အခန်း(၃)
ပြည်သူများ
ကပ်ဘေးကို အထိတ်တလန့်ဖြစ်နေကြတဲ့ လူထုဟာ ပြည်သူ့အခွင့်အရေးတွေ ဆုံးရှုံးလာ နေတာ၊ ပြည်သူ့ဘဝပြိုပျက်နေတာ၊ ဂေဟစနစ် ပြိုဆင်းနေတာတွေကိုကျတော့ ဘာကြောင့်များ အလန့်တကြားမဖြစ်ကြတာပါလိမ့်။ ဒီကိုဗစ်ရန်သူကို အနိုင်ယူဖို့ အရေးကြီးနေတယ်။ ဒီမိုကရေစီတွေ၊ လူ့အခွင့်အရေးတွေ ခဏထားလိုက်ကြစို့ရဲ့လို့ ပြောကြသူတွေ ရှိပါတယ်။ ပြည်သူနဲ့ အစိုးရရဲ့တွေး ပုံက ဒီနေရာမှာ ဘာကြောင့် လာတူနေရတာပါလိမ့်။
လူတွေရဲ့ နေ့စဉ်ဘဝဗဟိုချက်မှာလည်း မိမိကိုယ်ကိုယ်သီး ခြားဖြစ်တည်တယ် (Separate) လို့ ယူဆမှုနဲ့စိုးမိုးထိန်းချုပ်လိုမှု (Control) ကကြီးစိုးနေတာကိုးလို့ ချားလ်စ်က သူ့ရဲ့ကော်ရိုနေရှင်း (Coronatio) ဆောင်းပါးမှာ သုံးသပ်ထားပါတယ်။
လူ့ယဉ်ကျေးမှုက ထိန်းချုပ်နိုင်မှု၊ စိုးမိုးနိုင်မှု၊ တိုးချဲ့နိုင်မှုကိုပဲ ပိုအလေးပေးတယ်။ နည်းပညာ အစွမ်းနဲ့ သဘာဝကို ထိန်းချုပ်မယ်၊ အပေါ်စီးက နေနိုင်အောင် ကြိုးစားမယ်။ အသက်ရှည်အောင်၊ ဓနဥစ္စာများအောင်၊ အာဏာကြီးအောင် တိုးချဲ့မယ်။
ကျုပ်တို့ကို စိုးမိုးထားတဲ့ ဇာတ်ကြောင်းက “လူဟာ သီးခြားဖြစ်တည်နေတယ်။ သဘာဝ လောက မှာ အားလုံးရဲ့ထိပ်ကရှိတယ်။ သူတို့၊ ငါတို့ရယ်လို့ မဆက်စပ်တဲ့ဖြစ်တည်မှုနဲ့ နေကြတယ်။ ငါမဟုတ်တဲ့၊ ငါတို့အုပ်စု မဟုတ်တဲ့ဘက်က လူသတ္တဝါတွေကို စိုးမိုးအနိုင်ယူပြီး ရှင်သန်ရမယ်” ဆိုတာတွေပါပဲ။ အာဏာနဲ့ ဆက်စပ်နေတဲ့အစိုးရတွေက စိုးမိုးမှုအမြင် (Domination Paradigm) ပုံစံအမျိုးမျိုးနဲ့ သွားကြသလို လူထုရဲ့ ယဉ်ကျေးမှုဇာတ်ကြောင်းထဲမှာလည်း ဒီအတွေးမျိုးပဲ နေရာယူနေတယ်လို့ပြောလို့ ရပါတယ်။
ဆက်စပ်ဖြစ်တည်နေတယ်လို့ မတွေးတောတဲ့အခါ စိုးမိုးခြယ်လှယ်မှုဆီ ရောက်ကြတော့တာပါ။
