အင်ဒိုနီးရှားနိုင်ငံက စုံတွဲတစ်တွဲ ဖောက်ပြန်တာကြောင့် အောက်လမ်းနဲ့ ပြုစားခံရလို့ လိင်ဆက်ဆံနေစဉ် ခွာမရတော့ဘဲ အမျိုးသမီးဖြစ်သူ သေဆုံးခဲ့တဲ့ ရုပ်သံတစ်ခု ပြီးခဲ့တဲ့ မေလက အင်တာနက်လူမှုကွန်ရက်စာမျက်နှာမှာ အားကောင်းကောင်းနဲ့ ပျံ့နှံ့ခဲ့ပါတယ်။
အဲဒီဖြစ်ရပ် ရုပ်သံရော၊ မြန်မာဘာသာစကားနဲ့ ရှင်းပြတဲ့ ရုပ်သံတွေရော၊ မြန်မာလို ရှင်းပြတာကို ထပ်ဆင့် တုံ့ပြန်မှတ်ချက်ပေးမျှဝေသူတွေကပါ လူမှုကွန်ရက်မှာ တင်ကြတာကြောင့် လူမှုကွန်ရက် အသုံးအပြုသူတွေကြားမှာ ပျံ့နှံ့အားကောင်းခဲ့တာပါ။
ဒါကြောင့် Dawei Watch က အချက်အလက် စစ်ဆေးရာမှာတော့ အဲဒီရုပ်သံဟာ အမှန်တကယ် ဖြစ်ရပ်မဟုတ်ကြောင်း တွေ့ခဲ့ရပါတယ်။
ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ အင်ဒိုစုံတွဲရုပ်သံ
အင်ဒိုနီးရှားမှာ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ ဖောက်ပြန်တာကြောင့် အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက အောက်လမ်းနဲ့ပြုစားလို့ လိင်မှုကိစ္စပြုနေချိန် ခွာမရတော့ဘဲ အမျိုးသမီးသေဆုံးချိန်မှ ခွာလို့ရတယ်။ ဖောက်ပြန်တာရဲ့ ရလဒ်စိတ်မကောင်းစရာ ဖြစ်တဲ့အကြောင်း၊ အခုဖြစ်ရပ်က အလွန်ကြောက်စရာကောင်းကြောင်း ZinJuly Cosmetics လက်လီလက်ကားဒိုင်ကြီးဆိုတဲ့ Facebook Page ကနေ မေလ ၁၉ ရက်မှာ ဖြန့်ဝေခဲ့ပါတယ်။ ဒီရုပ်သံကို ကြည့်ရှုမှု အကြိမ်ရေ နှစ်သိန်းကျော် Reaction လုပ်သူ တစ်သောင်းကျော်ရှိခဲ့တာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။
အင်ဒိုစုံတွဲရဲ့ နောက်ဆုံးရအခြေအနေဆိုပြီး Htet Myat Reaction Page ကနေလည်း မေလ ၂၁ ရက်နေ့မှာ မြန်မာအမျိုးသမီးတစ်ဦး ရှင်းပြထားတဲ့ရုပ်သံကို ထပ်ဆင့်တုံ့ပြန်မျှဝေဖော်ပြခဲ့ပါတယ်။
အဲဒီဖော်ပြခဲ့တဲ့ ရုပ်သံမှာ အိမ်ထောင်ရေးဖောက်ပြန်တာကို ခင်ပွန်းသည်က အောက်လမ်းနည်းနဲ့ ပြုစားလို့ အမျိုးသမီးသေဆုံးမှ လိင်မှုကိစ္စပြုရာကနေ ခွာလို့ရတဲ့အကြောင်း ရှင်းပြထားတာပါ။
ရုပ်သံကို Reaction ပြုလုပ်သူ သုံးသောင်းကျော်၊ မှတ်ချက်ပြုသူ လေးရာကျော် ၊ ကြည့်ရှုသည့်ကြိမ်ရေ နှစ်သန်းနီးနဲ့ ပြန်ဝေမျှသူ ၁၆၀၀ကျော်ရှိခဲ့ပြီး ဒီနေရာမှာ ကြည့်နိုင်ပါတယ်။
‘CHAN MYAE BY ချမ်းမြေ့’ ဆိုတဲ့ Facebook Page ကလည်း အင်ဒိုစုံတွဲ ပယောဂကုတာဆိုပြီး ရုပ်သံဖိုင်ကို ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီရုပ်သံကို ကြည့်ရှုသူ ၁၀သန်းနီးပါး၊ Reaction ပြုလုပ်သူ ကိုးသောင်းကျော်၊ မျှဝေသူ ကိုးထောင်ကျော် ရှိခဲ့ပါတယ်။ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။
ဒီလိုမျိုး အင်ဒိုစုံတွဲ ဆိုတဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက်စာမျက်နှာတွေမှာ အလားတူ ဖြန့်ဝေမှုတွေ များစွာရှိခဲ့ပါသေးတယ်။
ဖြစ်ရပ်မှန်ကဘာလဲ
အင်ဒိုနီးရှားနိုင်ငံက မီဒီယာတစ်ခုဖြစ်တဲ့ Tempo Media က မေလ ၂၁ ရက်မှာ အဲဒီ အင်ဒိုနီးရှားအတွဲ ရုပ်သံနဲ့ပတ်သက်ပြီး အချက်အလက် စစ်ဆေးပေးခဲ့ပါတယ်။
အချက်အလက်စစ်ဆေးရာမှာတော့ တကယ်ဖြစ်ရပ်မှန် မဟုတ်ဘဲ ဇာတ်လမ်းတွဲတစ်ခုရဲ့ ဇာတ်ဝင်ခန်းသာ ဖြစ်တဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။ Tempo Media က အချက်အလက်စစ်ဆေးထားတာကို အင်ဒိုနီးရှားဘာသာနဲ့ ဖော်ပြထားပြီး ဒီနေရာမှာ ကြည့်နိုင်ပါတယ်။
အခုပျံ့နှံ့ခဲ့တဲ့ရုပ်သံကို Tempo Media Factcheck team က Invid နဲ့ Reverse images အသုံးပြု အချက်အလက် စစ်ဆေးခဲ့ရာမှာ Mamaz Universe studio ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ခဲ့တဲ့ ဖန်တီးသူ Mamaz Karyo ရဲ့ ရုပ်သံဇာတ်လမ်းတွဲက ဇာတ်ဝင်ခန်းတစ်ခုဖြစ်နေခဲ့ပါတယ်။ အဲဒီ ရုပ်သံကို Mamaz Karyo YouTube Channel မှာ မေလ ၁၁ ရက်က စတင်ထုတ်လွှင့်ခဲ့ပါတယ်။ ဒီလိုမျိုး ဇာတ်လမ်းတွေကိုလည်း အဲဒီချန်နယ်က ထုတ်လွှင့်ထားတာတွေ့ရပါတယ်။
ရုပ်သံရဲ့အဆုံးမှာ ဖော်ပြတဲ့ အသိပေးချက်မှာလည်း အဲဒီရုပ်သံဟာ စိတ်ကူးယဉ်ဖန်တီးမှု သက်သက်ဖြစ်ပြီး ဖျော်ဖြေရေးနဲ့ ပညာပေးအတွက် ဖြစ်တယ်လို့ အင်ဒိုဘာသာနဲ့ ရေးသားဖော်ပြထားပါတယ်။ ဒီဘာသာပြန်ချက်ကို အင်ဒိုနီးရှားမိတ်ဆွေ တစ်ဦးရဲ့ အကူအညီနဲ့ ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။

