BREAKING
March 25, 2025

တနင်္သာရီ-ထုံခါ-မောတောင်လမ်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ၍ တံတားကျိုးကျ

March 23, 2025

ပုံစာ - တိုက်ပွဲအတင်း KNLA က သိမ်းဆည်းရမိသည့် လက်နက်များ

တနင်္သာရီ–ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချောင်းနှစ်ပေါက်တံတား ပြိုကျပျက်စီးသွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ တနင်္သာရီတိုင်းစစ်ဌာနနှင့် တော်လှန်ရေးအင်အားစုများထံက သိရသည်။

ယနေ့(မတ် ၂၃) နေ့လယ် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်က ချောင်းနှစ်ပေါက်တံတား ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ- Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားက ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အကျယ် ပေ ၂၀၊ အလျား ၂၄၀ ပေအရှည်ရှိသည့် ကွန်ကရစ်တံတား ပြိုကျပျက်စီးသွားပြီး လမ်းပိုင်းပြတ်တောက်သွားပြီဖြစ်ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း ၎င်းကဆိုသည်။

“တိုက်ပွဲကတော့ ဒီတစ်ပတ်လုံးတောက်လျောက်ဖြစ်နေတာ ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင် ဒီချောင်းနှစ်ပေါက်တံတားအနီးမှာ ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်တယ်။ စစ်ခွေးတွေဘက်လည်း ထိခိုက်သေဆုံးမှုများတယ်။ အဲ့ကတည်းက သူတို့လေကြောင်းနဲ့တောက်လျောက်ဖိနေတာပါ” ဟု ရဲဘော်စတားကဆိုသည်။

စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ ချောင်းနှစ်ပေါက်တံတား အလယ်တည့်တည့်ကို ဗုံးသီးကျရောက်ပေါက်ကွဲပြီး တံတားနှစ်ပိုင်းပြတ်သွားသည်ဟု KNLA (ကရင်အမျိုးသား လွတ်မြောက်ရေးတပ်) တပ်ရင်း(၁၁)က တပ်စိတ်မှူး ကိုချစ်က ပြောသည်။

မတ်လ ၈ ရက်နေ့က စစ်ကောင်စီတပ်၏ ဒရုန်းတင်လာသည့် ကားကို ချောင်းနှစ်ပေါက်နှင့် သိန်ခွန်းရွာကြားတွင် တော်လှန်ရေးပူးပေါင်းတပ်များက စီးနင်းပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်တပ်သားသုံးဦးသေဆုံးသည်ဟု ရဲဘော်စတားက ပြောသည်။

ယင်းနောက်ပိုင်းမှစကာ သိန်ခွန်း၊ ချောင်းနှစ်ပေါက်ရွာများဘက်တွင် နှစ်ဖက်တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်နေသလို မတ်လ ၁၇ ရက်၊ ၁၈ ရက်ကစပြီး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများနှင့် ဒေသခံအချို့က ပြောသည်။

မတ်လ ၁၇ ရက်တွင် ချောင်းနှစ်ပေါက်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို KNLA၊ KTLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းပစ်ခတ်တိုက်ခိုက်ရာ ၄ ရက်အကြာတွင် စစ်ကောင်စီတပ်များ အထိနာပြီးဆုတ်ခွာသွားသည်ဟု KNU တပ်မဟာ(၄) တနင်္သာရီမြို့နယ် ဥက္ကဋ္ဌက ပဒိုစောညာဝါးက ပြောသည်။

“တိုက်ပွဲဖြစ်တာက ချောင်းနှစ်ပေါက်မှာ သူတို့က ချောင်းလမုရွာနားကိုလည်း သူတို့ လေယာဉ်နဲ့ဗုံးလာကြဲတယ်၊ ပြီးတော့ ၁၂၀ မမနဲ့လှမ်းထုတာ ပထမတစ်ခေါက်မှာ ရွာသားတစ်ယောက်သေတယ်၊ မနေ့တုန်းကဖြစ်စဉ်မှာတော့ မိသားစုတစ်စုပါပဲ ငါးယောက်ထိတယ်၊ နှစ်ယောက်က ချက်ချင်းသေတယ်၊ တစ်ယောက်ကတော့ ဆေးရုံရောက်မှသေတယ်” ဟု ၎င်းကဆိုသည်။

မတ် ၁၇၊ ၁၈ ရက်နေ့များတွင် လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်၊ ၁၉ ရက်နေ့တွင် နှစ်ကြိမ်၊ ၂၀ ရက်နေ့တွင် ငါးကြိမ် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ခန့်လုပ်ဆောင်ခဲ့သည်ဟု ပဒိုစောညာဝါးက ပြောသည်။ တော်လှန်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်မှုရှိမရှိကိုမူ ထည့်သွင်းပြောဆိုခြင်းမျိုးမရှိပေ။

ချောင်းနှစ်ပေါက်ရွာက စစ်ကောင်စီတပ်ကို ဝင်ရောက်စီးနင်းပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၁၅ ဦးအထက် ထိခိုက်ဒဏ်ရာရသည်ဟု တော်လှန်ရေးတပ်ဖွဲ့က တာဝန်ရှိသူတို့က ပြောသည်။

ဒီဇင်ဘာ ၁၉ ရက်ကတည်းက တနင်္သာရီ-ထုံခါ-မောတောင်လမ်းပိုင်းကို စစ်ကောင်စီက တပ်အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးနေပြီး ထားဝယ်-ထီးခီးကားလမ်းနှင့် ရေနက်ဆိပ်ကမ်းနယ်မြေဖြစ်သည့် ရေဖြူမြို့နယ်၊ လောင်းလုံးမြို့နယ်များကိုလည်း အခုနှစ်အစောပိုင်းစပြီး အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးနေသည်။