စိုးမိုးထိန်းချုပ်လိုမှုနဲ့ တိုးချဲ့ကြတဲ့အခါ နဂိုက သဟဇာတဖြစ်နေတာတွေ ပျက်စီးရတယ်။ ဂေဟစနစ်နဲ့ လူရဲ့သဟဇာတ ပျက်တယ်။ လူ့အသိုက်အမြုံ အချင်းချင်းရဲ့ သဟဇာတပျက်တယ်။ အဲဒီအခါ လုံခြုံရေးက ရှေ့တန်းရောက်လာတယ်။ လုံခြုံရေးကို ရှေးရှုတည်ဆောက်ကြရင်း ပြည်သူ့ဘဝရှင်သန်မှု တန်ဖိုးတွေ ပျောက်ဆုံးရပါတယ်။ လုံခြုံဖို့အတွက် ဥစ္စာဓနပိုရှာဖွေရ၊ ပိုစုဆောင်းရ၊ ပိုချဲ့ထွင်ရပြန်ပါ တယ်။
ဒီသံသရာကလွတ်ဖို့ရာ “ခင်ဗျားရှိလို့ ကျွန်တော် ရှိနေတာ” ဆိုတဲ့ အပြန်အလှန်မှီတွယ်ဖြစ်တည်မှုကို တည်ဆောက်နိုင်ကြမှ ရပါမယ်။
“ဘယ်လိုပဲဖြစ်ဖြစ် သေခြင်း တရားကတော့ စောင့်နေတာပဲလေ။ လောလောဆယ် ရှောင်လွှဲ လိုက်နိုင်ရင်တောင် အဲဒါအချိန် ရွှေ့ထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်ပေဘူးလား။ ဘဝရဲ့ မြင့်မြတ်မှုဆိုတာ အသက်ရှည်တာ တစ်ခုတည်း မဟုတ်ပါဘူး။ ကောင်းမွန်မှန်ကန်စွာနေထိုင်တာ (Living well and right an fully) လည်း ဖြစ်ရမှာပေါ့” လို့ ချားလ်စ် က သတိပေးပါတယ်။
တစ်သီးပုဂ္ဂလလုံခြုံဖို့၊ လူအချင်းချင်းကနေ အမြတ်ထုတ်ဖို့၊ သဘာဝကနေ အမြတ်ထုတ်ဖို့ ကြိုးစားကြရင်း သေနေတဲ့ လူ့အဖွဲ့အစည်းတွေ ဖြစ်လာကြတယ်။
ထူးခြားတဲ့သမိုင်းကာလကို ဖြတ်သန်းကြရတိုင်းမှာ အဲဒီကာလနဲ့သက်ဆိုင်တဲ့ ခံစားမှု ပုံသဏ္ဌာန် (Structure of feeling) ဖြစ်တည်လေ့ရှိတယ်။ ဒီ ကပ်ဘေးကာလမှာ သေခြင်းတရားကို နီးနီးကပ်ကပ် မြင်ရတဲ့ ခံစားမှုဖြစ်တယ်။ ပုံမှန်အားဖြင့် သေခြင်းတရားကို မေ့နေကြလေ့ ရှိတာကိုး။ သေခြင်းတရားက သတိပေးတဲ့အခါ ဘယ်လိုရှင်သန် ကြမလဲဆိုတာ ကိုလည်း ဆင်ခြင်ဖြစ်ကြတဲ့ကာလပေါ့။ သဟဇာတ ဟန်ချက်တွေကို ပျက်စေတဲ့နေ ထိုင်မှုတွေဟာ လျော်ကန်တဲ့ရှင် သန်မှုတွေ ဟုတ်ပါ့မလားလို့ပြန် တွေးဖြစ်ကြတယ်။
“ဇီဝကွန်ရက် (Web of Life) ထဲမှာ ငါတို့ အားလုံးအတူတူ” ဆိုတဲ့ စိတ်နဲ့ရှင်သန်နိုင်ကြပါ့ မလား။ ကပ်ဘေးအစပိုင်းမှာ ဈေးဝယ်ကြတဲ့အခါ တစ်ယောက်က ဒီလိုတွေးပါတယ်။
‘အားလုံးအတွက် လုံလောက်အောင်ရှိမှာမဟုတ်ဘူး။ သေချာအောင် ငါ့အတွက် များများဝယ်ထားမှ’၊ နောက်တစ်ယောက်ကတော့ ‘မလုံလောက်တာလေး သက်သာအောင်မျှ သုံး၊ ချွေသုံးကြမှ’ လို့ တွေးပါတယ်။