အင်ဒိုစုံတွဲဆိုတဲ့ ရုပ်သံဖိုင်ကို Mamaz Karyo YouTube Channel ဇွန်လ ၁၉ ရက်အထိ တွေ့ရှိခဲ့ပေမယ့် ဇွန်လ ၂၃ ရက်မှာ ထပ်မံကြည့်ရှုရာမှာတော့ အဲဒီရုပ်သံဖိုင်နဲ့ ဆက်စပ်ရုပ်သံဖိုင် အကုန်လုံးကို မရှိတော့တာကို တွေ့ရပါတယ်။
Mamaz Karyo YouTube Channel ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံရဲ့ Screenshot ပုံကိုတော့ အောက်မှာ ကြည့်ပါ။

မူရင်း ထုတ်လွှင့်ခဲ့တဲ့ ချန်နယ်မှာ မရှိတော့ပေမယ့် အင်တာနက်လူမှုကွန်ရက်အသုံးပြုသူ မြန်မာတွေကြားမှာတော့ ပျံ့နှံ့နေဆဲဖြစ်ပါတယ်။
အဲဒီရုပ်သံ အပိုင်းဆက် ထုတ်လွှင့်ရာကနေ ရယူထားတဲ့ Screenshots ပုံတွေဟာဆိုရင်လည်း တကယ့် အဖြစ်အပျက် မဟုတ်ဘူးဆိုတာကို ပေါ်လွင့်စေပါတယ်။ ပုံတွေကို အောက်မှာ ကြည့်နိုင်ပါတယ်။


သုံးသပ်ချက်
စိတ်ကူးယဉ်ဖန်တီးတဲ့ ဇာတ်လမ်းတစ်ခုကို အမှန်တကယ်ဖြစ်ရပ်ကဲ့သို့ လူမှုကွန်ရက်မှာ ဖော်ပြခဲ့ကြပြီး အင်တာနက်လူမှုကွန်ရက် အသုံးပြုသူ မြန်မာတွေကြားမှာ ပျံ့နှံ့မှု အားကောင်းခဲ့သလို လက်ရှိအချိန်အထိလည်း ဆက်လက်ပျံ့နှံ့နေဆဲ ဖြစ်ပါတယ်။
အချက်အလက် စစ်ဆေးကြည့်ရာမှာတော့ အမှန်တကယ်ဖြစ်ရပ်မှန်မဟုတ်ဘဲ ရုပ်သံဇာတ်လမ်းတစ်ခုရဲ့ ဇာတ်ဝင်ခန်းဖြစ်နေခဲ့ပါတယ်။ ဒါ့ကြောင့် ရုပ်သံအထောက်အထားတွေပါတယ်ဆိုတိုင်းလည်း ဖြစ်စဉ်အမှန်ဆိုပြီး ယူဆလို့မရတဲ့ ဖြစ်ရပ်တွေလည်းရှိပါတယ်။
ဒါကြောင့် အကြောင်းအရာတစ်ခုခု အင်တာနက်လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာရင် အလွယ်တကူမယုံဘဲ သေချာစိစစ်ဖို့ လိုအပ်ပါတယ်။ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ Fact Check ဌာနတွေက စစ်ဆေးပေးတာတွေကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့လည်း အကြံပြုလိုပါတယ်။
သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချိမှု၊ လိမ်လည်တာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထား တာကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင် လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။