Princes in The Darkness 1990s
အခန်း(၂၆)
“ကိုအောင်မြင့်ဦီး”
အိမ်တွင်းသို့ ရုတ်တရတ်ဝင်လာကြသော ဗေဒါတို့ သုံးဦးကို မြင်သည်နှင့် အောင်မြင့်ဦးက တီဗွီဂိမ်းဆော့နေရာမှ ထပြေးရန် ပြင်လိုက်သည်။
ဘောက်ထော်မှ ခြံတစ်ခြံတွင် လာရောက်ပုန်းအောင်းနေသော အောင်မြင့်ဦီး။ ယုံကြည်မှုလွန်ကဲစွာဖြင့် တကိုယ်တည်း လာရောက်ပုန်းနေသော အောင်မြင့်ဦး။
ဗေဒါတို့ လက်တံမှ ပြေးမလွတ်နိုင်ခဲ့။
သရဲကြီးက အောင်မြင့်ဦး၏ ပြေးလမ်းကို ပိတ်ကာ..လက်ပြန်ဖြတ်ရိုက်ချလိုက်၏။
အရှိန်ပြင်းလွန်းသဖြင့် အောင်မြင့်ဦး ခွေကျသွားသည်။
စိုင်းနွံ က အောင်မြင့်ဦး၏ မျက်နှာကို ဖြတ်ကန်လိုက်၏။
မထနိုင်တော့ပြီ။
ဗေဒါက လဲကျနေသော အောင်မြင့်ဦး ဘေးတွင် ထိုင်လိုက်သည်။
“ဟေ့ကောင်….မစ္စတာလုသမီးနဲ့ ပတ်သက်တဲ့ ဒေတာတွေ မင်း ဘယ်မှာ သိမ်းထားလဲ..အဲ့ဒါတွေ အကုန်လုံး ငါလိုချင်တယ်”
“မင်းတို့က ဘယ်သူတွေလဲ…ငါမသိဘူး..ငါဘာမှ မလုပ်ထားဘူး”
“မင်း..အကို မြင့်ထူး ကို ငါတို့ ဘာလုပ်လိုက်လဲ မင်းသိတယ်နော်..ဟေ့ကောင်…မင်း”
စကားပင် မဆုံးလိုက်။
အောင်မြင့်ဦးက ဘယ်အချိန်က ဆောင်ထားမှန်းမသိသည့် ဓါးမြှောင်ဖြင့် ဗေဒါ၏ ရင်ဘတ်ကို စိုက်ချလိုက်သည်။
ဗေဒါက ခန္ဓာကိုယ်ကို လှည့်ပေးလိုက်သဖြင့် လက်မောင်းအတွင်းသို့သာ ဓါးက စိုက်ဝင်သွား၏။
နာကြင်မှုက ဒေါသကို အထွတ်ထိပ်ရောက်သွားစေတော့သည်။
ဗေဒါက ဘာမှ မမြင်တော့။
အောင်မြင့်ဦးက နောက်တချက် ထိုးရန် ဓားကို ရွယ်လိုက်ချိန်တွင် ဗေဒါက လည်မြို့ကို လက်သီးဖြင့် ထိုးချလိုက်သည်။
ဟန်ချက်ပျက်သွားပြီး လက်ထဲမှ ဓားလွတ်ကျသွား၏။ ဗေဒါက ဓားကို ကောက်ယူကာ..အောင်မြင့်ဦး၏ လည်ပင်းနှင့် ရင်ဘတ်များကို အချက်ပေါင်းများစွာ ဆက်တိုက်ထိုးချလိုက်သည်။
“ဗေဒါ..တော်တော့..တော်တော့..ဟိုမှာ သေနေပြီ”
စိုင်းနွံ က ဗေဒါ၏ လက်ကိုအတင်းဆွဲသည်။
ဗေဒါတစ်ကိုယ်လုံးတွင် သွေးများအလူးလူးဖြင့်။
ထိုမြင်ကွင်းကို သရဲကြီးပင် ကြောင်ကြည့်နေ၏။
အောင်မြင့်ဉီး ကတော့ တခွီးခွီးဖြင့် အသက်ငင်နေပြီဖြစ်သည်။
နောက်တကြိမ် လူသတ်မိပြန်ပြီဆိုသည့်အတွေးက ဗေဒါ့ ခေါင်းထဲ ဒတ်ခနဲ ဝင်လာ၏။
လွန်ခဲ့သော ဆယ်နှစ်ကျော်ကလည်း အီဆာကို ထိုသို့ပင် သူထိုးသတ်ခဲ့ဖူးသည်။ ထိုအချိန်မှစတင်ပြီး သူ့ဘဝ၏ မှန်ကူကွက်များသည်လည်း အပြောင်းအလဲများစွာ၊ အရောင်အသွေးများစွာ ဖြင့်။
သရဲကြီးက ဗေဒါ လက်ထဲမှ ဓားကို ဆွဲယူလိုက်သည်။
“ကဲ…အချိန်မရှိဘူး..ငါတို့ လက်စဖျောက်မှ ရမယ်..ဗေဒါ”