လူဟာ သီးခြားကင်းလွတ် ဖြစ်တည်နေတာဆိုတဲ့ ဇာတ်ကြောင်း (Narrative of Separation)ကို ပြောင်းကြမှဖြစ်မယ်။ မင်းနဲ့ငါဟာ သက်သက်စီ၊ လူသားနဲ့သဘာဝဟာ သက်သက်စီဆိုတဲ့ ဇာတ်ကြောင်းဟာ အလုပ်မဖြစ်တာသေချာတယ်။ ကရုဏာတရားရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ကျုပ်တို့ စနစ်တကျပြောင်းလဲနိုင်ကြပါ့မလားလို့ ချားလ်စ်က မေးခွန်းထုတ်ပါတယ်။ ကရုဏာတရား မပါရင် မြင့်မြတ်တဲ့ရှင်သန်မှု မဖြစ်နိုင်ပါဘူး။
ကရုဏာတရားရှိတဲ့ လူ့အဖွဲ့အစည်းရဲ့ အသွင်အပြင်တွေဟာ ဘယ်လိုဖြစ်မလဲ။
မျက်စိတစ်ဆုံးကနေ ကျော်လွန်ပြီး မြင်နိုင်တာကို ပြောတာလို့ ယူလို့ရ မယ်ထင်ပါတယ်။ ရာသီဥတုပြောင်းလဲမှုမှာတော့ ဒါကို “မိုးကုပ်စက်ဝိုင်းအထိ မကြည့်ကြတဲ့အတွက် ကြုံရတဲ့ကြေကွဲရမှု (The tragedy of the horizon)” လို့ ရည်ညွှန်းကြပါတယ်။
ကိုယ်ကျိုးစီးပွားနဲ့ လုံးထွေးနေကြလို့ ကျုပ်တို့ချန်ခဲ့မယ့် ဝန်ထုပ်ဝန်ပိုးတွေရဲ့ အကျိုးဆက်တွေကြောင့် ပုံမှန်ဘဝရကြဖို့ ဘယ်လိုမှမလွယ်တဲ့ ကလေးတွေကို ကျုပ်တို့မမြင်ဘူး။
သူတို့ဘာသာ အဆင်ပြေသွားကြမှာပေါ့ဆိုတဲ့ ခပ်ပေါ့ပေါ့အတွေးနဲ့ ကျုပ်တို့နေကြတယ်။ ဒုက္ခသည်စခန်းက လူတွေကို ကျုပ်တို့မမြင်ကြဘူး။ ကျေးလက်က ပြည်သူတွေကို ကျုပ်တို့မမြင်ကြဘူး။ မြို့ပြဆင်းရဲသားရပ်ကွက်က လူတွေကို မမြင်ကြဘူး။
အလုပ်သမား လူတန်းစား ၄၁ သန်းကို မမြင်ဘဲ လေးနာရီအတွင်း အိမ်ပြင်မထွက်ရအမိန့် ထုတ်လိုက်တဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကြီးလိုပဲ ကျုပ်တို့လည်း မမြင်ဘူး။
လူ့ဂုဏ်သိက္ခာနဲ့ လွတ်လပ်မှု၊ မျှတမှုကို ကြိုးစားတည်ဆောက်ပြီး ပြည်သူ၊ လူ၊ သတ္တဝါအချင်းချင်းကို ကာကွယ်ဖို့ ပျက်ကွက်နေတဲ့ ကျုပ်တို့ကို ကျုပ်တို့ မမြင်ဘူး။
လုံခြုံရေးကို အကြောင်းပြ ပြီးတောင်းဆိုလာ ရင်ရှိသမျှလွတ်လပ်ခွင့်လေးကို ဒူးထောက်ဆက်ကပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ကျုပ်တို့ကိုယ် ကျုပ်တို့ မမြင်ဘူး။
