BREAKING
January 21, 2025

မြန်မာလုပ်သားများထံက ခြိမ်းခြောက်ငွေညှစ်ခဲ့သော ထိုင်းရဲ ရှစ်ဦးကို တာဝန်မှယာယီဆိုင်းငံ့

April 23, 2024

ပုံစာ - ထိုင်းရဲတပ်ဖွဲ့ဝင်က ငွေတောင်းခံနေသည်ကို CCTV မှတ်တမ်းအရ တွေ့ရစဉ်။ ဓာတ်ပုံ - CH 3

ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်ရှိ ကြက်သားစက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ငါးဦးကို ရဲစခန်းသို့ ခေါ်ဆောင်ပြီး ခြိမ်းခြောက်ငွေညှစ်ခဲ့သော ရဲတပ်ဖွဲ့ဝင် ရှစ်ဦးကို ဧပြီလ ၂၂ ရက်နေ့တွင် တာဝန်မှ ယာယီဆိုင်းငံ့လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ပြီးခဲ့သော မတ်လ ၂၉ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့ဝင်များသည် ကြက်သားစက်ရုံသို့ ရောက်ရှိလာပြီး အလုပ်သမားများကို လာရောက်စစ်ဆေးရာ မြန်မာအလုပ်သမား ငါးဦးကို ရဲစခန်းသို့ ခေါ်ဆောင်၍ စစ်ဆေးခဲ့သည်။

အလုပ်ရှင်နှင့် အလုပ်သမားများအား အလုပ်ခန့်ထားမှုဆိုင်ရာ စာရွက်စာတမ်းများကို စစ်ဆေးသောအခါ လိုအပ်သော စာရွက်စာတမ်းအားလုံး ပြည့်စုံနေခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

သို့သော်လည်း ရဲတပ်ဖွဲ့ဝင်များက ကျန်သော အထောက်အထား သက်သေများကို တောင်းခံခဲ့ပြီး အလုပ်ရှင်နှင့် အလုပ်သမား များကို တရားစွဲမည်ဟု ခြိမ်းခြောက်ကာ အလုပ်သမားနှင့် အလုပ်ရှင်တို့ထံမှ ဘတ်ငွေ နှစ်သိန်းအထိ တောင်းခံခဲ့ကြောင်း ရေးသားထားသည်။

ထိုင်းအလုပ်ရှင်က ကနဦးငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ဘတ် ၁၅၀၀၀ ပေး၍ ကျေအေးပေးခဲ့ကြောင်း အလုပ်ရှင်က ထွက်ဆိုထားသည်။

အလုပ်ရှင်က ခြိမ်းခြောက်ငွေတောင်းခံရမှုကို မကျေနပ်သဖြင့် အမှုဖွင့် တိုင်ကြားခဲ့ရာ ရဲစခန်းရှိ CCTV မှတ်တမ်းများကို အခြား ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးပေးခဲ့ပြီး ရဲမှူးကို တိုင်ကြားခဲ့ကြသည်။

CCTV မှတ်တမ်းအရ ငွေတောင်းခံသော ရဲတပ်ဖွဲ့ဝင်များသည် အလုပ်ရှင်ထံမှ ငွေလက်ခံပြီးနောက် အချင်းချင်း ဝေမျှခဲ့ကြသည်ကို တွေ့ရှိရသည်။

ထို့ကြောင့် အမှုတွင် ပါဝင်သော ရဲတပ်ဖွဲ့ ၈ ဦးကို ဆက်လက်စုံစမ်းစစ်ဆေးရန်အတွက် တာဝန်က ယာယီဆိုင်းငံ့ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Thai Enquirer, CH 3