BREAKING
December 23, 2024

မော်လမြိုင်-ထားဝယ်ကားလမ်းရှိ တံတားတစ်စင်း ထပ်မံမိုင်းခွဲခံရ တစ်ဦးသေ၊ ၃ ဦးဒဏ်ရာပြင်းထန်

May 23, 2024

ပုံစာ - မိုင်းခွဲခံထားရသည့် မစောတံတား မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - ဒေသခံ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်-ထားဝယ်ကားလမ်းပေါ်ရှိ မစောတံတား ယနေ့ (မေ ၂၃) နံနက်အစောပိုင်းက ထပ်မံမိုင်းခွဲဖျက်ဆီးခံရပြီး ဆိုင်ကယ်ဖြင့် ခရီးသွားလာသူ ၁ ဦး သေဆုံးကာ၊ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်ဘက်သို့ ဆက်သွယ်သွားလာ အသုံးပြုနေရသည့် မစောတံတားသည် ယနေ့ နံနက် ၄ နာရီခွဲကျော်အချိန်ခန့်က မိုင်းခွဲခံရပြီး တံတားပြိုကျပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

မိုင်းခွဲခံရပြီး တံတားပြိုကျပျက်စီးသွားသည့်အတွက် လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားပြီဖြစ်သည်။

တံတားမိုင်းခွဲခံရစဉ်တံတားပေါ်ဖြတ်သန်းသွားနေသည့် ဆိုင်ကယ် ၃ စီး တံတားပြိုကျမှုနှင့်အတူ ချောင်းအတွင်း ပြုတ်ကျသွားခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား ၁ သေဆုံးကာ၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

“တံတားက လုံးဝဖြတ်လို့မရတော့ဘူး။ တံတားတစ်စင်းလုံးနီးပါးက ပျက်စီးသွားပြီ။ တံတားအောက်ပြုတ်ကျသွားတာက ဆိုင်ကယ် ၂ စီး၊ လူ ၄ ယောက်၊ တစ်ယောက်သေသွားတယ်။ ၃ ယောက်ကတော့ ဒဏ်ရာရတယ်” ဟု ဘီးလင်းဒေသခံတစ်ဦး ပြောသည်။

မစောတံတားကို မည်သည့်လက်နက်ကိုင်အဖွဲ့က မိုင်းဖောက်ခွဲခဲ့သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မေလ ၁၁ ရက်နေ့နံနက်စောပိုင်းကလည်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ် ရန်ကုန်-မော်လမြိုင်-ထားဝယ်ကားလမ်းရှိကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ရာမှ လမ်းလွှဲမှတစ်ဆင့် ကားများဖြတ်သန်းသွားလာနေကြရသည်။

ယခုအခါ အရှည် ၁၀၆ ပေ၊ အကျယ် ၂၄ ပေရှိ မစောတံတား ထပ်မံမိုင်းခွဲဖျက်ဆီးခံခဲ့ရသည့်အတွက် မွန်၊ ကရင်၊ တနင်္သာရီဘက်မှ ရန်ကုန်ဘက်သို့ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှု ပြန်လည်ပြတ်တောက်သွားခဲ့သည်။

ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းပေါ်ရှိ တံတားများ မိုင်းခွဲဖျက်ဆီးခံရသည့် ဖြစ်စဉ် မကြာခဏဖြစ်ပွားနေသလို ဘီးလင်း-ဖာပွန်လမ်းပိုင်းရှိတံတားနှင့် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းနှင့် တံတား မိုင်းခွဲခံရသည့်ဖြစ်စဉ်လည်း ဆက်တိုက်ဖြစ်ပွားခဲ့သည်။

စုဆောင်းထားသည့်အချက်အလက်များအရ မေလအတွင်း၌ ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်း၊ ရထားလမ်းပိုင်းရှိ တံတားမိုင်းခွဲခံရသည့်ဖြစ်စဉ် ၆ ကြိမ်ထက်မနည်းရှိခဲ့သည်။