BREAKING
April 23, 2025

မြိတ်-ကော့သောင်းလမ်းပိုင်းရှိ စစ်ကောင်စီဂိတ်များ စားသောက်ကုန်သယ်ယူခွင့် ပိုမိုတင်းကျပ်

April 23, 2025

ပုံစာ - ဘုတ်ပြင်းမြို့အနီးရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်(ပုံဟောင်း)

မြိတ်-ကော့သောင်းလမ်းပိုင်းရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်များသည် စားသောက်ကုန်သယ်ဆောင်ခွင့်ကို ဧပြီလ အစောပိုင်းမှစကာ ပိတ်ပင်ကန့်သတ်ထားသော်လည်း ယခုရက်ပိုင်း ပိုမိုတင်းကျပ်လာကြောင်း ဒေသခံများနှင့် ကုန်ကားသမားများထံမှ သိရသည်။

အဆိုပါလမ်းတစ်‌လျှောက်ရှိ စစ်ကောင်စီတပ်ဂိတ်များသည် ကုန်ကားများတွင် စားသောက်ကုန်များ တင်ဆောင်လာပါက တင်းတင်းကျပ်ကျပ်စစ်ဆေးလာပြီး အဓမ္မသိမ်းဆည်းမှုများ လုပ်ဆောင်လာကြောင်း ကုန်ကားယာဉ်မောင်းတစ်‌ဦးက ဆိုသည်။

“ကားလမ်း ပိတ်တာမဟုတ်ဘူး။ စားသောက်ကုန်ပဲ တင်လို့မရတာ။ အခုရက်ပိုင်း ပိုဆိုးလာတယ်။ ခရီးသည်သီးသန့် တင်နေတဲ့ လိုင်းကားတွေအပေါ်မှာအစ တက်စစ်တယ်။ စားကုန်တွေပါရင် ဆွဲချထားခဲ့တယ်။ နောက်ပိုင်းခရီးသည် သီးသန့်တင်ဖို့လည်း ပြောတယ်” ဟု ၎င်းက ပြောသည်။

မိုင် ၂၆၀ ကျော်ကွာဝေးသည့် အထက်ပါလမ်းပိုင်းတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ဆယ်နှင့်ချီရှိပြီး ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ် အပါအဝင် တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် အဓိကစစ်ဆေးလေ့ရှိကြောင်း ကားသမားအချို့နှင့် ဒေသခံများက ပြောဆိုသည်။

ထိုကဲ့သို့ စားသောက်ကုန်တင်ဆောင်ခွင့်ပိတ်ထားသဖြင့် တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာများတွင် ဓာတ်ဆီနှင့် စားသောက်ကုန် ဈေးနှုန်းများ အဆမတန်မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။

ခက်ခဲကျပ်တည်းနေသည့် ယခုကဲ့သို့ မရှိမဖြစ်အရေးကြီးသည့် စားသောက်ကုန်တင်ဆောင်ခွင့်ပိတ်ထားသည့်အတွက် ဒေသခံများအတွက် ပိုမိုအခက်တွေ့နေရကြောင်း ဘုတ်ပြင်းမြို့နယ်နေ ဒေသခံတစ်ဦးက ဆိုသည်။

“တစ်နေ့လုပ်တစ်နေ့စား ဆင်းရဲသားတွေ ဒုက္ခ‌ရောက်တာပေါ့ဗျာ။ ကြိုတင်ဝယ်စုထားတာလည်းမရှိတော့ ဈေးကြီး ပေးပြီးဝယ်စားနေရတယ်။ ဒုက္ခဆိုပြီးလည်း မပြောချင်တော့ဘူးဗျာ။ လာမယ့်ဘေး ပြေးတွေ့ရင်ဆိုင်ရမယ် ဒါပဲတွေးနေရတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ အားကောင်းသည့် ဒေသများကို ဆန်ရိက္ခာနှင့် ဆေးဝါး စသည့် ကုန်ပစ္စည်းသယ်ဆောင်ခြင်းကို စစ်ကောင်စီတပ်က ပိတ်ပင်ကန့်သတ်လေ့ရှိသည်။

“သူတို့က တရားဝင်ထုတ်ပြန်တာမျိုး မရှိဘူး။ စစ်ကောင်စီ ရိက္ခာတွေတင်လာတဲ့ စစ်ကားတွေကို တော်လှန်ရေးတပ်တွေ ခဏခဏမိုင်းဆွဲတိုက်ခိုက်တော့ သူတို့ဘက်ကလည်း စားသောက်ကုန်တင်ခွင့်ပြန်ပိတ်တယ် ထင်တယ်ဗျာ့” ဟု တနင်္သာမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တနင်္သာရီ- မြိတ် ပြည်ထောင်စုလမ်းရှိ ကြေးနန်းတိုင်တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဆန် အပါအဝင် စားသောက်ကုန်တင်ဆောင်လာြခင်းကို တင်းတင်းကျပ်ကျပ်စစ်ဆေးလေ့ရှိပြီး ယာဉ်မောင်းနှင့် ခရီးသွားများကို ဖမ်းဆီးလေ့ရှိသည်။