ထားဝယ်အရှေ့တောဒေသရှိ ထားဝယ်-ထီးခီးကားလမ်းပေါ်က ကျောက်မဲတောင်ရွာရှိ စစ်ကောင်စီ ရဲစခန်းအနီးကို ယနေ့ ဧပြီလ ၂၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။
ကျောက်မဲတောင်စခန်းကို ယနေ့ နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA နှင့် ပြည်သူ့ကာကွယ် ရေးတပ်-PDF ပူးပေါင်းတပ်များ ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။
“ပစ်ခတ်မှုဖြစ်သံတော့ မကြားရသေးဘူး။ စခန်းကို ဝိုင်းထားတယ်လို့ပဲ မနက်က သတင်းရတာ၊ အခုလေးတင် ကျောက်မဲတောင်စခန်းဘက်ကို ဗုံးနှစ်လုံးကြဲချသွားတယ်” ဟု ဝကုန်းရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ဗုံးကြဲတိုက်ခိုက်မှုတွင် ဒေသခံများ ထိခိုက်မှု မရှိကြောင်း ၎င်းက ဆိုသည်။
တောင်သုံးလုံး၊ ကျောက်မဲတောင်နှင့် မေတ္တာမြို့လမ်းပိုင်းကို KNLA/PDF ပူးပေါင်းတပ်များက ပိတ်လိုက်ပြီး ဒေသခံများကို ဘေးလွတ်ရာ ပြောင်းရွှေ့ခိုင်းသဖြင့် ဒေသခံများ ရွာလုံးကျွတ် နေရာရွှေ့ပြောင်းကြကြောင်း ဒေသခံတို့က ပြောဆိုသည်။
စစ်ကောင်စီတပ်ကလည်း ထားဝယ်အရှေ့တောဒေသမှ ထားဝယ်မြို့သို့သွားသည့် ရေဝိုင်းရွာဘက်က ဘုရားမဲ စစ်ဆေးရေးအဝင်ဂိတ်ကိုလည်း ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
စစ်ကောင်စီတပ်နှင့် KNLA/PDF ပူးပေါင်းတပ်များကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်လာနိုင်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသ သတင်းအရင်းအမြစ်များထံမှ သိရသည်။
“ကားကြီး၊ ကားငယ်နဲ့ ပစ္စည်းတွေသယ်ပြီးထွက်နေကြတာ အများကြီးပဲ၊ တောင်သုံးလုံး၊ ကျောက်မဲတောင်ရွာကလူတွေ ထားဝယ်မြို့ပေါ်ကို စစ်ဘေးရှောင်လာကြတယ်၊ မေတ္တာမြို့ဘက်ကတော့ ပြီးခဲ့တဲ့ နှစ်ရက်လောက်တည်းက ပြောင်းရွှေ့နေကြတယ်လို့ ကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်လာနိုင်ပြီး စစ်ကောင်စီဘက်က ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများပါ လုပ်ဆောင်မည်ကို စိုးရိမ်သဖြင့် ကြိုတင်တိမ်းရှောင်ကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။