အခန်း(၄)
မုန်တိုင်းထဲမှာ
ကြေကွဲစရာဇာတ်ကြောင်းတွေ ထောင်သောင်းချီနေတဲ့ နာဂစ်မုန်တိုင်းအတွင်းက ဖြစ်ရပ်တစ်ခုကို ပြန်သတိရမိပါတယ်။ တရိပ်ရိပ်တက်လာနေတဲ့ မုန်တိုင်းဒီရေလှိုင်းတွေကို အန်တုပြီး သားနှစ်ယောက်ကို မနိုင်မနင်းထိန်းထားတဲ့ အမေတစ်ယောက် အကြောင်းပါ။ ဘယ်လိုမှ တောင့်ခံနိုင်စွမ်းမရှိတော့လို့ သားတစ်ယောက်ကို လက်ကလွှတ်ချလိုက် ရပါတယ်။ ရေထဲမျောသွားတဲ့ ကလေးငယ်ဟာ မသေဘဲအမေနဲ့ ပြန်တွေ့တဲ့အချိန်ဟာ ဒီဇာတ်ကြောင်းရဲ့ အကြေကွဲရဆုံးအချိန်လို့တောင် ပြောလို့ရမယ် ထင်ပါတယ်။ အမေ့လက်က လွှတ်လိုက်တဲ့ကလေးက ခြေထောက်တစ် ဖက်မသန်ပါဘူး။ သူ့ကို ဒုက္ခိတမို့ အမေကရွေးပြီးလွှတ်ချလိုက် တာလို့ပြောပြီး အမေနဲ့ပြန်တွေ့ချိန်မှာ ကလေးဟာ မရပ်မနား ငိုကြွေးပါတယ်။
ကိုဗစ်ကပ်ဘေးမှာလည်း ခက်ခဲတဲ့ရွေးချယ်မှု၊ ကြေကွဲစရာ ရွေးချယ်ရမှုဇာတ်ကြောင်းတွေက များလှပါတယ်။ အသက်ရှူစက် အလုံအလောက်မရှိတဲ့ အခါ ကြီးသူ၊ ငယ်သူ၊ မျှော်လင့်ချက်ရှိသူ၊ မရှိသူ ဘယ်သူ့ကို ဦးစားပေးရမလဲဆိုတဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချရပါတယ်။
ရထားတွဲပြဿနာ (Trolley Problem) လို့ လူသိများတဲ့ ကျင့်ဝတ်သီလဆိုင်ရာပြဿနာနဲ့
ဆင်တူတယ်လို့ ပြောကြပါတယ်။ အဲဒီပြဿနာမှာ ရထားတွဲတစ်တွဲဟာ ဘရိတ်ပျက်ပြီး ပြေးလမ်းအတိုင်း အရှိန်နဲ့လာနေတယ်။ ဒီအတိုင်း ဆက်သွားရင် လူငါးယောက်ကို တိုက်မိတော့မယ်။ ရှိနေတဲ့လမ်း လွှဲတစ်ခုကို ပြောင်းပေးလိုက်ရင်တော့ အဲဒီလမ်းလွှဲ မှာရှိနေတဲ့လူ တစ်ယောက်ပဲသေမယ်။ ဒီအခြေအနေကို မြင်နေရတဲ့ခင်ဗျားက လမ်းလွှဲတဲ့မောင်းတံ နားမှာ ရပ်နေတယ်။ ခင်ဗျားဘာလုပ်မလဲ။
ရွေးစရာနှစ်ခုစလုံးက အဆိုးတွေချည်းပဲ။ ဘယ်လိုလုပ် လုပ်ရလဒ်ကောင်းစရာမရှိဘူး။ ဘာကြောင့် ဒီလိုလုပ်ဖို့ရွေးလိုက်ရတာပါလို့ အကြောင်းပြချက် ပေးစရာတွေတော့ရှိပါလိမ့်မယ်။
