ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် BIMSTEC အဖွဲ့၏ ၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်လည်း တက်ရောက်မည်ဖြစ်ကြောင်း Thai PBS သတင်းဌာနက ဖော်ပြထားသည်။
ယင်းခရီးစဉ်မှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်၏ ပထမဆုံး ဘန်ကောက်ခရီးစဉ်လည်း ဖြစ်သည်။
အဆိုပါ ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဧပြီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ထရာက ပထမဆုံး ဦးဆောင်ကျင်းပမည့် နိုင်ငံ့ခေါင်းဆောင်အဆင့် ထိပ်သီးအစည်းအဝေးလည်း ဖြစ်သည်။
အဆိုပါ ထိပ်သီးအစည်းအဝေးကို ကနဦးတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားခဲ့ကြောင်း သိရသည်။
ယင်းထိပ်သီးအစည်းအဝေးသို့ BIMSTEC အဖွဲ့ဝင်နိုင်ငံများအားလုံး ပါဝင်တက်ရောက်သွားမည် ဖြစ်သည်။
အဆိုပါ ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြား ပင်လယ်ရေကြောင်းဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်းအပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ရေး ကိစ္စရပ်တို့ကို အဓိကအာရုံစိုက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
BIMSTEC အဖွဲ့တွင် ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ ၊ မြန်မာ ၊ သီရိလင်္ကာ ၊ နီပေါ ၊ ဘူတန်နှင့် ထိုင်းနိုင်ငံတို့ ပါဝင်သည်။
ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်နေသည့် နိုင်ငံများအကြား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်ကာ ၁၉၉၇ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပထမဆုံး စတင်တည်ထောင်ဖွဲ့စည်းခဲ့သည်။
တောင်အာရှဒေသနှင့် အရှေ့တောင်အာရှဒေသအကြား စီးပွားရေး ၊ လူမှုရေး ၊ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို BIMSTEC အဖွဲ့က ချိတ်ဆက်ပေးသည်။
အဆိုပါ ထိပ်သီးအစည်းအဝေး ကျင်းပနေစဉ်အတောအတွင်း အဖွဲ့ဝင်နိုင်ငံများအကြား နှစ်နိုင်ငံ သီးခြားတွေ့ဆုံမှုများလည်း ပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။
Source: Thai PBS World, Reuters