BREAKING
September 7, 2024

ခမောက်ကြီးက စစ်ကောင်စီရဲစခန်းကုန်းကို တော်လှန်ရေးအဖွဲ့များ သွားရောက်တိုက်ခိုက်

June 23, 2024

ပုံစာ - ခမောက်ကြီးမြို့တွင် အဓမ္မစစ်မှုထမ်းစနစ်အတွက် လက်ကမ်းစာစောင်ဝေနေစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ ပြန်/ဆက်

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ် မရမ်းကျေးရွာရှိ စစ်ကောင်စီတပ်ရဲစခန်းကုန်းကို ဇွန်လ ၂၂ ရက် နံနက် ၆ နာရီဝန်းကျင်တွင် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါရဲစခန်းကုန်းတွင် စစ်ကောင်စီတပ်သားနှင့် ရဲအင်အား ၃၀ခန့်ရှိပြီး မိနစ် ၄၀ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

ယင်းတိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်တစ်ဦး၏ ဦးခေါင်းကိုကျည်ထိမှန်ခဲ့ပြီး ယင်းဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“အဲ့ရဲဘော်က ရဲစခန်းဂိတ်ဝတံခါးကို အတင်းဝင်ရောက်ဆွဲဖွင့်နေစဉ်မှာ ဦးခေါင်းကို ကျည်ထိပြီးကျဆုံးသွားတာပေါ့။ ကော်သူးလေအာမီကနေ ကော့သောင်း ပကဖကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ပါ ”ဟု ဘုတ်ပြင်းမြို့နယ် ပကဖရဲဘော်တစ်ဦးက ပြောသည်။

ကျဆုံးခဲ့သည့် ရဲဘော်မှာ အသက် ၄၃ နှစ်အရွယ်ရှိပြီး တိုက်ပွဲအခြေအနေကြောင့် ရုပ်အလောင်းကို ပြန်မယူခဲ့ရကြောင်း ၎င်းက ဆိုသည်။

ထိုနောက် စစ်ကောင်ီစ ရဲစခန်းက မရမ်းရွာသားများကို အလောင်းလာကောက်ခိုင်းသဖြင့် ရွာသားများက သင်္ဂြိုဟ်လိုက်ကြောင်း အထက်ပါ ရဲဘော်က ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

စစ်ကောင်စီတပ်သားများ၏ ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

တိုက်ပွဲကြောင့် မရမ်းကျေးရွာနေ ဒေသခံ ၂၀၀ခန့် ထိုင်းဘက်သို့ခေတ္တတိမ်းရှောင်ခဲ့ရပြီး ဇွန်လ ၂၂ ရက်နေ့ညနေတွင် ပြန်လာကြပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။