BREAKING
April 23, 2025

KNU ထံပို့မည့် လက်နက်များ ချင်းမိုင်တွင် ဖမ်းဆီးခံရ

April 23, 2025

ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ထံ ပို့ဆောင်မည့် လက်နက်ပစ္စည်းများနှင့်အတူ ပို့ဆောင်ပေးမည့် ထိုင်းနိုင်ငံသားနှစ်ဦးသည် ချင်းမိုင်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဧပြီလ ၂၂ ရက် နေ့လယ်ပိုင်းတွင် စူ့ထေ့ဒေသတွင် ရဲတပ်ဖွဲ့များ ဂိတ်ချစစ်ဆေးနေစဉ် တိုယိုတာ ပစ်ကပ်ကားတစ်စီးကို မသင်္ကာသဖြင့် တားဆီးစစ်ဆေးရာမှ လက်နက်များနှင့် အတူ ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ အသက် ၂၇ နှစ်နှင့် ၂၈ နှစ်အရွယ်များဖြစ်ကြပြီး မယ်ဟောင်ဆောင် ဒေသခံများဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

၎င်းတို့နှစ်ဦးသည် လက်နက်ပစ္စည်းများကို ကားအနောက်ဘက်တွင် ပုံးများဖြင့် ထည့်၍ သယ်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။

ပုံးများထဲတွင် AR ရိုင်ဖယ် ၁၀ လက်၊ ကျည်ကတ် ၁၀ ခုနှင့် ဗုံးသီးသုံး လောင်ချာ ၁၄ လက်တို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

လက်နက်ပစ္စည်းများကို ချင်းမိုင်မြို့မှတစ်ဆင့် မယ်ဟောင်ဆောင်နယ်စပ်ရှိ KNU အဖွဲ့များထံ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း ပို့ဆောင်သူနှစ်ဦးကရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်သည်ဟု သတင်းများတွင် ဖော်ပြသည်။

ပို့ဆောင်ခအနေဖြင့် တစ်ကြိမ်လျှင် ဘတ် ၈၀၀၀ မှ ၉၀၀၀ ကြားရရှိပြီး ပို့ဆောင်ပေးနေသည်မှာ သုံးကြိမ်အထိ ရှိပြီဖြစ်ကြောင်း ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူနှစ်ဦးကို ဥပဒေအရ ဆက်လက်စစ်ဆေးမေးမြန်းသွားမည်ဖြစ်ပြီး ဖူးပင်ကရချာနီဝစ်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ဖော်ပြသည်။

Ref: Chiangmai News, AEC TV online, CH 7