ဉယျာဉ်ခြံထွက်သီးနှံများနှင့် ရေထွက်ကုန်များကို အဓိကအားထားကာ တင်ပို့နေရသည့် တနင်္သာရီတိုင်းသားများမှာ တိုက်ပွဲနှင့် စစ်ကောင်စီ၏ တစ်ရစ်ပြီးတစ်ရစ်ကျပ်လာသည့် လုပ်ရပ်များကြောင့် ကြီးမားသည့်အကျပ်အတည်းများ ဖြင့် ရင်ဆိုင်နေရသည်။
တောင်ပိုင်းဒေသထွက်ကုန်များဖြစ်သည့် ရော်ဘာ၊ ကွမ်းသီးစသည့် ဉယျာဉ်ခြံထွက်သီးနှံများနှင့် ရေထွက်ကုန်များကို မွန်ပြည်နယ်၊ ရန်ကုန်တိုင်း အစရှိသည့်ဒေသများသို့ တင်ပို့ရောင်းချနေကြခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီ၏ ဥပဒေမဲ့ လုပ်ဆောင်လာသည့်တင်းကျပ်မှုများ၊ ကော့သောင်း-ရန်ကုန် ပြည်ထောင်စုလမ်းတစ်လျှောက် ခပ်စိပ်စိပ်ဖြစ်နေသည့် တိုက်ပွဲများကြောင့် ဒေသထွက်ကုန်တင်ပို့ရာတွင် အခက်အခဲများကြုံနေရသလို ဆုံးရှုံးမှုများလည်း တွေ့ကြုံနေရသည်။
ယခင်က မျှောစာတစ်စောင်ဖြင့် လွတ်လပ်စွာ သယ်ယူရောင်းချခွင့်ရခဲ့သည့် ရော်ဘာမှာ အထောက်အထားဆယ်ခု ကျော်လုပ်နေရသည့် အခြေအနေဖြစ်လာပြီး ယင်းအတွက် ငွေကုန်ကြေးကျပိုများလာသည်။
ထို့အပြင် သယ်ယူရာလမ်းတစ်လျှောက်ရှိ ဝါးတားဂိတ်များကိုလည်း ထပ်ပေးရသည့်အတွက် အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေရသည်။
တစ်ဖက်တွင်လည်း ပြည်ထောင်စုလမ်းတစ်လျှောက်ဖြစ်နေသည့် တိုက်ပွဲများကြောင့် တင်ပို့လိုက်သည့် ဒေသထွက်သီးနှံများနှင့် ရေထွက်ကုန်များ ပျက်စီးဆုံးရှုံးရသည်ဟု ကုန်သည်များက ငြီးတွားကြသည်။
ပဋိပက္ခများအကြား အခက်ကြုံနေရသည့် တောင်ပိုင်းထွက်ကုန်များအကြောင်းကို ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် တင်ဆက်လိုက်သည်။
“ရော်ဘာကုန်သည်အများစုက လာမယ့်နှစ် လုပ်ငန်းရပ်ဖို့အထိ စဉ်းစားနေရတယ်”
ထားဝယ်ဒေသက ရာဘာလုပ်ငန်းရှင်တစ်ဦး
DW ။ ဒေသထွက်ကုန်တွေ တင်ပို့တဲ့အချိန်မှာ ဘယ်လိုတွေ ကြုံနေရလဲ။