ဒီကပ်ဘေးမှာ လူမှုစီးပွားလည်ပတ်မှုတွေ ဘယ်လောက် ကြာကြာရပ်ထားမလဲဆိုတာကို ပြင်းပြင်းထန်ထန် ငြင်းခုံကြပါတယ်။ အလုပ်အကိုင်ထက် အသက်က ပိုတန်ဖိုးကြီးတယ်။ ကပ်ဘေးထဲမှာ အားလုံးရပ်တန့်ထားရမယ်လို့ ပြောကြတယ်။ တစ်ဖက်ကလည်း အလုပ်အကိုင် မရှိရင် ချို့တဲ့တာ၊ ဆင်းရဲတာ၊ စိတ်ပျက်ပြားတာတွေနဲ့ သေကြမယ့် လူတွေမနည်းဘူး။ ရပ်တန့်ထားတာတွေ ဖွင့်ပေးမှရမယ်လို့ ပြောကြတယ်။
မျှတတဲ့လူ့အဖွဲ့အစည်းဖြစ်ဖို့ မသိခြင်း ကန့်လန့်ကာ (Veil of ignorance) ဆိုတဲ့ စမ်းသပ် ချက်ကို လုပ်ကြည့်ဖို့ အမေရိကန် ဒဿနဆရာ ဂျွန်ရောလ် (John Row) က တိုက်တွန်းခဲ့ဖူးပါတယ်။ ခင်ဗျားကိုယ်ခင်ဗျား မမွေးဖွားလာသေးတဲ့ လူတစ်ယောက်အဖြစ် စဉ်းစားကြည့်လိုက်။ ကမ္ဘာမြေရဲ့ ဘယ်နေရာမှာ မွေးလာမယ်။ ဘယ်မိဘမျိုးက မွေးလာမယ်။ ဘယ်လူတန်းစားမျိုးက မွေးလာမယ်မသိဘူး။
ကိုယ်အင်္ဂါ ပြည့်ပြည့်စုံစုံနဲ့ မွေးလာမလား၊ မသန်စွမ်းသူအဖြစ် မွေးလာ မလားလည်း ခင်ဗျားမသိဘူး၊ ယောကျာ်း၊ မိန်းမ၊ LGBT.Q ဘယ်လိုအဖြစ်နဲ့ မွေးလာမယ်ဆိုတာလည်း ခင်ဗျားမသိဘူး၊ ဘယ်လူမျိုး၊ ဘယ်ဘာသာမှာ မွေးလာမယ်လည်းမသိဘူး၊ ကျေးရွာ၊ ဇနပုဒ်၊ ဒုက္ခသည်စခန်း ဘယ်နေရာရောက်မယ်မှန်းကို မသိဘူး၊ ဖိနှိပ်တဲ့နေရာ၊ လွတ်လပ်တဲ့နေရာ ဘယ်လိုနေရာမျိုး ရောက်မယ်မှန်းလည်း မသိဘူး။
အဲဒီလို ဘာဆိုဘာမှ မသိရတဲ့ အခြေအနေမှာဆိုရင် ရှိနေစေချင်တဲ့အနေအထားက ဘာဖြစ်မလဲ။ နှိမ့်ချခံရတဲ့ လူစုထဲမှာ ခင်ဗျားမွေးမှာဆိုရင် ခွဲခြားဆက်ဆံတဲ့ မူဝါဒတွေရှိစေချင် ပါ့မလား။ ဖိနှိပ်ခံရတဲ့လူစုထဲမှာ မွေးမှာဆိုရင် မမျှတတဲ့ဥပဒေတွေ ခင်ဗျားရှိစေချင် ပါ့မလား။ အားလုံးကိုယ်စီ အခြေခံလိုအပ်ချက်ဖူလုံပြီး ကိုယ့်ဘဝ၊ ကိုယ့်ပတ်ဝန်းကျင်ကို ပိုကောင်းအောင် လုပ်နိုင်တဲ့အခွင့်အရေး (Assurance of basic necessities and the opportunities to do better) လူတိုင်းကိုယ်စီရဲ့ လက်ထဲမှာရှိ စေချင်မှာပေါ့။
