ထိုင်းနိုင်ငံတွင် ဆုန်ခရန် ရေသဘင်ပွဲတော်ကို လူစုလူဝေးနှင့် ပြန်လည်ကျင်းပခဲ့ပြီးနောက် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပိုမိုတိုးမြင့်လာနိုင်ဖွယ်ရှိပြီး ယင်းဗိုင်းရပ်စ်သည် ရာသီအလိုက် ဖြစ်တတ်သည့် ကူးစက်ရောဂါများကဲ့သို့ စိုးရိမ်စရာဖြစ်လာကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ရေး ဌာနက ထုတ်ပြန်ခဲ့သည်။
“ကူးစက်ရောဂါဗေဒဌာနခွဲရဲ့ တွေ့ရှိမှုအရ ကိုဗစ်-၁၉က တုပ်ကွေးလိုမျိုး ရာသီအလိုက် ကူးစက်နိုင်တဲ့အနေအထား ရှိနေပါတယ်” ဟု ကူးစက်ရောဂါထိန်းချုပ်ရေးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တာရက်စ် ကရက်ဆာနိုင်ရာဝီဝုန် က ပြောကြားခဲ့သည်။
ထို့အပြင် မကြာမီလာတော့မည့် မိုးရာသီမှာလည်း ကိုဗစ်-၁၉ ကူးစက်မှု ပိုမိုတွေ့ရှိလာနိုင်ဖွယ် ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေကို မိုးရာသီမစတင်မီ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးကြဖို့အတွက် တိုက်တွန်းပေးစေချင်ပါတယ်” ဟု ဒေါက်တာ တာရက်စ် က ပြောကြားခဲ့သည်။
ကျန်းမာရေး ဝန်ကြီးဌာနအနေနှင့် နှစ်စဉ် ကာကွယ်ဆေးထိုးနှံမှုများအတွက် ပထမဆုံးအကြိမ်ကို ယခုနှစ်အတွင်း စတင်သွားမည်ဖြစ်သည်။
“နောက်ဆုံးထိုးပြီးတဲ့ ကာကွယ်ဆေးအပြီး ဒါမှမဟုတ် ရောဂါပိုးကူးစက်ခံရပြီး အနည်းဆုံး သုံးလအကြာမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနိုင်ပါတယ်” ဟု ဒေါက်တာ တာရက်စ် က ဆက်လက်ပြောသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလိုပါက နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်နှင့် ဒေသန္တရ ပြည်သူ့ကျန်းမာရေးရုံးများတွင် သွားရောက် ထိုးနှံနိုင်ကြောင်း ၎င်းက ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် လေ့လာမှုနှစ်ခု လုပ်ဆောင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသားအများစုသည် ဗိုင်းရပ်စ်ပိုးကို ခုခံနိုင်စွမ်းရှိပြီးသားဖြစ်ကြောင်း တွေ့ရှိရသည့်အတွက် ယခုလို နှစ်စဉ် ကာကွယ်ဆေးထိုးရေး လုပ်ငန်းစဉ် ကို ဆောင်ရွက်ရန် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း အဆိုပါဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆိုပွန် အီယမ်ဆီရီထာဝန် က ပြောကြားခဲ့သည်။
အဆိုပါလေ့လာမှုများကို ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန ၊ ကူးစက်ရောဂါဗေဒဌာနခွဲ နှင့် ချူလာလောင်ကွန်းတက္ကသိုလ်၏ ထိပ်တန်းရောဂါဗေဒပညာရှင် ဒေါက်တာ ယုံ ပူးဝိုရာဝါန် တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပွန်က ပြောကြားခဲ့သည်။
“ပြည်သူတွေအနေနဲ့ နှစ်စဉ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးကြဖို့ အကြံပြုထားပါတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ကိုဗစ်-၁၉ ကြောင့် သေဆုံးနိုင်ခြေ သို့မဟုတ် ပြင်းထန်သော လက္ခဏာများ ခံစားရနိုင်ချေများကို လျှော့ချနိုင်ရန် အတွက် “၆၀၈” ဟုခေါ်သော အုပ်စုရှိ လူများ (အသက် ၆၀နှစ် နှင့်အထက် သို့မဟုတ် အရင်းခံဝေဒနာ ရှစ်မျိုးထဲမှ တစ်ခုခုရှိသူများ) ၊ အများပြည်သူ ဝန်ဆောင်မှုများ ဆိုင်ရာ ဝန်ထမ်းများ၊ ကန့်သတ် နယ်မြေများတွင် နေထိုင်သူများ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် အသက်ငါးနှစ်အောက် ကလေးများ စသည်တို့သည် ကာကွယ်ဆေးကို မဖြစ်မနေ ထိုးထားသင့်ကြောင့် ၎င်းက ထောက်ပြသည်။
Reference ● The Nation ● Asia News Network