စိုင်းနွံက အိမ်နောက်ဖေးခန်းထဲဝင်သွားသည်။ နောက်ဖေးခန်းရှိ မီးစက်နားတွင် ရှိနေသော ဓာတ်ဆီပုံးကို ယူလာ၏။
ထို့နောက် အောင်မြင့်ဦီးအလောင်း၏ ပတ်ချလည်တွင် ပက်ဖြန်းလိုက်သည်။
“မင်းတို့ ထွက်နှင့်တော့…ဗေဒါ”
ဗေဒါနှင် သရဲကြီးတို့ အိမ်အပြင်ဘက်သို့ ထွက်လာကြ၏။ ထို့နောက် ခြံဝန်းအတွင်းမှ ရေပိုက်ခေါင်းလေးတွင် ဗေဒါက သွေးများဖြင့် ပေကျံနေသော သူ့ခန္ဓာကိုယ်ကို ဆေးကြောလိုက်သည်။
ခဏအကြာ စိုင်းနွံလည်း ထွက်လာ၏။
သူတို့ ကားပေါ်တက်ကာ မောင်းထွက်ပြီးသည့်နောက်..အနောက်ဘက်ကျန်ရစ်ခဲ့သည့်ခြံဆီမှ မီးတောက်မီးလျှံများ ထွက်ပေါ်လာတော့သည်။
………………………………………….
“မင်းမှာလည်း လမ်းကြောင်းတွေရှိနေတာပဲ…ပြီးပြတ်အောင်သာရှင်းပေတော့..ဗေဒါ..လိုအပ်ရင်လည်း ငါထပ်ပေးမယ်”
ဒေါ်လာတစ်ရာတန်များပါသော ကျန်ကျောင်းအိတ်နှစ်အိတ်ကို မစ္စတာလုက ဗေဒါ၏ ကားနောက်ခန်းသို့ ထည့်ပေးလိုက်သည်။
အောင်မြင့်ဦီးသေဆုံးမှုကို မီးလောင်မှုအဖြစ် ဖန်တီးခဲ့သော်လည်း..အမှုက သူတို့ ဖန်တီးသလိုဖြစ်မလာခဲ့။
မီးအရှိန်မမြင့်ခင် ရပ်ကွက်မှ လူများနှင့် မီးသတ်ကားများက အချိန်မီရောက်လာသဖြင့် အလောင်းမှာ ပြာမဖြစ်ခင်ပင်..မီးငြိမ်းသွားသည်။
ရဲစခန်းတွင် လူသတ်မှုအဖြစ် အမှုဖွင့်ထား၏။ ရဲကလည်း ဗေဒါတို့မှန်း ခြေရာခံမိမည်က သေချာနေသည်။
ရှေးဦီးစွာ ဗေဒါက အကူအညီတောင်းရသည်က သူ့မိတ်ဆွေ ဝန်ကြီး။
တချိန်ကလည်း ကျေးဇူးရှိခဲ့ဖူးသဖြင့် ဝန်ကြီးက ရဲချုပ်နှင့် တွေ့ဆုံနိုင်ရန် စီမံပေးသည်။
ဗေဒါကလည်း ပွင့်ပွင့်လင်းလင်းပင် ညှိနှိုင်း၏။
ရဲချုပ်က မြို့လယ်ခေါင် လူသတ်မီးရှို့မှုဖြစ်နေသဖြင့် သူတစ်ဦီးတည်းဖြင့်မပြီး..အထက်မှ ပြည်ထဲရေးဝန်ကြီးနှင့် ထောက်လှမ်းရေးများကိုပါ ပါးစပ်ပိတ်ရဦီးမည်ဟုဆိုသည်။
မစ္စတာလုထံမှ နောက်ထပ် ကျန်ကျောင်းအိတ်တစ်အိတ် မှာရပြန်၏။
ယခုတခါတော့ သူ့အားရဲစခန်းတွင် လာတွေ့ခဲ့သည့် ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးကျော်သူရ ကို တိုက်ရိုက်ချိတ်ဆက်လိုက်သည်။
ဉပဒေချိန်ခွင်ပေါ်သို့ ဒေါ်လာတင်ပေးလိုက်သည့်အခါ…ချိန်ခွင်လျှာမှာ..ဗေဒါဘက်ကို မစောင်းနိုင်တော့။
ထိုအမှုအတွက် သရဲကြီး၏ တပည့်သုံးဦီး က လာရောက်အဖမ်းခံသွားသည်။
သရဲကြီးအတွက်လည်း ဗေဒါက မြိုးမြိုးမြက်မြက်စီစဉ်ပေးရ၏။
လူတစ်ယောက်လုံးကို သတ်ပြီးသည့်တိုင် ကိုယ်နှင့် ဘာမှမသက်ဆိုင်သည့်ကိစ္စလို နေရသည့်အတွက်တော့ ဗေဒါ မပျော်ပါ။
နောက်ထပ် လူထပ်သတ်ရမည့်ကိစ္စများကိုလည်း သူ ဆက်မလုပ်ချင်။
ထိုရက်များအတွင်း ဗေဒါ အိပ်မပျော်နိုင်ခဲ့။
………………………………………….