ဖြေ ။ အခုမှအခက်ဆုံးဖြစ်နေတယ်။ အထောက်အထားက ၁၁ ခုလောက်လိုတယ်။ ကားပေါ်မှာတောင် တစ်ပတ်လောက်နားရတယ် ကော်ပြား(ရော်ဘာပြား)တွေ ။အခု ရာသီသိမ်းခါနီးမှာလုပ်တော့ တော်သေးတာပေါ့။ လာမယ့်နှစ်အတွက် ရင်လေးနေကြရတာပေါ့။အရင်ကဆို ကားရှိရင် တင်သွားရုံပဲ ။အခုကားရရုံနဲ့မပြီး။ ကားပေါ်တင် ကြိုပြင်ထားရတယ်။ပြင်ပြီးလို့ အထောက်အထား ၁၁ ခု မစုံရင် ကားက ထွက်လို့မရပြန်ဘူး။
ဥပမာ ဟိုဖက်ကိုပစ္စည်း ရောက်သွားတာတောင်မှာ ဟိုဖက်က ရပ်ကွက်ထောက်ခံစာ ရဲစခန်းထောက်ခံစာတွေ ယူပြီး ဒီဖက်ပြန်ပို့ပြီးမှချရမယ့်သဘော။ သူတို့မှာလည်းကားတွေ ဝင်နေတဲ့အခါကျတော့ သူတိုဖက်ကထောက်ခံစာကို သူတို့ဘယ်ယူပေးနိုင်မလဲ ပေါ့နော်။အခုတော့ အဲဒီအခက်အခဲတွေ ဖြစ်နေတာပေါ့။ဥပမာ မုဒုံကို ကားငါးစီးရောက်သွားတယ်။သူတို့ဖက်ကလဲ ကားငါးစီးစလုံးစာ ရဲစခန်းသွားပြီး သွားတောင်းပေးနိုင်မလား။
DW ။ အရင်က ဘယ်လိုအထောက်အထားတွေနဲ့ တင်ပို့နေကြရတာလဲ။
ဖြေ ။ အရင်က ဘာမှလည်းမလိုဘူး။ တရားဝင်လမ်းကြောင်းကသွားနေတာပဲ။ မှောင်ခိုပစ္စည်းလည်း မဟုတ်ဘူးလေ။ ကားတင်ပြီး ထွက်သွားတာပဲရှိတယ်။ပန်းစာ(မျှောစာ) ပေးပြီးသွားလိုက်ရုံပဲ။
DW ။ အဲဒါတွေတွေက ဈေးကွက်အပေါ်သက်ရောက်လာနိုင်မလား။
ဖြေ ။ ဈေးကွက်ထိခိုက်တာတော့မရှိဘူး။ ဟိုဌာနဒီဌာန သွားရင် ပေးရမယ့်အရာတွေ ပိုလာတာပေါ့။ ကားစရိတ် တွေပြန်ပေါင်းရတော့ စရိတ်စကတွေများလာတာပေါ့။ လမ်းမှာလည်း လမ်းကြောင်းရှင်းဖို့အတွက် ဘယ်လောက် ဘယ်လောက်ဆိုတာမျိုးတွေ သီးသန့်ပေးလိုက်ရတာတွေရှိတယ်။ စရိတ်က ကြီးသထက်ကြီး လာတာ။ ဈေးကွက်မှာတော့ သိပ်ပြဿနာမရှိဘူး။ ကော်ဈေး(ရော်ဘာ)က အခု ၂သိန်းကျာ်လောက်အထိဖြစ်နေတော့ ။
DW ။ အဲဒီအထောက်အထား တွေက ဘာတွေဖြစ်မလဲ။
ဖြေ ။ ဒိုင်ရဲ့လိပ်စာကတ်၊သယ်ယူမယ့်နေရာ၊ အဓိကရောက်မယ့် ရက်စွဲ၊ ပို့ဆောင်ရမယ့်နေရာ၊ ရော်ဘာအမျိုးအစားနဲ့အလေးချိန်၊ သယ်ယူမယ့် ယာဉ်အမျိုးအစားနဲ့ ယာဉ်နံပါတ်၊ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းရဲ့ ထောက်ခံချက် ၊ဦးစီးမှူးရဲ့ထောက်ခံချက်၊ အဝယ်ဒိုင်မှာ စည်ပင်ကထုတ်ပေးတဲ့လိုင်စင်၊ ပြည်တွင်းအခွန်များဦးစီးဌာနကို အခွန်ပေးသွင်းထားတဲ့ အထောက်အထား၊ မြို့နယ်/ခရိုင်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထောက်ခံချက်၊ တနင်္သာရီတိုင်းအစိုးရ(စစ်ကောင်စီ) အဖွဲ့ရဲ့ သယ်ယူခွင့်အမိန့်၊ ရောက်ရှိတဲ့နေရာကနေ သက်ဆိုင်ရာအုပ်ချုပ်ရေး တာဝန်ရှိသူရဲ့ ထောက်ခံစာ၊ ပစ္စည်းချပြီးတာတောင်မှ ဟိုဖက်ကထောက်ခံစာ ပြန်လိုသေးတယ်။