အခုကာလမှာ ယေဘုယျအားဖြင့်တော့ ဂျွန်ရောလ်ရဲ့အတွေးပုံစံဖြစ်တဲ့ ဘယ်သူ့ကိုမှ ချန်မထားကြနဲ့ဆိုတဲ့ အခြေခံပေါ်ကနေ ကပ်ဘေးကို တုံ့ပြန်နေကြတယ်လို့ ဆိုပါတယ်။ ကျုပ်တို့ တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်ကြရမှာပေါ့လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။ ဒါပေမဲ့လည်း ထရော်လီပြဿနာလို ခက်ခဲတဲ့ရွေးချယ်မှုတွေကတော့ နေ့တိုင်းရှိနေတယ်။ ဘယ်လို လုပ်ကြမလဲ။
အင်္ဂလန်က နိုင်ငံရေးဘောဂဗေဒ ပါမောက္ခတစ်ဦးကတော့ ဘယ်သူသေရမယ်၊ ဘယ်သူရှင်ရ မယ်ဆိုတာကို ဘယ်လိုပဲ စဉ်းစားရွေးရွေး၊ ကျင့်ဝတ်သီလအရတော့ လက်ခံနိုင်စရာရှိမှာမဟုတ်ပါဘူးတဲ့။ ရွေးချယ်စရာမလိုတဲ့ အခြေအနေ ဖြစ်အောင်လုပ်ဖို့ပဲ ရှိမှာပါတဲ့။ “အနောက်တိုင်းရဲ့ စီးပွားရေးလော့ဂျစ်ကို ပြောင်းလဲ ပစ်ရတော့မည်။ Why the West must transform its economic logic” ဆိုတဲ့ ဆောင်းပါးထဲမှာပါတဲ့ မှတ်ချက်ပါ။
ကျင့်ဝတ်သီလကိစ္စဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု ဖွဲ့စည်းပုံတွေဆီကို ပြန်ရောက်ပါတယ်။
၁၈၃၂ က ကဗျာဆရာကြီး ဟိန်းနရစ်ဟိန်း (Heinrich Heine)ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာနေရင်း ကာလဝမ်း ရောဂါကပ်ဘေးနဲ့ ကြုံရပါတယ်။ ဂျာမနီမှာ မွေးပြီး ပါရီကိုချစ်တဲ့လူဟာ ကပ်ဘေးက လှစ်ဟပြလိုက်တဲ့စနစ်ရဲ့ ပျက်ယွင်းမှုတွေကို သူ့စကားနဲ့ ပြောရရင် ရိုးရိုးသား သားဆန်းစစ်ခဲ့သူပါ။ သူမြင်သမျှတွေကို ရေးပြခဲ့ပါတယ်။ သူဟာ ကားလ် မာ့ခ်စ် အခင်ဆုံးမိတ်ဆွေတစ်ဦးလည်း ဖြစ်ပါတယ်။
သူကြုံရတဲ့ကပ်ဘေးဟာ အမေရိကန်နဲ့ ဥရောပကို ၁၈၃၀ ကျော်နှစ်တွေမှာ ရောက်တာပါ။ ထုံးစံအတိုင်း လက်သည်အဖြစ် လက်ညှိုးထိုးအပြစ်တင်ခံရသူတွေက အမေရိကန်မှာဆို အိုင်းရစ်လူမျိုးတွေနဲ့ ပြင်သစ်မှာတော့ ဆင်းရဲသားတွေပါ။ အားနည်းတဲ့ သူကို စောင့်ရှောက်ဖို့က အင်မတန်ရိုးစင်းတဲ့လူ့ကျင့်ဝတ်ပါဗျာလို့ သူက နောက်ပိုင်းမှာ စာရေးခဲ့သလို အဲဒီကာလအတွင်းမှာ သူကိုယ်တိုင်ကလည်း ကူညီတာတွေလုပ်ခဲ့ပါတယ်။
