BREAKING
March 25, 2025

ထားဝယ်မြို့ပေါ်တွင် ယနေ့တစ်ရက်တည်း မီး ၂ ကြိမ်လောင်

March 23, 2025

ဓာတ်ပုံ - တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန

ထားဝယ်မြို့ပေါ်တွင် ယနေ့(မတ် ၂၃) တစ်ရက်တည်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှသိရသည်။

ယနေ့ ညနေ ၃ နာရီဝန်းကျင်ခန့်တွင် ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်၊ ကျောင်းသစ်လမ်းတွင် မီးလောင်မှုကြောင့် လူနေအိမ်တစ်ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“မီးလောင်တဲ့အချိန်မှ အိမ်မှာ လူရှိမနေဘူးလို့ ပြောတယ်။ အိမ်ကတော့ အားလုံးပျက်စီးသွားတယ်”ဟု ယင်းအမျိုးသားကပြောသည်။

ယင်းအပြင် ယနေ့ နံနက်ပိုင်းတွင်လည်း ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ အောင်တံခွန် ငါးဈေးအနီး ထားဝယ်မြစ်ထဲ ရပ်နားထားသည့် ဆီတင်သင်္ဘော မီးလောင်မှုဖြစ်ခဲ့ကြောင်း မြို့ခံများကပြောသည်။

ယင်းမီးလောင်မှုများကို ထားဝယ်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ဝန်ထမ်းများနှင့် မြို့ခံများ ပူပေါင်းငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုများ ဖြစ်ပွားရသည့် အကြောင်းကိုမူ အသေးစိတ်မသိရသေးပေ။

ယမန်နေ့ (မတ် ၂၂) နံနက်ပိုင်းတွင်လည်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ၊ပန်းတင်အင်းကျေးရွာရှိ အမှတ် ၁၂ ရပ်ကွက်၌ မီးလောင်မှု ဖြစ်ပွားရာ လူနေအိမ် ၁၈ ဆောင်မီးလောင်ပျက်စီးခဲ့ပြီး မီးဘေးသင့် ပြည်သူ ၁၀၀ ဝန်းကျင်ခန့်ရှိကြောင်း၊ မီးဘေးသင့်သူများအတွက် အစားသောက် ဆေးဝါး နှင့် အဝတ်အထည် အမိုးအကာများ အကူညီလိုအပ်လျှက်ရှိကြောင်း ကူညီဆောင်ရွက်ပေးနေသူများ ထံမှသိရသည်။

ထို့ကြောင့် ထားဝယ်ဒေသခံအလှုရှင်များအနေဖြင့်လည်း မီးဘေးသင့်ပြည်သူများကို ကူညီလှူဒါန်းလိုပါက တနင်္သာရီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် အရေးပေါ်လူနာတင်ယာဉ်အဖွဲ့၊ ဇမ္ဗူသီရီအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့တို့ထံ ဆက်သွယ်ကူညီလှူဒါန်းနိုင်ကြောင်း အထက်ပါအဖွဲ့အသီးသီးက တိုက်တွန်းနှိုးဆော်ထားသည်။