DW ။ ဒီအတွက် ကုန်သည်တွေအပေါ် ဘယ်လိုတွေ သက်ရောက်လာနိုင်မလဲ။
ဖြေ ။ ဒီလိုတစ်ခါမှ မလုပ်ခဲ့ဖူးဘူးဆိုတော့ ရော်ဘာကုန်သည်အများစုက လာမယ့်နှစ် လုပ်ငန်းရပ်ဖို့အထိ စဉ်းစားနေရတယ်။ နေ့တိုင်းပစ္စည်းတင်နေတယ်။ နေ့တိုင်းဒီလိုယူနေရမယ်ဆိုရင် ဘယ်လိုလုပ်စားရတော့မလဲ။ နေ့တိုင်းကားထွက်မယ်ဆိုရင် နေ့တိုင်းအဲဒီအထောက်အထားတွေ အကုန်လိုအပ်တယ်။
အထောက်အထား အပြည့်မရှိဘူးဆိုရင် ပေးမထွက်ဘူး။ အိမ်ရှေ့ပြင်ဂိတ်က လုံးဝပေးမထွက်ဘူး။ ၅ လပိုင်း လောက်ကတည်းက ညွှန်ကြားထားတယ်လို့ပြောတယ်။ ရာသီအသိမ်းမြန်သွားလို့တော်သေးတာပေါ့။ အခုဆို ၁၅ ရက်လောက်ရှိပြီ။ အားလုံးညှိနှိုင်းပြီး လူကြီးတွေကိုတင်ပြပေမယ့် လက်မခံဘူးဆိုတော့ အဆင်ပြေသလိုလုပ်နေကြရတာပဲ။လာမယ့်ရာသီ ဒီပုံအတိုင်းဆို သေပြီ။ ကော်ပြား(ရော်ဘာပြား) တောင် ဝယ်လိုရမယ် မထင်တော့ဘူး။
DW ။ တောင်သူတွေ၊ ဥယျာဉ်ခြံရှင်တွေအတွက် ဘာတွေ ဘယ်လိုသက်ရောက်လာနိုင်မလဲ။
ဖြေ ။ ခြံရှင်တွေအတွက် ထိခိုက်တာပေါ့။ဟိုရောက်အထိ ဒီအဆင့်တွေမှာ ကြန့်ကြာနေမယ်ဆိုရင် ပိုက်ဆံက ဘယ်မှာရှာပြီးပေးရမလဲ။ တစ်နေ့တစ်နေ့ ဒိုင်တွေ (ကျပ်သိန်း) ငါးရာ တစ်ထောင်လောက်လိုနေတဲ့ပိုက်ဆံ။ ဒီလိုအဆင့်ဆင့်ကြန့်ကြာနေမယ်ဆိုရင် ဒီဘက်မှာ ဘယ်လိုရှင်းမလဲ။ဒီကြားထဲ ဘဏ်ဂျန့်(ဘဏ်တွင်ငွေထုတ်မရ) ဖြစ်တဲ့အခါရှိဦးမယ် ။ပိုက်ဆံ သိန်းသုံးရာ လွှဲလိုက်ရင် တစ်နေ့ သိန်း ၅၀ ယူ(ထုတ်)ရတဲ့အခါရှိတယ်။ခြံရှင်တွေကို တောင်မှ ဘောက်ချာ(ငွေရှင်းချလံ) မှာ ရက်ချိန်းပေးပြီး ရှင်းပေးရတယ်။ ပစ္စည်းဖိုးငွေလွဲခိုင်းတာတောင်မှ ဘဏ်နှစ်ဘဏ်လောက်ခွဲပြီး လွှဲခိုင်းနေရတယ်။ဒီနှစ် တစ်နှစ်တောင် တော်တော်ခေါင်းရှုပ်စရာ ကောင်းတယ်။ နောက်ထပ်ဒီပုံအတိုင်းလုပ်ရမယ်ဆိုရင် သေမှပဲရမယ်။မဝယ်ဘဲထိုင်နေတာကမှ ပိုကောင်းအုံးမယ်။
