ထရမ့်အစိုးရက ပိတ်ပင်တားဆီးခဲ့သည့် VOA ၊ RFA ၊ MBN ၊ OTF သတင်းဌာနတို့ကို ပုံမှန်ပြန်လည် လည်ပတ်ခွင့် ပြုရန် အမေရိကန်ပြည်ထောင်စုတရားသူကြီး ရွိုက်စ်လမ်းဘတ်က ယမန်နေ့ အင်္ဂါနေ့တွင် အမိန့်ချမှတ်လိုက်သည်။
ယင်းအမိန့်မှာ အမေရိကန်သမ္မတ၏ သမ္မတအထူးအမိန့်အာဏာနှင့် အခြေခံဥပဒေပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အကြား လွန်ဆွဲပွဲမှ ထွက်ပေါ်လာသည့် ကြီးမားသည့် အပြောင်းအလဲတစ်ခု ဖြစ်သည်။
သမ္မတထရမ့်၏ အထူးအမိန့်အဏာအရ US Agency for Global Media (USAGM) လုပ် သတင်းလုပ်ငန်းများဖြစ်သည့် VOA, RFA၊ MBN တို့ကို သမ္မတထရမ့်၏ အထူးအမိန့်အဏာအရ ယခုနှစ် မတ်လတွင် ပိတ်ပင်တားဆီးခဲ့သည်။
ယင်းဆုံးဖြတ်ချက်အပေါ် နယ်စည်းမခြားသတင်းသမားများအဖွဲ့ RSF အပါအဝင် VOA နှင့် RFA ဝန်ထမ်းများ တရားစွဲဆိုခဲ့ကြသည်။
အဆိုပါ တားမြစ်ပိတ်ပင်မှုကြောင့် သတင်းလွတ်လပ်ခွင့်ဆုံးရှုံးနေသည့် နိုင်ငံများရှိ ပြည်သူများအတွက် သတင်းအချက်အလက်ရရှိခွင့် ဆုံးရှုံးခဲ့ရကြောင်း တရားသူကြီးက အမိန့်ချရာတွင် မှတ်ချက်ပြုခဲ့သည်။
ယင်းအပြင် USAGM ထောက်ပံ့ငွေဖြင့်လည်ပတ်နေသည့် VOA အပါအဝင် သတင်းဌာနများ၏ သတင်းထောက်များနှင့် ဝန်ထမ်းများ လုပ်ငန်းဆိုင်းငံ့ခံခဲ့ရပြီး အထူးသဖြင့် ထိုသတင်းဌာနများအတွက် ပြည်ပတွင် အလုပ်လုပ်ပေးနေသည့် သတင်းထောက်များအတွက်လည်း အခက်အခဲများစွာဖြစ်ပေါ်စေခဲ့ကြောင်း ဖြည့်စွက်မှတ်ချက်ပြုခဲ့သည်။
တရားသူကြီး၏ အမိန့်သည် ပဏာမ တားမြစ်အမိန့်ဖြစ်ပြီး အမှုကို တရားရုံးတွင် စစ်ဆေးနေဆဲ ကာလတစ်လျှောက် အသက်ဝင်နေမည် ဖြစ်သည်။
အဆိုပါ ပဏာမတားမြစ်အမိန့်အရ ထရမ့်အစိုးရ၏ ပိတ်ပင်တားမြစ်ခြင်းခံခဲ့ရသည့် အဆိုပါ သတင်းဌာနများအနေဖြင့် အမှုမပြီးမချင်း ယခင်အတိုင်း ဆက်လက်လည်ပတ်ခွင့် ရှိနေမည် ဖြစ်သည်။

ယခုအမိန့်အကြောင့် လုပ်ငန်းများ လုံးဝ ရပ်ဆိုင်းထားသည့် VOA သတင်းဌာန ချက်ခြင်းပြန်လည် လည်ပတ်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် VOA သတင်းဌာနသည် လုံးဝရပ်ဆိုင်းထားခံရပြီး၊ RFA သတင်းဌာနမှာမူ ဝန်ထမ်းအနည်းငယ်ဖြင့်သာ အလုပ်လုပ်ကိုင်နေရသည်။
သတင်းဌာနများကို ပိတ်သိမ်းရန် ထရမ့်အစိုးရ၏ ဆုံးဖြတ်ချက်မှာ တစ်ဖက်သတ်ထင်ရာစိုင်း ဆုံးဖြတ်ရာရောက်ပြီး ပြည်ထောင်စုဥပဒေအချို့ကို ချိုးဖောက်ထားမှုရှိနိုင်ကြောင်း တရားသူကြီးက ဆိုသည်။
တရားသူကြီး၏ ဆုံးဖြတ်ချက်ကို ထရမ့်အစိုးရက အယူခံဝင်နိုင်ခြေရှိသည်ဟု အိမ်ဖြူတော်ဆိုင်ရာ VOA သတင်းထောက်ချုပ် Patsy Widakuswara က ဆိုသည်။
Source: NPR