ယခင်နှစ်များကထက် ပိုမိုပူပြင်းသည့် နွေရာသီကာလကို ဖြတ်သန်းနေရချိန်တွင် မြန်မာနိုင်ငံတောင်ပိုင်းရှိ ဒေသများတွင် သောက်သုံးရေရှားပါးမှုကို စတင်ကြုံတွေ့လာရပြီဖြစ်သည်။
သောက်သုံးရေ ရှားပါးမှုမှာ နှစ်စဉ်ကြုံတွေ့ရသည်ဆိုသော်လည်း ယခုနှစ်တွင်တော့ စစ်အာဏာသိမ်းမှုကြောင့် ပြည်သူများမှာ စီးပွားရေးခက်ခဲနေသလို၊ အလုပ်အကိုင် ရှားပါးမှုနှင့်အတူ ဝင်ငွေလျော့ကျနေချိန်တွင် ရေဝယ်သုံးရမှုကြောင့် ပိုမိုခက်ခဲ ကျပ်တည်းလာနေသည်။
ယင်းအပြင် ယခင်ကလို ရေလှူသည့် အဖွဲ့များမရှိတော့။ အဖွဲ့အနည်းငယ်ခန့်သာ ရေလှူတာမျိုး လုပ်နိုင်တော့သည်။
ရေရောင်းသည့် ကားများမှာလည်း ညမထွက်ရအမိန်ကြောင့် အချိန်အနည်းငယ်ခန့်သာ ရောင်းချနိုင်သဖြင့် လာရောင်းသည့်အချိန် အလုအယက် ဝယ်ကြရပြန်သည်။
ယခုနှစ်တွင် ရာသီဥတုပိုမိုပူပြင်းသဖြင့် အရင်ကမခန်းဖူးသော ရေတွင်းများပင် ရေခန်းသည်မျိုး ရှိနေသလို မိုးရွာသွန်းမှုလည်း နည်းပါးသဖြင့် ရေအခက်အခဲ ပိုမိုကြုံတွေ့ လာရဖွယ်ရှိနေသည်။
ပြည်သူများ ကြုံတွေ့နေရသည့် ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။
“တစ်လ လေးငါးသောင်းတော့ ရေဖိုးဖြစ်သွားတာပေါ့”
ကော့သောင်းမြို့ခံတစ်ဦး
DW။ ဒီနွေရာသီ ကော့သောင်းမှာ သောက်သုံးရေအခြေအနေ ဘယ်လိုရှိလဲ။
ဖြေ။ ဒီနှစ်ရေတအားရှားတယ်။ ဘယ်လိုရှားလဲဆို ရေတွင်းတွေခန်းကုန်တာ။ မနှစ်ကဆို ကျွန်တော့်အိမ်က ရေတွင်းက နှစ်တိုင်းမခန်း၊ တစ်ခါမှကို မခန်းဘူး။ ဒီနှစ်ခန်းသွားပြီ။ တစ်လလောက်တောင်ရှိနေပြီ ခန်းသွားတာ။ သူများရေတွင်းလည်း ခန်းနေကြတာပဲ။ ခါတိုင်းရေမဝယ်ရတဲ့သူတွေက ဒီနှစ်ရေကား( ရေရောင်းသူ) အားကိုးနေရတယ်။
DW။ ရေရောင်းတဲ့သူဆီ ဝယ်တာကရော အလုံအလောက်ဝယ်လို့ရလား။
ဖြေ။ အလုံအလောက်တော့ဝယ်လို့ရတယ်။ ဒါပေမဲ့ အလုအယက်ဝယ်နေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေကားတွေက ညဘက်မရောင်းရဲကြတော့ဘူး။ ညမထွက်ရအမိန့်ရှိတာကိုး။ အရင်တုန်းကဆို ည ၁၂ နာရီအထိ အော်ဒါမှာရင်လိုက်ပို့ပေးကြတယ်။ သူတို့က ( ရေကားပိုင်ရှင်) က ရေထွက်များတာကိုစောင့်ပြီးမှ လိုက်ရောင်းရတာကိုး။ အခုက ရေမှာတဲ့သူကများလာတယ်။ တွင်းထဲက လိုတဲ့အချိန်လိုသလို ရေမထွက်ဘူးလေ။ စောင့်စောင့်ပြီး ရေစုပ်ရတာကိုး။ အဲတော့ညမိုးမချုပ်ခင် အလုအယက် လိုင်းရောင်းပေးနေရတာပါ့။
