ကလိန်အောင်မြို့ ကျောက်ရှပ်ကျေးရွာအနီး မိုင် ၄၀ ရွာတွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ကျောက်တင်ကားတစ်စီး ဇူလိုင်လ ၂၂ ရက် နေ့လယ်ပိုင်းက မိုင်းဆွဲခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။
မိုင်းဆွဲခံရမှုကြောင့် ကားသုံးစီးပါယာဉ်တန်းတွင် ကားတစ်စီးပျက်စီးသွားကြောင်း ၎င်းတို့က ပြောသည်။
မည်သည့်အဖွဲ့က တိုက်ခိုက်သည်ကိုမူ မသိရသေးပေ။
မိုင်းဆွဲမှုဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရပြီး ဆေးရုံတင်ထားရကြောင်း ဒေသခံတို့က ဆိုသည်။
“မိုင်းဆွဲတဲ့နေရာအနားမှာ ကားပျက်လို့ပြင်နေတဲ့ ကားသမားတစ်ယောက် ထိတယ်။ ခြေထောက်မှာပဲ ထိတာ” ဟု ဒဏ်ရာရ ကားသမားနှင့် နီးစပ်သည့် ကလိန်အောင်မြို့ခံ ယာဉ်မောင်းတစ်ဦးက ပြောသည်။
ဇွန်လအတွင်းကလည်း ကျောက်ရှပ်ရွာနှင့် ရေပုံးရွာအနီးတဝိုက်တွင် စစ်ကောင်စီယာဉ်တန်းများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက သုံးကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
ဇူလိုင်လ ၁၉ ရက်ကလည်း ကလိန်အောင်မြို့နယ်ခွဲ မလွှဲတောင်အနီး အလယ်စခန်းရွာတွင် စစ်ကောင်စီတပ်နှင့် ရေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်ကျဆုံးရှိခဲ့သည်။