အမေရိကန်လေဆိပ်တွင် ပြင်သစ်နိုင်ငံသား သိပ္ပံသုတေသီတစ်ဦး၏ ဖုန်းထဲတွင် ထရမ့်အစိုးရ၏ သုတေသနမူဝါဒများအပေါ် ဝေဖန်ပြောဆိုထားသည့် မက်ဆေ့များတွေ့ရှိမှုကြောင့် ပြည်ဝင်ခွင့် ငြင်းပယ်ပြီးနှင်ထုတ်ခဲ့ကြောင်း ပြင်သစ်နိုင်ငံ အဆင့်မြင့်ပညာရေးနှင့် သုတေသနဝန်ကြီးက ယခုအပတ် ကြာသပတေးနေ့တွင် ပြောဆိုလိုက်သည်။
အဆိုပါ နှင်ထုတ်မှုမှာ ယခုနှစ် မတ်လ ၈ ရက်နေ့က အမေရိကန်လေဆိပ်တစ်ခုတွင် ဖြစ်ပွားခဲ့သည်ဟု သံတမန်အသိုင်းအဝိုင်း သတင်းအရင်းအမြစ်တစ်ခု၏ ပြောကြားချက်ကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြထားသည်။
“အမေရိကန်နိုင်ငံ ၊ ဟွန်စတန်မြို့က ဆွေးနွေးပွဲတစ်ခု တက်ရောက်ဖို့အတွက် ရောက်လာတဲ့ ပြင်သစ်အမျိုးသားသိပ္ပံသုတေသနဌာန(CNRS) က သုတေသီတစ်ယောက်ကို အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့် ငြင်းဆန်ပြီး ပြန်နှင်ထုတ်လိုက်တဲ့အကြောင်း စိတ်မကောင်းစွာနဲ့ ကြားသိရပါတယ်” ဟု ပြင်သစ်နိုင်ငံ အဆင့်မြင့်ပညာရေးနှင့် သုတေသနဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်သူ Philippe Baptiste က ဆိုသည်။
အဆိုပါ သုတေသီ၏ ဖုန်းထဲတွင် ထရမ့်အစိုးရ၏ သုတေသနမူဝါဒများအပေါ် ဝေဖန်ပြောဆိုထားသည့် မက်ဆေ့များ တွေ့ရှိမှုကြောင့် ယင်းသို့ နှင်ထုတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ယင်းသို့ နှင်ထုတ်ခံရမှုမှာ ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့် ချိုးဖောက်ခံရခြင်း ဖြစ်သည်ဟု ပြင်သစ်အာဏာပိုင်များက ဆိုသည်။
ပြင်သစ်ဘက်က ပြောဆိုမှုများမှာ လုံးဝမှားယွင်းကြောင်း အမေရိကန်နိုင်ငံ ၊ အမိမြေလုံခြုံရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tricia McLaughlin က ပြောဆိုခဲ့သည်။
အဆိုပါ ပြင်သစ်သုတေသီ၏ ဖုန်းထဲတွင် အမေရိကန်နိုင်ငံ ၊ လော့စ်အလားမို့စ်အမျိုသားဓာတ်ခွဲဌာနမှ လျှို့ဝှက်အချက်အလက်များကို တွေ့ရှိခဲ့ရကြောင်း သူမက ပြောသည်။
အဆိုပါ အချက်အလက်များကို ခွင့်ပြုချက်မရဘဲ သိမ်းဆည်းပြီး ဖုန်းထဲတွင် လျှို့ဝှက်သိမ်းဆည်းထားခဲ့ကြောင်း ၎င်းသုတေသီက ဝန်ခံထားပြီး ဖြစ်သည်ဟု သူမက ဆိုသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အာဏာရပြီးချိန်မှစ၍ တက္ကသိုလ်များ ၊ ဆေးဘက်ဆိုင်ရာဌာနများနှင့် အခြားသော သုတေသနအဖွဲ့အစည်းများအတွက် ဖက်ဒရယ်အစိုးရ၏ ထောက်ပံ့ငွေများကို လျှော့ချမှုများ ၊ ရပ်ဆိုင်းမှုများ လုပ်ဆောင်လာခဲ့သည်။
နယ်စပ်ရေးရာကိစ္စ ၊ ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးရေးလုပ်ငန်းစဉ်နှင့် အထောက်အထားမဲ့ ရွှေ့ပြောင်းသူများအရေးနှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ မူဝါဒများမှာ ပိုမိုတင်းကျပ်လာခဲ့သည်။
Source: Reuters, The New York Times, The Guardian