DW။ ဈေးနူန်းကရော ဘယ်လောက်ရှိလဲ။
ဖြေ။ ကျွန်တော်တို့ဝယ်တာကတော့ ပေပါနဲ့ဝယ်တာ။ တစ်ပေပါကို ၁၂၀၀ (ကျပ်) ပေးရတယ်။ တစ်နေ့ကိုဆို ချိုးရေရော၊ သုံးရေရောဆိုရင် အနည်းဆုံးတစ်ပေပါကျော်ကျော်၊ တစ်ပေပါခွဲလောက်သုံးရတယ်။ သောက်ရေကသီးသန့် ရေသန့်ဘူးဝယ်ရတာပေါ့။ ရေတွင်းခန်းကုန်တော့ တစ်လ လေးငါးသောင်းတော့ ရေဖိုးဖြစ်သွားတာပေါ့။
DW။ ရေကိုယူနစ်နဲ့ဝယ်သုံးနေတဲ့သူတွေလည်း ရှိတယ်မလား။ သူတို့ကရော ဘယ်လိုအခြေအနေရှိလဲ။
ဖြေ။ ဟုတ်တယ်။ (စည်ပင်က) ပိုက်နဲ့ပေးတဲ့ရေ။ အခုဆို ရေပုံမှန်မလာတော့ဘူး။ သူကနွေရာသီဆိုရင်ပုံမှန်ပဲ တစ်ရက်ခြားပဲပေးတော့တယ်။ ပြီးတော့ရေက နောက်လာတယ်။ မကြည်တော့ဘူး။ အခုက ၁၄ မိုင်ရေကန်ကနေပြီး တစ်မြို့လုံးကိုရေပေးမယ်ဆိုပြီး ( စည်ပင်ကဦးဆောင်ပြီး) ရေပိုက်သွယ်နေတာရှိတယ်။ အဲဒါလဲအခုဘာဖြစ်တယ်မသိဘူး။ ရပ်နားထားတယ်။ ရေပိုက်သွယ်ပြီးရင်တော့ တစ်ယူနစ်ကို ၁၅၀၀ (ကျပ်) နဲ့ တစ်မြို့လုံးကိုပေးမယ်ပြောနေတယ်။
DW။ ရေဈေးနူန်းတွေတက်လာတာတွေရှိလား။
ဖြေ။ အခုထိတော့ ဈေးတက်တာမကြားရသေးဘူး။ ပုံမှန်ဈေးပဲရှိသေးတယ်။
DW။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။
ဖြေ။ ရေကားတွေအချိန်မီ ရေသယ်ပြီးရောင်းဖို့လိုတယ်။ ညမထွက်အမိန့်ရှိတဲ့အခါကျတော့ အရင်လိုမျိုး ညဘက်ရေလိုရင် ညဘက်မှာလို့မရတော့ဘူး။ အဲဒါတော့ရှိတယ်။
“တစ်လတည်း သိန်းလေးဆယ်ကုန်သွားတာ”
မြိတ်အခြေစိုက် ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြုအသင်း ဥက္ကဋ္ဌ
(မြိတ်နှင့် ကျွန်းစုမြို့တို့ရှိ ရပ်ကွက်/ ကျေးရွာ အချို့တို့တွင် ယခုနှစ်နွေရာသီ၌ ဖေဖေါ်ဝါရီလ လလည်ခန့်မှစပြီး ရေရှားမှုနှင့် ကြုံတွေ့နေရသည်)
DW။ မြိတ်မြို့မှာ ဒီနှစ်နွေရာသီ ဘယ်အချိန်ကစပြီး ရေရှားပါးတာတွေ ဖြစ်နေတာလဲ။
ဖြေ။ စပြီးတော့ ရေရှားတဲ့ အချိန်က နှစ်လပိုင်း လလယ်လောက်ကတည်းပေါ့။ သုံးလပိုင်းနဲ့ အခုလေးလပိုင်းတွေက ရေလိုအပ်ချက် ပိုပြီးတော့ များလာတာပေါ့။
DW။ ဘာကြောင့် ရေရှားမှုဖြစ်ရတာလဲ။
