BREAKING
January 24, 2025

စစ်ကြောင်းထိုးခံလိုက်ရသည့် သကျက်တော

July 23, 2023

ပြိုမလိုမိုးကြောင့် ပိုပြီးမှောင်နေသည့် သကျက်တောရွာ၏ ညပိုင်းမှာ “ဒိုင်း ဒိုင်း ဒိုင်း ဝုန်း” ပစ်ခတ်သံတွေကြောင့် အထိတ်တလန့်နဲ့ လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။

ရုတ်တရက်ထွက်ပေါ်လာသည့် ရွာအပြင်ဘက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ။

ပစ်ခတ်သံ ပေါက်ကွဲသံတွေက တစ်ရွာလုံးကို ကိုင်လှုပ်ပစ်လိုက်သည့်နှယ်။ တစ်ရွာလုံး လှုပ်လှုပ်ရွရွ။ ပြာပြာသလဲ။

“သေနတ်သံကြားတာနဲ့ ရွာထဲစစ်ကြောင်းထိုးလာပြီဆိုတာ တန်းသိလိုက်ပြီလေ” ဟု ဒေသခံ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးက ပြောသည်။

ထားဝယ်မြစ် အတိုင်းဆင်လာသည့် စစ်ကောင်စီတပ်က လောင်းလုံးမြို့အောက်ဘက်ပိုင်းရွာများကို စစ်ကြောင်းထိုးလိမ့်မည်ဟု ဇူလိုင်လ ၁၆ ရက် နေ့လည်းပိုင်းကတည်းက သတင်းတွေ ထွက်နေပြီးသားဖြစ်သည်။

မည်သည့်ရွာကို ဝင်မည်ဆိုသည်ကိုသာ သေသေချာချာမသိကြ။

ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်က သကျက်တောကျေးရွာကို ဆိုက်ဆိုက်မြိုက်မြိုက် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့လေပြီ။

သကျက်တောကျေးရွာသည် ထားဝယ်မြို့မှ မိုင် ၃၀ ကျော်၊ လောင်းလုံးမြို့ ၁၇ မိုင်အကွာ ထားဝယ်-လောင်းလုံး-ရှင်မော်သွား ကားလမ်းပေါ်တွင်တည်ရှိသည့်ရွာကြီးတစ်ရွာဖြစ်သည်။

တိုယ်နယ်ဆေးရုံတစ်ခုရှိပြီး ရဲစခန်းတစ်ခုလည်းအခြေစိုက်ထားသည်။ ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလတွင် ထိုရဲစခန်းကို စစ်ကောင်စီတပ်သားများ စွန့်ခွာသွားခဲ့သည်။

ယင်းနောက်ခြောက်လအကြာတွင် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်။

ရွာထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်များ အကြိမ်ရေ‌အမြောက်အများ ပစ်ခတ်ဝင်ရောက်လာခြင်းဖြစ်သည်။

ည ၈ နာရီကျော်အချိန်မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ဖောက်သံများ ငြိမ်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အဲဒီအချိန်က ရှောင်မယ်ဆိုလည်း ရှောင်လို့မရတော့ဘူးလေ” ဟု ဒေသခံအမျိုးသမီးတစ်ဦက ဆိုသည်။

ပစ်ခတ်သံတွေကြောင့် ကြောက်လန့်နေချိန် စစ်ကြောင်းကလည်း ရွာက ထွက်မသွားတော့ဘဲ ရွာထဲတွင် တပ်စွဲထားလိုက်သောကြောင့် ပို၍စိုးရိမ်မကင်း ဖြစ်ခဲ့ကြသည်။ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းတို့ လုပ်ဆောင်လာမည်ကိုလည်း ဒေသခံများ စိုးရိမ်ခဲ့ကြသည်။

ညအချိန်ဖြစ်လာသဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်၍ မရတော့ပေ။

“တစ်ညလုံး ဘုရားတပြီးပဲနေရတာ မိုးလင်းတဲ့အထိပဲ” ဟု အထက်ပါ ဒေသခံအမျိုးသမီးက ပြောဆိုသည်။

အခိုက်အတန့်တော့ ဒေသခံများ၏ ဆုတောင်းပြည့်သည်ဟုဆိုရမည်။ ထိုညက ဘာမျှမဖြစ်ခဲ့။

နံနက်လင်းသည့်အချိန်တွင်မူ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ စာသင်ကျောင်းတွင် တပ်စွဲနေကြသလို အချို့မှာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားလိုက်ကြပြီ။