လူမှုဘဝပြိုကွဲမှုကနေ စီးပွားရေး၊ နိုင်ငံရေးအမြတ်ထွက်ချင်သူတွေက သတင်းမှားတွေ ထုတ်ကြပါတယ်။ ကပ်ရောဂါဟာ အဆိပ်လိုက်ခတ်နေသူတွေကြောင့် ဖြစ်ရတာဆိုတဲ့သတင်းက တောမီးလို ပြန့်လာပါတယ်။ ရဲတပ်ဖွဲ့ကကို တရားခံကို သူတို့ရှာပါ့မယ်လို့ ကြေညာရတဲ့အထိ ဖြစ်တယ်။ တရားခံ ဖြစ်မှာကြောက်လို့ မထွက်ရဲ၊ မသွားရဲ၊ မလာရဲ ဖြစ်ရသူတွေက ပါရီဆင်းရဲသား လူထုကြီးပါ။ လူအုပ်ကြီးက သူ့ဘာသာ တရားခံလိုက်ရှာပြီးသတ်တာ၊ ဖြတ်တာ တွေလည်းဖြစ်နေတာကိုး။ “ထိတ်လန့်တာနဲ့ စိတ်ပျက်တာကို
တွန်းလှန်ပြီး ခြုံငုံနားလည်အောင် ကြည့်ရတာပေါ့ဗျာ” လို့ ဟိန်းကရေးပါတယ်။
နောက်ပြီး အိမ်တွေကနေ လမ်းပေါ် လာပုံထားတဲ့ အမှိုက်ထုပ်တွေကနေ အသုံးတည့်တာတွေ ရှာဖွေရောင်းချတဲ့ လူတွေ ပါရီမြို့မှာရှိပါတယ်။ ကပ်ဘေးဖြစ်လို့ အမှိုက်ထုပ်တွေကို လမ်းပေါ် မဖွရ၊ မြို့ပြင်ရောက်မှ ဖွလို့ရမယ့်စည်း ကမ်းထုတ်လိုက်တဲ့အခါ အမှိုက်ကောက် သူတွေ၊ ပစ္စည်းအဟောင်းပြန်ရောင်းသူတွေက ဆူပူရမ်းကားကြတယ်။
လွတ်လပ်မှုရဲ့မီးရှူးတိုင်လို့ ဂုဏ်ယူဝင့်ကြွားလေ့ရှိတဲ့ ပါရီမြို့ကြီးမှာ ခွင့်တူညီမျှမှုဆိုတာမုသားပါပဲလားလို့ ပါရီက သာမန်ပြည်သူတွေ သဘောပေါက်လာ ကြတယ်။
အုပ်ချုပ်သူတွေ ဟန်ရေးပြနေတဲ့ လွတ်လပ်ခွင့်ရှိတယ်ဆိုတာကလည်း အပေါ်ယံပါလားလို့ သိလာကြတယ်။
သေဘေးနဲ့လွတ်အောင် ဓနဥစ္စာနဲ့ ကာကွယ်ထားနိုင်သူလူ တန်းစားတစ်ခုနဲ့ ဘာအကာအကွယ်မှမရှိတဲ့ လူထုကြီးရယ်လို့ ကွာဟဖြစ်တည်နေတာပါလားလို့ သဘောပေါက်လာကြတယ်။
သရုပ်မှန်ပေါ်သွားတဲ့အခါ အမုန်း တွေ၊ ရန်ပွဲတွေ၊ ဝါဒဖြန့် လှည့်စားတာတွေနဲ့ လူထုကို ကြိုးကိုင်ဖို့ မလွယ်တော့ဘူးလို့ ဟိန်းက မှတ်ချက်ချပါတယ်။
ဒါပေမဲ့ ကပ်ဘေးဟာ လွတ်မြောက်မှုဆီ ဦးတည်စေမလား၊ ပိုကြီးတဲ့ ဖိနှိပ်မှုတွေဆီကိုပဲ သွားမလားဆိုတာ မသေချာ ပြန်ဘူး။ ဝိုင်းဝန်းကြိုးစားပြောင်းလဲမှုတွေ အပေါ်မှာပဲ မူတည်နေတယ်လို့ သူမှတ်ယူတယ်။