ဖြေ။ နံပါတ်တစ်အချက်က လူဦးရေထူထပ်လာတာပါတယ်။ ပြီးရင် သောက်ရေထက် သုံးရေက စနစ်တကျစီမံခန့်ခွဲမှု မရှိတာတွေရော၊ မြို့ရဲ့ တိကျသေချာတဲ့ ရေပေးဝေမှု မရှိတာရောပေါ့၊ စည်ပင်ရေက ရတဲ့ရပ်ကွက်က ရတယ်၊ ရတဲ့ရပ်ကွက်တွေက ရေရှားတဲ့ ပြဿာနာမဖြစ်ဘူး၊ ပုဂ္ဂလိကရေပေးတဲ့ ရေယူထားတဲ့ ရပ်ကွက်တွေရယ်၊ ရေကားတွေနဲ့ ရေရောင်းနေကြတဲ့ ရပ်ကွက်တွေက အဖြစ်များကြတယ်၊ ဆီဈေးတွေ ကြီးလာတာတော့ အချိန်နဲ့ ပေးတာတွေကြောင့် ရေရှားတာတွေ ဖြစ်လာတာ၊ ရေတွေလည်း ဈေးကြီးလာတော့ မရှိတဲ့သူတွေက ဝင်ငွေအပေါ်မူတည်ပြီးတော့ တစ်ရက်သုံးတဲ့ရေအတွက် တစ်ရက်ဝယ်သုံးတာတွေပဲ တတ်နိုင်မှာလေ၊ အဲဒါတွေလည်း ပါတာပေါ့။
DW။ မြို့နဲ့ အလှမ်းဝေးတဲ့ မဇောရွာဘက်တွေမှာလဲ ရေရှားတာတွေကြားရတယ်၊ အဲသည်ဘက်တွေကိုရော ဘယ်လိုဆောင်ရွက်ပေးတာမျိုးရှိမလဲ။
ဖြေ။ မဇောဘက်မှာ ရေရှားတယ်၊ ခါတိုင်းနှစ်တွေကလည်း ရှားတယ်၊ ခုအချိန်မှာက လမ်းခရီးအခြေအနေတွေကြောင့် မဇောဘက်တွေကို သွားလို့ အဆင်မပြေဘူး၊ အရင်တုန်းကဆိုင်ရင် အလှူရှင်တွေကလည်း ရေကားစီးလုံးဖြတ်ဝယ်ပြီး သွားလှူတာမျိုးရှိတယ်၊ အခု ဒါတွေမကြားမိရသေးဘူး။
DW။ အသင်းအနေနဲ့ဆိုရင် ရေဂါလံပေါင်း ဘယ်လောက်အထိ ဖြန့်ဝေပေးထားပြီးလဲ။
ဖြေ။ အားလုံးပေါင်းဆိုရင် တစ်သိန်းငါးသောင်း အထက်ဘက်ခြမ်းမှာရှိတယ်။ စာရင်းရှိဆိုရင် ဂါလံ ၁၈၀၀ ဆံကားက ၈၀ စီးကျော်ကျော်ရှိတယ်၊ စာရင်းမပါတာတွေ ရှိသေးတယ်။
DW။ သောက်သုံးရေ လိုအပ်နေတဲ့ ရပ်ကွက်၊ ကျေးရွာတွေဘက်ကို ကူညီပေးတဲ့နေရာမှာ အခြားဘာအခက်တွေများ ကြုံရတာတွေ ရှိမလဲ။
DW။ အသင်းမှာက ကိုယ်ပိုင်ရေကားမရှိတာ ဆိုးတယ်၊ ကိုယ်ပိုင်ရေကားရှိရင် ကောင်းကောင်း Run လို့ရတယ်၊ တစ်ရက်ကို တစ်သိန်း တစ်သိန်းကျော်လောက်ကုန်နေတာ၊ တစ်လတည်း သိန်းလေးဆယ်ကုန်သွားတာ၊ လာမယ့်နှစ်တွေမှာ ကိုယ်ပိုင်ရေကားတစ်စီးရအောင်လုပ်နေတယ်။ အလှူရှင်လည်း မျှော်လင့်နေတာပေါ့၊ ကိုယ်ပိုင်ရေကားနဲ့ဆိုရင် တစ်ရက်ကို ရေဂါလံ ငါးသောင်းထည့်လိုက်ရင် တစ်ရက်အတွက် လှည့်ပတ်လို့ရသွားမယ်၊ အခုက ရေကားဖိုးလည်းပေး ရေဖိုးလည်ပေးဆိုတော့ အကျပ်အတည်းကြီးတာပေါ့။
