BREAKING
April 23, 2025

ရန်ကုန်-မြိတ်ကားလမ်းတွင် ဖမ်းဆီး စစ်သားစုဆောင်းခံရသူနှစ်ဦး ဘက်ပြောင်းခိုလှုံ

April 23, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ရွာအခြေစိုက် အမှတ် ၁၀၆ စစ်ကောင်စီခြေလျင်တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦး ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ထံ ဘက်ပြောင်းခိုလှုံကြောင်း YPDF က ထုတ်ပြန်သည်။

ထွက်ပြေးခိုလှုံလာသူနှစ်ဦးမှာ ဧရာဝတီတိုင်းက ကိုဝေရဲဖြိုးနှင့် ပဲခူးတိုင်းအနောက်ခြမ်းက ကိုရဲနိုင်ကျော်တို့ဖြစ်ကြပြီး အသက် ၂၂နှစ်အရွယ်များဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။

၎င်းတို့နှစ်ဦးစလုံးသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလက ရန်ကုန်-မြိတ် ကားလမ်းပေါ်တွင် ခရီးသွားနေစဉ် ဖမ်းဆီးခံရပြီး စစ်သားစုခံခဲ့ရကြောင်း ကာယကံရှင်များ၏ ပြောပြချက်ကို ကိုးကားပြီး YPDF က ဧပြီလ ၂၂ရက်တွင် ထုတ်ပြန်ထားသည်။

ကိုဝေရဲဖြိုးသည် ထိုင်းနိုင်ငံတွင် ငါးဖမ်းလှေ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာစဥ် မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးခံရကာ ဧရာဝတီအခြေစိုက် ရွှေမြင်တင် အမှတ် (၆) အခြေခံစစ်လေ့ကျင့်ရေးတပ်တွင် စစ်သားအဖြစ် စုဆောင်းခံရကြောင်း ဆိုသည်။

အလားတူ ကိုရဲနိုင်ကျော်သည်လည်း ထိုင်းမှတစ်ဆင့် မလေးရှားနိုင်ငံသို့ အလုပ်လုပ်သွားရောက်လုပ်ကိုင်ရန် တနင်္သာရီတိုင်းကို ဖြတ်၍သွားစဥ် သရက်ချောင်းမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် အဖမ်းခံရကာ မြိတ်မြို့ရှိ စစ်သားစုဆောင်းရေးတပ်တွင် စစ်သားစုဆောင်းခံခဲ့ရကြောင်း ဖော်ပြသည်။

၎င်းတို့နှစ်ဦးစလုံးသည် စစ်သားစုဆောင်းရေးတပ်များမှတစ်ဆင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိရွာရှိ အမှတ် ၄ တပ်မတော်တန်းမြင့်သင်တန်းကျောင်းတွင် စစ်မှုထမ်းအပတ်စဥ် (၇) သင်တန်းတက်ခဲ့ရကာ မော်လမြိုင်မြို့အခြေစိုက် စစ်ကောင်စီတပ်တစ်ခုတွင် မွမ်းမံသင်တန်းထပ်တက်ခဲ့ရကြောင်း YPDF ထံမှသိရသည်။

ယင်းနောက် ခလရ ၁၀၆ တွင် စစ်ကောင်စီ တပ်သားများအဖြစ် မထွက်ပြေးလာမီအချိန်အထိ တာဝန်ထမ်းဆောင် ခဲ့ရကြောင်း ဆိုသည်။

ထွက်ပြေးခိုလှုံလာသူများနှင့် ရင်းနှီးသည့် မလေးရှားနိုင်ငံရှိ မိတ်ဆွေများမှတစ်ဆင့် ပြည်သူ့ရင်ခွင်အဖွဲ့ထံ ဆက်သွယ်ချိတ် ဆက်ခဲ့ပြီး အဆိုပါအဖွဲ့က ထွက်ပြေးခိုလှုံမည့်သူများနှင့် နယ်မြေနီးစပ်သည့် YPDF ထံ ဆက်သွယ်ချိတ်ဆက်ခဲ့ကြောင်း YPDF တပ်ဖွဲ့မှ တာဝန်ရှိသူ ဗိုလ်ရန်နိုင်က ပြောသည်။

လက်နက် မပါဘဲ ထွက်ပြေးလာခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးအား ကောင်းမွန်းစွာစောင့်ရှောက်ထားကြောင်း ဗိုလ်ရန်နိုင်က ဆိုသည်။

“လောလောဆယ် လုံခြုံတဲ့နေရာ ပို့ထားပေးပါတယ်။ သူတို့အနေနဲ့ ပြန်လို့လည်းမဖြစ်ဘူးလေ။ (ဒီမှာ တာဝန်ထမ်းဆောင်ဖို့) ယုံကြည်မှု တည်ဆောက်ရပါဦးမယ်။ သူတို့ရဲ့ သဘောဆန္ဒအတိုင်းပါ” ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လကလည်း ထိုင်းသို့ အလုပ်သွားလုပ်ရန် တနင်္သာရီတိုင်းကိုဖြတ်၍ ထိုင်းနယ်စပ်သို့ လာသည့် ဧရာဝတီ တိုင်းက အမျိုးသားတစ်ဦးအပါအဝင် အမျိုးသားသုံးဦးကို ကလိန်အောင်မြို့ ရှိ ထမင်းဆိုင်တစ်ဆိုင်တွင် ထမင်းစားနေစဥ် ဖမ်းဆီး စစ်သားစုဆောင်းခဲ့သည့် ဖြစ်စဥ်ကို ကာယကံရှင်မိသားစုများနှင့် ကားသမားများအား မေးမြန်း၍ Dawei Watch က သတင်းဖော်ပြခဲ့ဖူးသည်။