DW ။ ကုန်သည်အများစုကဘယ်လိုတွေ တုံ့ပြန်ပြောဆိုနေတာ ကြာရသေးလဲ။
ဖြေ ။ အခုကုန်သည်တွေ အားလုံးစိတ်ညစ်နေတာပေါ့။ဘာမှ လုပ်မရဘဲဖြစ်နေတာ။ အခုသူတို့ပြောတဲ့အတိုင်းပဲ လုပ်ပေးနေရတယ်။ ပစ္စည်းတစ်ခါတင်ပို့ဖို့အရေး တစ်ရုံးပြီတစ်ရုံး သွားနေရတယ်။အခု ကြိုရောင်းထားတဲ့သူတွေ မတင်မဖြစ် တင်ပေးနေရတယ်လေ။ ဟိုဖက်မှာလည်း လက်ခံရရှိကြောင်းကို အိမ်ကနေလုပ်ပေးရရင် အကြောင်း မဟုတ်သေးဘူး။ရဲစခန်းမှာ သွားယူပေးရမယ်ဆိုရင် ထားဝယ်ဖက်ကပစ္စည်း မဝယ်ဘူးဖြစ်လာတာပေါ့။ သူတို့မှာလည်း ပစ္စည်းလမ်းကြောင်းတွေကအများကြီး ထားဝယ်တစ်ခုတည်းမှ မဟုတ်တာ။
DW ။ ရော်ဘာကုန်သည်တွေကိုပဲ ဒီလိုလုပ်ခိုင်းတာလား။တစ်ခြား ဒေသသထွက်ကုန်တွေရော ဘယ်လိုကြားရလဲ။
ဖြေ ။ တစ်ခြားမှာမရှိဘူး။ သံတိုသံစသမား(ပစ္စည်းအဟောင်းရောင်းသူများ) တွေလည်း ဒီလိုပဲ လုပ်ရတယ်လို့ ကြားတာပဲ။ဝဥတို့ ကွမ်းသီးတို့ကျတော့ ဒီလိုလုပ်နေရတယ် သတင်းမကြားရသေးဘူး။ ရော်ဘာလောက်ပဲ ကြားရသေးတယ်။
DW ။ ဒါဆို ဒီအတိုင်းပဲဆက်သွားမှာလား။ ဘယ်လိုဆောင်ရွက်နေကြတာရှိလဲ။
ဖြေ ။ ဒီပုံအတိုင်းဆို လာမယ့်နှစ်လည်း သွားရမယ်ဆို ပင်ပန်းမယ်။ ဖြေလျှော့ပေးဖို့တော့ ညှိနှိုင်းနေကြတာတွေ ရှိတော့ရှိတယ်။ အခုထိတော့ ညှိနှိုင်းလို့မရသေးဘူးလို့ကြားရတယ်။ နေပြည်တော်က ညွှန်ကြားတာလို့တော့ ပြောတယ်။
DW ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။
“ပုလောဘက်မှာ တိုက်ပွဲဖြစ်ပြီး ၁၇ ရက်ကြာ လမ်းပိတ်တာနဲ့ ကြုံတယ်”
ထားဝယ်ဒေသထွက် ငါးပိ၊ ငါးခြောက် လက်လီလက်ကားဒိုင် အမျိုးသမီးတစ်ဦး
DW ။ ကုန်စည်တွေပို့နေရတဲ့ လက်ရှိအခြေအနေလေး ပြောပြပေးပါ။
ဖြေ ။ အခုကတော့ ကားအငယ်လေးတွေနဲ့ ပို့ပေးနေတယ်။ Bee တို့ Royal တို့ (အမြန်ချော) နဲ့ကတော့ နည်းနည်းကြာတယ် ။ ရန်ကုန်အထိပို့ရင်တောင်မှ တစ်ပတ်နီးပါးကြာတယ်။ ပြည်ပကိုတော့ ထိုင်းကိုပို့တာ တစ်ပတ်နဲ့ရောက်တယ် ။ ဟိုတလောကတော့ လမ်းခရီးအခက်အခဲ ဖြစ်တယ် ။ စားသောက်ကုန်တွေဆိုတော့ မြန်လေကောင်းလေပဲလေ။ တံတားကျိုးတာတို့ ၊ တိုက်ပွဲဖြစ်တာတို့နဲ့ ကြုံရင်တော့ ကြန့်ကြာတာပေါ့။