သို့သော်ဒေသခံများ ဆုတောင်းမှာ တစ်ညသာ ပြည့်ခဲ့သည်။

နောက်တစ်ရက် နံနက် ဇူလိုင်လ ၁၆ ရက်တွင် ရွာထဲတွင် မွှေနှောက်ရှာဖွေဖမ်းဆီးမှုများ စတင်ပြုလုပ်ကြောင်း အဖမ်းခံရသူအထဲတွင် ပါဝင်သူတို့က ဆိုသည်။

ဒေသခံအများစုမှာ နံနက်ရောက်သည်နှင့် ကားကြီး၊ ကားငယ်၊ ဆိုင်ကယ်တို့ဖြင့် စစ်ကြောင်း မမြင်နိုင်သည့် လမ်းကြောင်းက ထွက်ပြေးတိမ်းရှောင်သွားကြသဖြင့် ရွာထဲတွင် လူအနည်းငယ်သာကျန်ခဲ့သည်။

စစ်ကောင်စီတပ်က သကျက်တောဒေသခံ အမျိုးသမီး ကိုးဦး၊ အမျိုးသား ၁၀ ဦးကို ဖမ်းဆီးပြီး ဘုန်းကြီးကျောင်း တစ်ခုတွင် ထိန်းသိမ်းထားလိုက်ကြောင်း အဖမ်းခံရသူအချို့က ဆိုသည်။

“ဖမ်းခံရတဲ့သူတွေ အကုန်လုံးက ဘာမှအပြစ်ရှိတဲ့သူတွေမဟုတ်ဘူး။ လမ်းထွက်ရင်းနဲ့ သူတို့ (စစ်ကောင်စီတပ်) နဲ့ တွေ့လို့ ဖမ်းခံရသူတွေပဲ အကုန်လုံးက” ဟု အဖမ်းခံရသည့်အထဲတွင်ပါဝင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

ယင်းနောက် ‌အဖမ်းခံရသူတွေထဲက အသက်ကြီးပိုင်း အမျိုးသားတစ်ဦးနှင့် အသက်လတ်ပိုင်းတစ်ဦးတို့ကို လက်နောက်ပြန်ကြိုးတုပ် ခေါ်ထုတ်သွားသည်ဟုဆိုသည်။

‌၎င်းအမျိုးသားနှစ်ဦးအား ဘုန်းကြီးကျောင်းရှိ သီးသန့်အခန်းတစ်ခုတွင် ချုပ်နှောင်ထားပြီး ချုပ်နှောင်ထားစဉ် အချိန်တောက်လျှောက်တွင် လက်နောက်ပြန်ကြိုးတုပ်ထားခဲ့သည်ဟု ဆိုသည်။

“ထမင်းလည်းသူတို့ပဲ ခွံ့ကျွေးတယ်။ သေးပေါက်လည်း သူတို့ပဲ လုံချည်ကိုင်ထားပေးတယ်။ ကြိုးမဖြုတ်ပေးဘူး” ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

အသက်လတ်ပိုင်းအမျိုးသားတစ်ဦးမှာ အနည်းငယ်အရိုက်ခံခဲ့ရပြီး အသက်ကြီးပိုင်းတစ်ဦးမှာမူ အရိုက်မခံရဟု မျက်မြင်တွေ့သူတို့က ပြောဆိုသည်။

စစ်ကောင်စီတပ်က သကျက်တောဒေသခံဆယ်ဦးကို အမည်စာရင်းနှင့်တကွ လာရောက်ရှာဖွေခြင်း ဖြစ်နိုင်ကြောင်း အဖမ်းခံရသူအချို့က ဆိုသည်။

“သူတို့ကိုင်ထားတဲ့ စာရွက်ထဲမှာ လူဆယ်ယောက်နာမည်ရေးထားတယ်။ ပြီးရင် ဒီလူတွေကိုသိလားလို့မေးတယ်” ဟု အဖမ်းခံထားရသူများထဲမှ တစ်ဦးကဆိုသည်။

ယင်းလူဆယ်ဦးထဲတွင် လက်နှောက်ပြန်ကြိုးတုပ်ခံရသူအမျိုးသားနှစ်ဦး၏ အမည်လည်း ပါဝင်နေသည်ဟု ၎င်းကဆိုသည်။

အဖမ်းခံရသူများကို ဇူလိုင်လ ၁၇ ရက်ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်သော်လည်း လက်နှောင်ကြိုးတုပ်ခံရသူ အမျိုးသားနှစ်ဦးကိုမူ ပြန်မလွှတ်ပေးသေးဘဲ ချန်ခဲ့သည့်ဟု ဆိုသည်။

