BREAKING
January 5, 2025

ဖောင်းတောရွာက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦးကို မောရဝတီရေတပ်ဖမ်းဆီးပြီး ငါးရက်ကြာအထိ ပြန်မလွှတ်သေး

June 23, 2024

ရေဖြူမြို့နယ်၊ ဖောင်းတောရွာတွင် ဇွန်လ ၁၉ ရက်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦးကို မောရဝတီရေတပ်က ဖမ်းဆီးစစ်ဆေးနေပြီး ယနေ့ ဇွန် ၂၃ ရက်အထိ ပြန်မလွတ်လာသေးကြောင်း ရွာသားများထံမှ သိရသည်။

အဖမ်းခံရသူများသည် ဖောင်းတောရွာ စာသင်ကျောင်းအနီး နေထိုင်သည့် ဒေါ်ဝေဝေ၊ ဒေါ်မီးမီးနှင့် ရွာအနောက်ဘက်တွင် နေထိုင်သည့် ဒေါ်ဌေးဌေးအောင်၊ ဦးကတ်သား ဆိုသူတို့ဖြစ်ကြောင်း ရွာသားများက ပြောသည်။

၎င်းတို့ လေးဦး အဖမ်းမခံရမီ ဇွန် ၁၈ ရက်ညတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ဖောင်းတော အထက စာသင်ကျောင်းသို့ လာရောက်၍ ကျောင်းအုပ်ဆရာမကြီအား သတိပေးခဲ့ကြောင်း ရွာသားများက ဆိုသည်။

မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ခဲ့သည်ကိုမူ Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။

“စာသင်ကျောင်းမှာ PDF တွေ လာတယ်ဆိုပြီး သတင်းထွက်ပြီးတာနဲ့ မနက်ပိုင်း မောရဝတီကရောက်လာတယ်။ ဖမ်းထားတဲ့ရွာသားတွေကိုလည်း အဲဒီနေ့ကတည်းက မောရဝတီဌာနချုပ်ကိုခေါ်သွားတယ်” ဟု ဖောင်းတောရွာသားတစ်ဦးက ပြောသည်။

အဆိုပါရွာသားများကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း မသိရသေးပေ။

ရွာသားများကို ဖမ်းဆီးစစ်ဆေးနေသည့်အပြင် ဖောင်းတောကျေးရွာအုပ်စုမှ ဇာဒီကျေးရွာအုပ်စု ဘက်သို့သွားသည့် လမ်းပိုင်းရှိ မော်ကြီးရွာအနီးတွင် စစ်ကောင်စီတပ်က သဲအိတ်ဘန်ကာများပြင်ဆင်ကာ နေရာယူထားကြောင်း မျက်မြင်တွေ့ရသည့် ခရီးသွားများနှင့် ဒေသခံများထံမှ သိရသည်။