DW ။ လမ်းခရီး ကြန့်ကြာတဲ့အခါမျိုးမှာ ပစ္စည်းဆုံးရှုံးမှုတွေရှိလား ။
ဖြေ ။ ဆုံးရှုံးမှုကတော့ ရှိတယ်။ ကိုယ်ကလည်း မသိဘူးလေ ။ ပုလောဘက်မှာ တိုက်ပွဲဖြစ်ပြီး ၁၇ ရက်ကြာ လမ်းပိတ်တာနဲ့ ကြုံတယ်။ ကားသမားကလည်းမသိဘူးလေ လမ်းရောက်မှ တိုက်ပွဲနဲ့ကြုံတယ်။ သိရင်သူတို့လည်း လက်ခံမှာမဟုတ်ဘူးလေ။ ကိုယ်ပို့လိုက်ပြီးမှ ရက်ကြာသွားတယ်။ ထိုင်းဘက်ကိုပို့မယ့် ပစ္စည်း၃ ထုပ် ။ ငါးကွမ်းရှပ်ခြောက်တွေ ငါးပိတွေ ငါးချဉ်တွေ ပါတယ်။ ရက်ကြာတော့ လမ်းမှာ အတင်အချလည်းများတယ် ။ငါးကွမ်းရှပ်တွေဆိုမှိုတက်တယ်။ လေပိတ်အိတ်နဲ့ထည့်ထားတာပဲ။ ငါးလုံးချဉ်တွေဆိုလည်း အတူတူပဲ ။ ငါးပိဘူးတွေဆိုလည်း အဖုံးတွေ ပွင့်ကုန်တယ် ။ ရန်ကုန်ဘက် ပို့ရင်တော့ အဲလိုမကြုံဖူးဘူး။ တံတားတွေကျိုးလည်း ရှောင်လမ်းတွေရှိတော့ ရက်အကြာကြီးပိတ်မိနေတာမျိုးမရှိဘူး ။
DW ။ ပစ္စည်းတွေ လမ်းခရီးမှာ အခုလို ပျက်စီးသွားတဲ့အပေါ်မှာ စားသုံးသူတွေကို ဘယ်လိုပြန်ဖြေရှင်းပေးရလဲ။
ဖြေ ။ နားလည်ပေးသူဆိုရင်တော့အဆင်ပြေတယ်။ တချို့လည်း နားလည်မပေးကြဘူး ။ ကိုယ်ဘက်ကတော့ အချိန်ပေး ရှင်းပြရတာပေါ့ ။ ကိုယ့်ဘက်က အချိန်မီပို့ပေးလည်း လမ်းခရီးကဖြစ်တဲ့အခါ လမ်းပန်းဆက်သွယ်ရေးနဲ့ဆိုင်တာဆိုတော့ အလျော်ပြန်ပေးဖို့လည်း အဆင်မပြေဘူးလေ ။ ဖောက်သည်တွေကိုတော့ တောင်းပန်ရတယ်ပေါ့။ ဖောက်သည်တွေနဲ့အကြားထဲမှာ အလျော်ပေးရတာမျိုးမရှိပေမယ့် ကသိကအောက်ဖြစ်တယ်။ လမ်းခရီးမကောင်းမှန်းသိသိကြီးနဲ့ ပို့လိုက်ရင်တော့ လျော်ပေးရဖို့ တာဝန်ရှိတယ်။ ပို့ပြီးမှ လမ်းခရီးအခက်အခဲ ဖြစ်သွားတဲ့အခါတော့ သေချာရှင်းပြရတာပေါ့။
DW ။ အခုကာလ မှာ ကုန်စည် ပို့ဆောင်ရေးတွေနဲ့ ရော ပို့ဆောင်ရအဆင်ပြေလား။
ဖြေ ။ သင်္ကြန်ကာလနီးတုန်းက ငါးခြောက်တွေပို့တာ ဆယ်ရက်နီးပါးလောက် ကြာသွားတယ် ။ ရုံးတွေစာတိုက်တွေပိတ်တော့ စာတိုက်ဖွင့်မှ ပြန်ထုတ်ရတော့ ကြာသွားတယ် ။ အဲဒီတုန်းက ပစ္စည်းပို့တဲ့ Express ဘက်ကို ပြန်ပြောပေးတော့ တစ်ဝက်လောက် ပြန်လျော်ပေးတယ် ။ တစ်ခါပဲကြုံဖူးတယ် နောက်ပိုင်းမဖြစ်အောင်တော့ မှတ်ထားရတယ် ။
