BREAKING
April 23, 2025

ချင်းမိုင်ရှိ လန်နာခေတ် သုခုမဟန် ကြယ်ငါးပွင့်ဟိုတယ် မီးလောင်

April 23, 2025

လန်နာခေတ် သုခုမဟန်အတိုင်း ဆောက်လုပ်ထားသည့် ချင်းမိုင်ရှိ နာမည်ကြီး ကြယ်ငါးပွင့်ဟိုတယ် Dhara Dhevi Hotel ယနေ့ (ဗုဒ္ဓဟူးနေ့) နံနက်အစောပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ချင်းမိုင်မြို့ ၊ သာဆာလာခရိုင်ခွဲရှိ အဆိုပါ ဟိုတယ်တွင် ယနေ့ နံနက် ၂ နာရီဝန်းကျင်က မီးလောင်ခဲ့သဖြင့် မီးသတ်သမားများနှင့် ကယ်ဆယ်ရေးအဖွဲ့များက နှစ်နာရီကြာအောင် ငြှိမ်းသတ်ခဲ့ရသည်။

မီးလောင်ကျွမ်းမှုကြောင့် ဟိုတယ်အရှေ့ပိုင်းရှိ အသစ်ပြုပြင်မွမ်းမံဆဲ သစ်သားအဆောက်အအုံ ပျက်စီးသွားခဲ့သော်လည်း လူသေဆုံးထိခိုက်မှုမရှိဟု သိရသည်။

မီးလောင်ကျွမ်းရသည့်အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုပမာဏအပြည့်အဝကိုမူ မသိရသေးပေ။

ဟိုတယ်အဆောက်အအုံ အတွင်းပိုင်းတစ်နေရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်နိုင်ကြောင်း အာဏာပိုင်များ၏ ကနဦးထုတ်ဖော်ပြောဆိုချက်အရ သိရသည်။

အဆိုပါ ဟိုတယ်ကို ၂၀၀၂ ခုနှစ်တွင် ဘတ်ငွေ ၃ ဘီလီယံ အကုန်အကျခံကာ စတင်ဆောက်လုပ်ခဲ့သည်။

ဟိုတယ်စတင်ဖွင့်လှစ်ချိန်မှစ၍ ဘဏ္ဍာရေးပြဿနာများ တောက်လျှောက်ရင်ဆိုင်လာခဲ့ရပြီး ဟိုတယ်၏ ကြွေးမြီမှာ ၄ ဒသမ ၃ ဘီလီယံအထိ ရှိခဲ့သည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။

Source: Bangkok Post, The Nation