DW။ အခြားဖြည့်စွတ်ပြောချင်တာများ ရှိပါသလား။
ဖြေ။ လာမယ့်နှစ်တွေအလည်း လုပ်ပေးချင်တယ်၊ ကိုယ့်မြို့ကိုယ့်ရွာအတွက် လုပ်ပေးနိုင်ဖို့ အင်းအားရှိသလောက် လုပ်ပေးဖို့ အဆင်သင့်ပဲ၊ လုပ်ပေးနိုင်ဖို့အတွက်လည်း ကြိုးစားနေတာပေါ့။
“မရှိတဲ့သူက ရှိတဲ့သူတွေဆီမှာ သွားခပ်ပြီး သုံးနေကြတာပဲ”
ကျွန်းစုမြို့နယ် မရမ်းချောင်းရွာနေသူတစ်ဦး
DW။ ကျွန်းစုဘက်မှာရေတွေ တအားရှားနေတယ်လို့သိရတယ်။ ဘယ်လိုမျိုးရှားနေတာပါလဲ။
ဖြေ။ အရင်ကတော့ ချောင်းရေရှိနေသေးဆိုတော့ ချောင်းရေချိုးသမားတွေကများတယ်၊ ခုက ချောင်းရေတွေခန်း ရေတွင်းကလည်း ရေရှိတဲ့တွင်းမှာပဲ ရှိကြတယ်။
DW။ သောက်သုံးရေအတွက် ဘယ်လိုအသုံးပြုနေကြလဲ။
ဖြေ။ ရှိတဲ့ ရေတွင်းမှာပဲ ဝိုင်းစုခပ်ကြပြီး၊ မျှသုံးကြတာပေါ့၊ တစ်ချို့အိမ်တွေက တစ်အိမ်တစ်တွင်းတော့ ရှိတော့၊ မရှိတဲ့သူက ရှိတဲ့သူတွေဆီမှာ သွားခပ်ပြီး သုံးနေကြတာပဲ။
DW။ နွေရာသီရောက်တိုင်း ဒီလိုကြုံရတာပဲလား။
ဖြေ။ ရေရှားတာက နှစ်တိုင်းလိုလို ကြုံနေရတာ၊ ဒီနှစ်တအားပူတော့ ပိုပြီးကြုံရတာပေါ့။
DW။ ရေကားတွေ လာလှူတာမျိုးရှိပါသလား။
ဖြေ။ မရှိပါဘူး။
“ပိုက်ဆံမတတ်နိုင်တဲ့သူတွေကတော့ ရေကန်မှာခြစ်ခြုတ်ပြီး ခပ်သုံးနေကြတာပေါ့”
လောင်းလုံးမြို့နယ် ပြင်ကြီးကျွန်းကျေးရွာ ဒေသခံတစ်ဦး
(ပြင်ကြီးကျွန်းကျေးရွာသည် ထားဝယ်မြစ်ရှိ ကျွန်းတစ်ကျွန်းပေါ်မှ ရွာတစ်ရွာဖြစ်သည်။ နွေရာသီရေရှားချိန် အသုံးပြုရန်အတွက် ရွာထဲတွင် မိုးရေစုကန်နှစ်ကန်တူးထားသည်။ ယင်းရေကန်များမှာလည်း ယခုအခါ ရေခန်းခြောက်သွားပြီဖြစ်သည်။)
DW။ ပြင်ကြီးကျွန်းမှာ ရေရှားနေပြီလား။ ဘယ်လိုအခြေအနေရှိလဲ။
ဖြေ။ အခုလက်ရှိ ရွာနားက ရေကန်နှစ်ကန်စလုံးခန်းကုန်ပြီ။ အဝေးကြီးသွားပြီး သွားခပ်နေရတယ်။ မော်ဦးဆိုတဲ့နေရာရှိတယ်။ အဲအထိသွားခပ်နေရတာ။ ဝယ်နိုင်တဲ့သူတွေကတော့ ဆင်းကူးပြင်( သရက်ချောင်းမြို့နယ်ကရွာ) မှာ လှေနဲ့သွားသွားဝယ်ကြတယ်။
DW။ ရေရှားနေတာ ဘယ်လောက်ကြာပြီလဲ။
ဖြေ။ အခုဆိုနှစ်လလောက်ရှိပြီ။ ရေစရှားကတည်းက ကန်းထဲကရေက ခန်းခန်းလာတော့ ရေနောက်တတ်လာတယ်။ အဲဒီကတည်းက သောက်ရေဆိုရင် ဆင်းကူးပြင်မှာ လှေနဲ့သွားသွားဝယ်နေရတယ်။ ချိုးရေကတော့ ကန်ထဲကရေကိုပဲသုံးတာပေါ့။ သုံးရေဆိုရင်တော့ ရေကြည်တာလေးစောင့်ယူပြီး ခပ်သုံးနေရတာပေါ့လေ။