DW ။ အခု ကားငယ်လေးတွေနဲ့လည်း ပို့တယ် ။ ကုန်ကားတွေနဲ့လည်း ပို့တယ် ။ ဘယ်လိုကွာခြားမှုရှိလဲ။
ဖြေ ။ ကုန်ကားအကြီးနဲ့က ကြာတယ် ။ တစ်ပတ်လောက်အထိကြာတယ် ။ ဂိတ်ပြန်ချိန်းတာတွေမျိုးလုပ်ရ တယ်။ ဂိတ်ချိန်းရမယ့် ပစ္စည်းဆိုရင်တော့ မဖြစ်မနေ ကားအကြီးနဲ့သွားရမယ် ။ ဒါပေမဲ့ ကားအကြီးနဲ့ ကားအငယ် တန်ဆာခ ဈေးကတော့ သောင်းဂဏန်းဝန်းကျင်လောက်ကွာတယ် ။ ကားအငယ်ကတော့ အိမ်အထိရောက်တယ် ။ ရက်မြန်တယ် ။ ရန်ကုန်ဘက်ပို့တဲ့ပစ္စည်း အများစုကတော့ကားအငယ်နဲ့ပဲ ပို့ဖြစ်တယ် ။
DW ။ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောချက်တာပြောပေးပါ။
ဖြေ ။ စားစရာတွေကတော့ မစားဘဲနေလို့မရတော့ ဝယ်စားနေရတာပဲ ။ ဥပမာ ငါးကွမ်းရှပ်ခြောက်က သုံးသောင်းဝန်းကျင်ကနေ အခု ငါးသောင်းကျော်အထိ ဈေးတက်လာတယ် ။ မစားဘဲလည်းမရတော့ စားကြတာပဲ။ ကုန်ဈေးနှုန်း ကြီးလာတော့လည်း ပိုက်ဆံပိုရှာပြီး ဝယ်စားရတယ် ။ အဓိက အခက်အခဲကတော့ လမ်းခရီးအနေအထားပဲ ။ ကုန်ဈေးနှုန်းကတော့ ကိုယ်လည်းလုပ်မနိုင်တော့ တက်နေဆဲပေါ့။
DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
“ကုန်စိမ်း……တစ်စီးလုံးပုပ်သွားတယ်။ အများဆုံး ဆုံးရှုံးတာက ဒေသထွက်ဆို ဒူးရင်းသီး”
ကော့သောင်း-ထားဝယ်-ရန်ကုန် ကုန်စည်နှင့်ခရီးသည်ပို့ဆောင်ရေးတစ်ခုမှ ကားသမားတစ်ဦး
DW ။ လမ်းပိုင်းအခြေအနေ ဘယ်လိုရှိလဲ။
ဖြေ ။ လမ်းပိုင်းကတော့ အရင်လတွေက ရက်ရှည်ပိတ်မိတယ် ။အခုကတော့နာရီပိုင်းနဲ့ ပိတ်တယ် ။ အခုနောက်ပိုင်း တိုက်ပွဲတွေက ရက်ရှည်တွေ သိပ်မဖြစ်တော့ နာရီပိုင်းလောက်ပဲ ပိတ်တယ်။ နာရီကတော့ကွက်တိပြောမရဘူး။ နေ့လယ်တစ်နာရီလောက်လမ်းပိတ်ရင် သုံးနာရီထိုးလွှတ်တဲ့အခါလည်းရှိတယ် ။ ငါးနာရီထိုး လွှတ်တဲ့အခါလည်း ရှိတယ် ။ ပုံမှန် ငါးနာရီလောက်ဂိတ်ရောက်ပေမဲ့ ပိတ်မိတဲ့နေ့တွေဆို ညရှစ်နာရီလောက်အထိ ဖြစ်သွားတာပေါ့ ။ PDF တွေဘက်က ပိတ်တာလည်းရှိတယ် စစ်တပ်က ပိတ်တာလည်းရှိတယ် ။
