BREAKING
October 19, 2024

မလေးရှားတွင် သွားရောက်လုပ်ကိုင်မည့် မြန်မာ ၁၁ ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းမိ

May 23, 2024

မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၁ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများကို ထိုင်း-မလေးရှားနယ်စပ်သို့ ပို့ဆောင်ပေးရန် ထိုင်းနိုင်ငံသားများက ပစ်ကပ်ကားများဖြင့် မေလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ခေါ်ဆောင်လာခဲ့ကြခြင်းဖြစ်သည်။

သို့သော်လည်း ရဲတပ်ဖွဲ့များက သတင်းကြိုတင်ရရှိထားသဖြင့် ထိုင်းတောင်ပိုင်း ပတ်တနီခရိုင်ရှိ လမ်းတွင် ဂိတ်ချစစ်ဆေးခဲ့ကြသည်။

ပစ်ကပ်ကားများက စစ်ဆေးရေးဂိတ်ကို ဖြတ်မောင်းခဲ့ကြပြီး ရှောင်ပြေးခဲ့ကြသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ ပစ်ကပ်ကား ငါးစီးအနက် နှစ်စီးကိုဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိခဲ့သော ကားထဲတွင် မြန်မာအမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၂ ဦးကို တွေ့ရှိခဲ့ပြီး ထိုင်းကားသမားနှစ်ဦးကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာခဲ့ကြကြောင်း၊ အများစုသည် စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာသူများဖြစ်ပြီး မလေးရှားတွင် အလုပ်သွားလုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း ဝန်ခံထားသည်။

ယင်းခရီးစဉ်အတွက် မြန်မာပွဲစားကို တစ်ဦးလျှင် ဘတ် ၃၅၀၀၀ ကျော်အထိ ပေးချေထားပြီးဖြစ်ကြောင်း ဝန်ခံထားသည်။

ဖမ်းဆီးခံရသော ထိုင်းကားသမားများနှင့် မြန်မာနိုင်ငံသားများကို ဥပဒေအတိုင်း ဆောင်ရွက်သွားရန် ကျကဝါ့ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး လွတ်မြောက်သွားသော ကားများကို ဆက်လက်ရှာဖွေ ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Thai Enquirer, Matichon Online