DW။ ရေလာလှူတဲ့သူတွေမရှိဘူးလား။
ဖြေ။ အခုထိတော့ လာလှူတာမရှိသေးဘူး။ အရင်ကတည်းက ရေရှားပြီဆိုရင် ရေလှုပေးတဲ့အအဖွဲ့တွေကို အားကိုးနေရတာ။ ဒီနှစ်တော့ ရေလှူပေးတဲ့အဖွဲ့တွေကိုလည်း မဆက်သွယ်တော့ဘူး။ နိုင်ငံရေးအခြေအနေတွေကြောင့်ပေါ့လေ။ သူတို့လည်း လာလို့အဆင်ပြေပါ့မလားကိုယ့်ဘာသာတွေးပြီး မဆက်သွယ်တာပါ။ ခါတိုင်းဆိုရင်တော့ သူတို့က မရက ဖုန်းနံပါတ်ရှာပြီး ဆက်သွယ်လာကြတာ။ ရေလိုသေးလား ရေလာလှူချင်လို့၊ လှေနဲ့ဘယ်နေရာမှာ လာကြိုပေးရလား သူတို့ကစဆက်လာတာ။ ဒီနှစ်တော့ မေးတဲ့သူလည်းမရှိဘူးဆိုတော့ သူတို့လာလို့ အဆင်မပြေလို့နေမှာပါဆိုပြီး မဆက်တာပေါ့လေ။
DW။ ဈေးနူန်းကရော ဘယ်လောက်ပေးရလဲ။
ဖြေ။ ဆီပုံးအဝါနဲ့တစ်ပုံးကို သုံးရာ(ကျပ်)။ ( ဆီပုံးဝါတစ်ပုံး လီတာ ၂၀ ရှိသည်)။ အရင်က ၂၀၀ ပဲပေးရတာ။ အခုတစ်ရာထပ်တက်သွားတာ။ အဲဒါက သုံးရေအတွက်။ သောက်ရေကသီးသန့်ဝယ်ရသေးတယ်။ ပိုက်ဆံမတတ်နိုင်တဲ့သူတွေကတော့ ရေကန်မှာခြစ်ခြုတ်ပြီး ခပ်သုံးနေကြတာပေါ့။ ဒီလိုပဲ ရေကြည်လာတဲ့အချိန်စောင့်ပြီး သွားခပ်ကြတာပေါ့။ တချို့ဆိုလည်းကျွန်းထက်ကရေပဲ သောက်ကြတာပေါ့။
DW။ တစ်နေ့ကို ရေဖိုးသီသန့် ဘယ်လောက်ကုန်လေ့ရှိလဲ။
ဖြေ။ တစ်နေ့ကို အနည်းဆုံး( နှစ်ဆယ်လီတာဆန့်ရေပုံး) နှစ်ပုံးကနေ ငါးပုံးအထိကုန်တာရှိတယ်။ ပုံမှန်တော့မရှိဘူး။ ခန့်မှန်းခြေကတော့ တစ်ထောင် တစ်ထောင့်ငါးရာတော့ နေ့စဉ်ကုန်တာပေါ့လေ။ အဲဒါသုံးရေသက်သက်ပဲနော်။ သောက်ရေမပါသေးဘူး။ လှေဖိုး၊ ဆီဖိုးတွေလည်းရှိသေးတယ်။ တစ်ချို့ကကျတော့ ဈေးသွားဝယ်ရင်းနဲ့ ရေလေးငါးပုံးဝယ်ပြီးလာကြတာလည်းရှိတယ်။ ရေမဝယ်နိုင်တဲ့သူဆိုရင်တော့ ရေငန်ကိုဆင်းချိုးပြီး ရေချိုကို တစ်ခွက်နှစ်ခွက်လောင်းချလိုက် အဲလိုလုပ်နေကြတဲ့သူလည်းရှိတာပေါ့။
DW။ ရေရှားနေတဲ့အချိန် အရင်လိုရေလှူပေးတဲ့သူမရှိတဲ့အပေါ် ဘာများပြောချင်တာရှိလဲ။
ဖြေ။ တိုင်းပြည်အခြေအနေမှမကောင်းတာကို။ စိတ်ထဲမှာတော့ မကောင်းဘူးပေါ့။ အရင်တုန်းကဆို ရေလာလှူရင် ရွာကလူတွေက ပျော်ကြတော့ ကိုယ့်အိမ်မှာရှိတာတွေ လာကျွေးကြတာ။ အားလုံးပျော်ပျော်ပါးပါးနဲ့ လူငယ်လေးတွေလေ။ အခုတော့ အဲဒါတွေမရှိတော့ဘူးနော်လို့ ပြောနေရသေးတယ်။