DW ။ လမ်းရက်ရှည်ပိတ်တဲ့အခါမှာရော ဘာအခက်အခဲတွေကြုံခဲ့ရလဲ။
ဖြေ ။ အခက်အခဲကတော့ ကားသမားတွေမှ မဟုတ်ဘူး ။ ခရီးသည်တွေရော ကားပေါ်ပါလာတဲ့သူတွေမှန်သမျှ အကုန်လုံးခက်ခဲသွားတယ် ။ အဓိက ယာယီ စားဝတ်နေရေးပေါ့ ။ နေတာက ဘုန်းကြီးကျောင်းတွေမှာ လိုက်တောင်းပန်ပြီး တည်းခိုခွင့်လျှောက်ရတယ် ။ ဘုန်းဘုန်းတွေကတော့ ခွင့်ပြုပါတယ်။ ဒါပေမဲ့ စားတာကတော့ ကိုယ်ဟာကိုယ် ဝယ်စားရတယ် ဈေးကြီးတယ်။ စရိတ်စကတော့ ထိတယ်။
DW ။ လမ်းအခက်အခဲကြုံတဲ့အခါ ကုန်စည်ပစ္စည်းတွေ အခြေအနေကရော ဘယ်လိုဖြေရှင်းနေရလဲ။
ဖြေ ။ ကုန်စည် ပစ္စည်းတွေအနေနဲ့ ပုပ်တတ်တဲ့ပစ္စည်းတွေဆို အကုန်ဆုံးရှုံးတာပေါ့ ။ ကျွန်တော်တို့ ဘက်ကလည်း ပြန်လျော်ရတာတော့မရှိဘူး ။ ဘာလို့လဲဆိုတော့ ကားချို့ယွင်းလို့ ဖြစ်တာမဟုတ်ဘဲနဲ့ လမ်းကြောင့် တိုက်ပွဲကြောင့် ဖြစ်တာဆိုတော့ ကျွန်တော်တို့ကတော့ အလျော်အစားမလုပ်ပေးဘူး။ ပစ္စည်းပိုင်ရှင်တွေဘက်က အလျော်တောင်းတာမျိုးတော့ရှိတယ်။ ဒါပေမဲ့ ပမာဏအရမ်းများတော့ လျော်ဖို့လည်း အဆင်မပြေဘူး ။ တချို့ကားတွေဆို ကုန်စိမ်းသက်သက်တစ်စီးဆို တစ်စီးလုံး ပုပ်သွားတယ်။ အများဆုံး ဆုံးရှုံးတာက ဒေသထွက်ဆို ဒူးရင်းသီး။ အခြားကလာတဲ့(တနင်္သာရီတိုင်းအတွင်းသို့ တင်သွင်း) ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ကွမ်းရွက်နဲ့ ဘုရားပန်းတွေပေါ့ ။ အခုနောက်ပိုင်း ကျွန်တော်တို့ကတော့ လမ်းခရီးကို တစ်ရက်နှစ်ရက်စောင့်ကြည့်တယ်။ လမ်းကြောင်းမပွင့်ရင်ပြန်တယ်။ ပစ္စည်းပိုင်ရှင်တွေ ပြန်အကြောင်းကြားပေးတယ် ။ ပုပ်တတ်တာဆိုပြန်လာယူပေါ့ ။ထားလို့ရတဲ့ဟာဆို ထားထားပေါ့ ။ လမ်းကြောင်းပွင့် ပြန်ပို့ပေးတယ် ။
DW ။ ကုန်စည်တွေရော ရွေးပြီးလက်ခံတာမျိုးရောရှိလား။
ဖြေ ။ လမ်းတအားကျပ်တုန်းကတော့ ကုန်စိမ်းတွေ သိပ်လက်မခံဘူးပေါ့ ။ တံတားလည်းနှစ်စီးကျိုးနေတုန်းကဆို လက်မခံဘူး ။ အခုကတော့ ပြန်လက်ခံပေးနေပါတယ် ။ အခြေအနေအရ လက်ခံလို့မရတဲ့အခါကြုံရင်လည်း ပြန်ရွေးပြီးလက်ခံရဖို့ရှိတယ်။
DW ။ ကျေးဇူးတင်ပါတယ်။