“မိန်းကလေးတွေကို အရင်လွှတ်ပေးလိုက်တာ။ ပြီးမှ ယောက်ျားတွေ။ ကြိုးတုပ်ခံရတဲ့နှစ်ယောက်တော့ ကျန်ခဲ့တာပေါ့” ဟု အဖမ်းခံရသူထဲတွင် ပါဝင်သူတစ်ဦးက ပြောသည်။

ဇူလိုင်လ ၁၇ ရက် ညနေ ၅ နာရီခန့်တွင်မူ ထားဝယ်မြစ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် လှေနစ်မြုပ်ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။

ယင်းသတင်းကြောင့် အရေးပေါ်သွားရမည်ဖြစ်သဖြင့် ဖမ်းထားသူများကို ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုသည်။

လက်နောက်ပြန်ကြိုးတုပ်ထားသူ အမျိုးသားနှစ်ဦးကို ရှေ့ကသွားခိုင်းပြီး စစ်ကောင်စီတပ်သားများက နောက်မှလိုက်ပါကာ ရွာအပြင်ဘက် ထားဝယ်မြစ်ဘက်သို့ ဦးတည်ထွက်သွားသည်ကိုတွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“သတင်းတွေထဲမှာ ဖတ်နေရသလို လူသားဒိုင်းလုပ်တဲ့ပုံစံမျိုးပေါ့။ တံတားကိုဆိုလည်း သူတို့ အရင်မဖြတ်ဘူး။ ရွာသားတွေကို ဖြတ်ခိုင်းပြီး ဘာမှမဖြစ်ဘူးဆိုမှ သူတို့ (စစ်ကောင်စီတပ်က) ဖြတ်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က မထွက်သွားမီ ရွာထဲ‌ရှိနေအိမ်များကို ရိုက်ဖျက်ဝင်ရောက်ပြီး ရှာဖွေထားသည်ကိုလည်း တွေ့ရသည်ဟု ဆိုသည်။ အိမ်မည်မျှ ရိုက်ဖျက်ပြီး ရှာဖွေခံရသည်ကိုမူ မသိရသေးပေ။

“သူတို့စာရင်းထဲမှာပါတဲ့ အိမ်တွေကိုရှာတာ။ အဓိက သေနတ်ရှာတာလို့ပြောတယ်။ ဖမ်းခံရတာက သာမန်လူတွေလေ။ ဘယ်မှာ သေနတ်တွေ့မှာလဲ။ တွေ့ရင်သေ‌ပြီပေါ့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်နောက်ပြန် ကြိုးတုပ် ဖမ်းဆီးခံရသူနှစ်ဦးလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ‌ထွက်သွားပြီးနောက် ပြန်လွတ်လာခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီက သကျက်တောရွာထဲ တပ်စွဲထားချိန် နေအိမ်နှစ်ဆောင်ကိုမီးရှို့ပြီး ဒေသခံတစ်ဦးကိုလည်း ပစ်သတ်သွားကြောင်း ဒေသတွင်း ကောလာဟလသတင်းများထွက်ပေါ်ခဲ့သော်လည်း ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ‌ဒေသခံအချို့က ပြောသည်။

ယင်းကဲ့သို့ စစ်ကြောင်းထိုးဝင်ရောက်ရှာဖွေခြင်းကြောင့် အနီးနားကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ယနေ့ ဇူလိုင်လ ၂၁ ရက်တွင်မူ ဒေသခံအချို့ အိမ်ပြန်လာနေကြပြီဖြစ်ကြောင်း သိရသည်။

သကျက်တောရဲစခန်းကို စစ်ကောင်စီတပ် မစွန့်ခွာခင်က ယင်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိသည်။

ရဲစခန်းစွန့်ခွာပြီးနောက်ပိုင်း သကျက်တောရွာတွင် ထိတွေ့တိုက်ပွဲကြီးကြီးမားမား မရှိသလောက်ဖြစ်သွားခဲ့ပြီး ခြောက်လခန့်အကြာ ယခု ဇူလိုင်လထဲတွင် တစ်ကျော့ပြန်စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကို ဒေသခံများ ကြုံတွေ့ရခြင်း ဖြစ်သည်။

“တချို့ကတော့ ရွာကနေ အပြီးပြောင်းကုန်ကြပြီ။ ပြောင်းဖို့ မရှိတဲ့သူတွေပဲ ကျန်ခဲ့တာ” ဟု ဒေသခံတစ်ဦးက ဆိုလိုက်သည်။