စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပုလောမြို့နယ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ပညာရေးစုံညီပွဲကို မတ်လ ၂၁ ရက်နေ့က ပထမဆုံးအကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နေရာတစ်ခုတွင် NUG ပညာရေးဝန်ကြီးဌာန၏ Bright Future High School အနေဖြင့် ပထမဆုံးအကြိမ် ပညာရေးစုံပွဲတော်ကို ကျင်းပနိုင်ခဲ့ကြောင်း ပွဲတက်ရောက်ခဲ့သည့် ဆရာအချို့ထံမှ သိရသည်။
နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိကျင်းပခဲ့သည့် အဆိုပါအခမ်းအနားကို ကျောင်း၏ ပညာရေးဘုတ်အဖွဲ့ဝင်များ အပါအဝင် ကျောင်းသားကျောင်းသူများ၊ မိဘများ၊ ဆရာ၊ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Bright Future High School အထက်တန်းကျောင်းတွင် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းသား၊ကျောင်းသူ ၁၀၀ကျော် ပညာသင်ယူနေသည်။

“အခုလို ပုလောမြို့နယ် လွတ်မြောက်နယ်မြေတစ်ခုမှာ ပထမဆုံးလုပ်နိုင်ခဲ့တာ ဖြစ်တဲ့အတွက် အရမ်းပီတိဖြစ်သလို ဖြစ်မြောက်အောင် ကြိုးစားပေးတဲ့သူအားလုံးကို ကျေးဇူးတင်တယ်”ဟု ပွဲတက်ရောက်ခဲ့သည့် CDMကျောင်းဆရာ ကိုစံမျိုးအောင်က ပြောသည်။
စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု အပါအဝင် အခက်အခဲအများအပြား ရှိခဲ့သော်လည်း ပြည်သူများ၏စုပေါင်းအားဖြင့် ကျော်လွှားနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲများမကြာခဏ ဖြစ်ပွားလေ့ရှိသည်။