BREAKING
April 23, 2025

ထိုင်းလေပိုင်နက် ကျူးကျော်ခံရပြီးနောက် ကန်ချနဘူရီတွင် ထိုင်းစစ်တပ်က စစ်ရေးလေ့ကျင့်

April 23, 2025

ထိုင်းလေပိုင်နက်ထဲသို့ မြန်မာစစ်ကောင်စီလေတပ်က ကျူးကျော်ဝင်ရောက်ကာ ထီးခီးနယ်စပ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ ပြီးနောက် ထိုင်းဘက်ခြမ်း ကန်ချနဘူရီဒေသတွင် ထိုင်းစစ်တပ်က စစ်ရေးလေ့ကျင့်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ကန်ချနဘူရီအခြေစိုက် ထိုင်းခြေမြန်တပ်ရင် အမှတ် ၉ အပါအဝင် ခြေမြန်တပ်ရင်းများ စုပေါင်း၍ ၂၀၂၅ ခုနှစ် စစ်ရေးလေ့ကျင့်မှုကို အမှတ် ၉ ခြေမြန်တပ်ရင်း၏ လေဆိပ်ဝန်းထဲတွင် ပြုလုပ်နေကြောင်း ဖော်ပြသည်။

စစ်ရေးလေ့ကျင့်မှုကို ဧပြီလ ၂၂ ရက်မှ ၂၅ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး စစ်ရေးအရ အဆင်သင့်ဖြစ်နေစေရန် စစ်သည်၊ စစ်လက်နက်၊ တိုက်ခိုက်ရေးယာဉ်များနှင့် ဆက်သွယ်ရေးကိရိယာများနှင့်အတူ လေ့ကျင့်နေကြောင်း ဆိုသည်။

စစ်ရေးလေ့ကျင့်မှုတွင် လေ့ကျင့်မှုနှင့် ကြိုတင်ပြင်ဆင်မှုများအပြင် အရေးပေါ်အခြေအနေတွင် တုံ့ပြန်ဆောင်ရွက်ရေးများလည်း ပါဝင်ကြောင်း သတင်းများက ဖော်ပြသည်။

ဧပြီလ ၂၁ ရက်က မြန်မာစစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်းသည် ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီလေပိုင်နက်ကို ဖြတ်ကျော်ဝင်ရောက်ပြီး မြန်မာဘက်ခြမ်းရှိ ထီးခီးဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

နယ်စပ်အနီးတွင် ဗုံးမကြဲရန် ထိုင်းစစ်တပ်က မြန်မာစစ်ကောင်စီထံ သတိပေးအကြောင်းကြားထားသော်လည်း စစ်ကောင်စီက ထိုင်းလေပိုင်နက်ကို ကျော်၍ ထီးခီးနယ်စပ်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့နောက် ထိုင်းစစ်တပ်ဘက်ကလည်း လေပိုင်နက်ကျူးကျော်ဝင်ရောက်မှုများကို ကာကွယ်နိုင်ရေး ကန်ချနဘူရီဒေသသို့ လေယာဉ်ပစ်လက်နက်များကို ရွှေ့ပြောင်း၍ အဆင်သင့်ပြုလုပ်ထားကြောင်း ထုတ်ပြန်သည်။

Ref: Kanchanaburi news, Daily News