွက်ကြခြင်း ဖြစ်သည်။
Move Forward ပါတီခေါင်းဆောင် ပီထာ ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ပါဝင်ရွေးကောက်ခံခွင့်မရှိတော့သဖြင့် ရွေးကောက်ပွဲတွင် ဒုတိယအနိုင်ရရှိထားသော ညွန့်ပေါင်းပါတီအဖွဲ့ဝင် Pheu Thai ပါတီက အစိုးရအဖွဲ့ဖွဲ့ရန် ဦးဆောင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့က ကြေညာခဲ့သည်။
ယင်းအတွက် Pheu Thai ပါတီက ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် လုံလောက်သော ထောက်ခံမဲ ၃၇၅ မဲရရှိရန် အတိုက်အခံပါတီများနှင့် ဆွေးနွေးပွဲများ ဆက်တိုက်လုပ်နေခဲ့ခြင်းဖြစ်သည်။
Ref: Thai Enquirer, Khaosod English, The Reporters