“အခက်အခဲကတော့……….. အလှူရှင်လိုအပ်တယ်ပေါ့နော်”
ဇမ္ဗူသီရိ အရေးပေါ်လူနာ သယ်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး
DW ။ ဒေသအတွင်း ရေအခက်ခဲကိုဘယ်လိုကူညီ ပေးနေလဲ
ဖြေ ။ အခုဆိုရင် ကဒင်ပေါက်တိုင်း၊ဝမော်၊ကနိုင်းဒါ အဲဒီရွာတွေမှာရေရှားနေတယ်။ အဲဒါကြောင့်ကျွန်တော် တို့ နေ့တိုင်းသွားလှူနိုင်အောင် စီစဉ်နေတယ်။ ရေဆိုတာကလည်း ဒီနေ့လှူပြီး မနက်ဖြန်သွားမလှူရင် အဆင်မပြေဘူးလေနော်။
DW ။ ရေအခက်အခဲဖြစ်နေတဲ့ရွာတွေ ဒီထက်ပိုများလာမယ်ဆိုရင်ရော ဘယ်လိုစီစဉ်ထားသလဲ။
ဖြေ ။တကယ်လို့များလာမယ်ဆိုရင်တော့ အများသူငါတွေ ဝိုင်းဝန်းလှူဒါန်းပေးနိုင်မယ် ဆိုရင်တော့ပိုပြီး အဆင်ပြေတာပေါ့နော်။ ကျွန်တော်တို့ဆီစာရင်းတက်လာရင် ကျွန်တော်တို့ဘက်ကတော့ ဘယ်နေရာမှာတော့ ရေအတွက်အခက်ခဲဖြစ်နေပြီဆိုတာမျိုး ကြေညာပေးမှာပေါ့နော်။ ကျွန်တော်တို့က တစ်နေရာလှူနေရင် နောက်အလှူရှင်တွေက နောက်တစ်နေရာလှူလို့ရအောင်ပေါ့။ အဲဒါမှာလည်း ရေလုံလုံလောက်လောက် ရကြမှာလေ။
DW ။ ဒီနှစ်ရော ကျေးရွာအချို့မှာသောက်သုံးရေ ပြတ်လပ်နိုင်လား။
ဖြေ ။ ဒီနှစ်က မိုးစောစောရွာရင်တော့ အဆင်ပြေမယ်။ တကယ်လို့ မိုးသာစောစောမရွာခဲ့ရင် ရေလုံးဝပြတ်သွားဖို့ အလားအလာများတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့အဖွဲ့မှာ ရေ တော်တော်လေး ပြည့်ပြည့်ဝဝထုတ်ယူနိုင်တဲ့ ရေတွင်းတွေရှိတယ်။ ဒီနှစ်ပြီးခဲ့တဲ့ ရက်၂၀ လောက်ကစပြီး အဲဒီရေတွင်းတွေ ရေမရှိတော့ဘူး။ အဲဒီဘုန်းကြီးကျောင်းမှာက ကျွန်တော်တို့အဖွဲ့ ရေထုတ်ယူနေကျ၊ အခုကျတော့ အဲဒီဘုန်းကြီးကျောင်းကိုတောင် တစ်ခြားနေရာကရေယူပြီး ရေပြန်ပို့နေရတယ်။ အဲဒီရေတွင်းက မခန်းဖူးဘူး။ အခုလုံးဝခန်းခြောက်သွားတယ်။ ဒါကြောင့်ကျွန်တော်တို့တွေးတာက ရေပြတ်လပ်နိုင်တာပေါ့နော်။
DW ။ ဘာအခက်အခဲတွေ ကြုံရလဲ။
ဖြေ ။ အခက်အခဲကတော့ ကျွန်တော်တို့အဖွဲ့မှာ ရေဘောက်ဆာကား နည်းတယ်။စက်သုံးဆီ အတွက်လည်း အလှူရှင်လိုအပ်တယ်ပေါ့နော်။ကျန်တာတော့သိပ်မရှိဘူးခင်ဗျား။