ဟိန်းနရစ်ဟိန်းက “ကျုပ်တို့ တစ်ယောက်ချင်းစီလုပ်နိုင်တာ သုံးခုရှိ တယ်။ နံပါတ်(၁)က ဖျားနာထိခိုက်နေသူတွေကို ပေးနိုင်တဲ့ လက်တွေ့အကူအညီ မှန်သမျှ ပေးဖို့၊ ဒုတိယက ဘေးပတ်ဝန်းကျင်ကို သေချာကြည့်ပြီး လူတန်းစားအလိုက် မတူကွဲပြားတဲ့သက် ရောက်မှုတွေကို နားလည်ဖို့၊ တတိယတစ်ခုက အလွန်အကျွံ ဒဏ်ပိမှုတွေကိုဖြစ်စေတဲ့ လူ့အဖွဲ့ အစည်းထဲက အခြေအနေတွေကို ပြောင်းဖို့” လို့ ပါရီမြို့ကာလဝမ်းရောဂါ ကပ်ဘေးထဲက သူ့အမြင်ကို အနှစ်ချုပ်ပြပါတယ်။
ကိုဗစ်ကပ်ဘေးအတွင်းမှာ ကဗျာဆရာကြီး ဟိန်းနရစ်ဟိန်းအကြောင်းကို ပြန်ရေးပြသူက ဂျော့ပရောနစ် (George Prochnik) ပါ။ “ကာလဝမ်းရောဂါဘေးထဲက b0 – Life in the time of Cholera: Lessons on a pandemic” ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးခဲ့ တာပါ။
စာရေးသူဂျော့က “ဒီကပ်ဘေးမှာ ကိုရိုနာဗိုင်းရပ်စ်ကို မမြင်ရတဲ့ရန်သူလို့ ရည်ညွှန်းကြ တာရှိတယ်။ သတိရှိစေလိုလို့ ပြောကြတာလည်း ဖြစ်မယ်။ တစ်ချိန်တည်းမှာ အစိုးရရဲ့တာဝန်ရှိမှုကို အလွယ်တကူဖုံးကွယ်လို့ရတဲ့ စကားလည်း ဖြစ်နေတယ်။ ကြိုမြင်၊ ကြိုပြင်၊ ကြိုတွေးဖို့ဟာ အစိုးရရဲ့တာဝန် မဟုတ်ဘူးလား”
အစိုးရဲ့ ဖွဲ့စည်းပုံယန္တရားကြီးဟာ ကပ်ဘေးကိုကြိုမမြင်သလို လူထုဘဝကိုလည်း မမြင်ပါဘူး။ ဒီလိုနဲ့ပဲ ဘရိတ်ပေါက်နေတဲ့ ရထားတွဲတွေ လူတွေဆီ မရပ်မနားရောက်နေတော့တာပေါ့။
ရှေ့ကို မျှော်ကြည့်တဲ့အခါ တဖြည်းဖြည်းနီးလာနေတဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ သူ့ရဲ့အကျိုးဆက်ကပ်ဘေးတွေကို မြင်နေရပါတယ်။ ကိုရိုနာကို အကြိုမြည်း စမ်းရတဲ့ကပ်ဘေးလို့ ယူဆလို့ရပါတယ်။
ဒီနေရာမှာ ကျုပ်တို့ဟာ နာဂစ် မုန်တိုင်းဆီကို ပြန်ရောက်သွား ပါတယ်။ ခင်ဗျားဟာ သားနှစ်ယောက်ကို ကယ်တင်ဖို့ကြိုးစားနေရတဲ့ သစ်ပင်ထိပ်က မိခင်နေရာမှာ ရောက်နေတယ်။
ခင်ဗျားခိုလှုံစရာတောင့်တင်းတဲ့ အိမ်မရှိ၊
ခင်ဗျားအတွက် ကယ်ဆယ်ရေး အစီအစဉ်မရှိ၊
ခင်ဗျားဘာလုပ်မလဲ။
မြန်မြန်ဆုံးဖြတ်တော့။
လှိုင်းလေတွေကြားထဲမှာ ရေက တက်လာပြီ။
အယ်ဒီတာ