မစ္စတာလုက သစ်လုပ်ငန်းအား ဗေဒါအား လွှဲအပ်တော့မည်ဖြစ်သဖြင့် အလုံဆိပ်ကမ်းရှိ လောမိသားစု၏ အထူးသစ်လုံးတင်ပို့မှုကိစ္စများအား သူနှင့်အတူ ကြီးကြပ်ပေးရန် ခေါ်ယူခဲ့သည်။
လောမိသားစုအနေဖြင့် ယခုသစ်လုံးတင်ပို့မှုသည် မည်မျှအရေးကြီးကြောင်းလည်း ဗေဒါ့အား တစွန်းတစ ပြောပြထား၏။
သာမန်အားဖြင့် ကျွန်းသစ်လုံးများဟုဆိုသော်လည်း သစ်လုံးများအား ထွင်းထားပြီး အထဲတွင် မူးယစ်ဆေးဝါးတန်နှင့်ချီ ပါရှိသည်။ ထိုသစ်အများစုမှာ နိုင်ငံတော်အကြီးအကဲအာဏာရှင်ကြီး၏ သမီးကုမ္ပဏီမှ တင်ပို့ခြင်းဖြစ်သဖြင့် ပြည်ထဲရေးဝန်ကြီးဌာနကလည်း ဆိပ်ကမ်းတွင် မတို့မထိရဲခဲ့။
အလုံသင်္ဘောကျင်းအား အစောင့်များ ထူထဲစွာချထားလျက်ရှိပြီး၊ ဘိန်းပါသောသစ်လုံးများ တင်ချိန်တိုင်းတွင်တော့ မစ္စတာလုနှင့် ဗေဒါတို့က အနီးကပ်ကြီးကြပ်ပေးခဲ့ရခြင်းပင်။
ယခုတခေါက်သည် လောမိသားစုအတွက် နိုင်ငံရပ်ခြားသို့ အကြီးမားဆုံး မူးယစ်တင်ပို့မှုဖြစ်ပြီး…နောက်ဆုံး အကြိမ်လည်းဖြစ်သည်။
နောက်ဆုံးပိတ်အိတ်နှင့်လွယ်မို့…အရေးပါသည့်ကိစ္စပင်။
ထိုအတောအတွင်း ဂျာနူးကလည်း နိုင်ငံခြားခရီးများ ဆက်တိုက်ထွက်နေရ၏။ လောမိသားစု ၏ အခြေအနေမှာလည်း အတိမ်းအစောင်းမခံတော့သည့်အနေအထားဖြစ်နေသည်။
၂၀၀၃ ခုနှစ်တွင် အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနှင့်ပတ်သက်သည့် လုပ်ငန်းရှင်များကို Burmese Freedon and Democracy Act 2003 ကို လက်မှတ်ရေးထိုးထုတ်ပြန်ပြီးသည့်နောက် လော်မိသားစုပိုင် စီးပွားရေးလုပ်ငန်းများကို စတင်ပိတ်ဆို့လာခဲ့သည်။
လော်မိသားစုပိုင် ကုမ္ပဏီများနှင့် စင်္ကာပူဘဏ်များဆက်ဆံရေးကို သတိထားစောင့်ကြည့်နေခဲ့သဖြင့် လော်မိသားစုမှာ ငွေလွှဲပြောင်းကိစ္စများကို ဒူဘိုင်း၊ ကိုရီးယား၊ ဟောင်ကောင်ဘဏ်များနှင့် ချိတ်ဆက်ရန် နည်းလမ်းရှာဖွေနေခဲ့သည်။
ထိုကိစ္စကို စင်္ကာပူမှ မစ္စတာချူးဇနီး နှင့် ဂျာနူးတို့က အဓိက လှုပ်ရှားပေးနေရခြင်းပင်။
ဂျာနူးမှာ တစ်လအတွင်းတွင်ပင် နိုင်ငံဆယ်နိုင်ငံအထိ သွားလာနေခဲ့ရသည်။
………………………………………….
သစ်လုံးတင်သင်္ဘောကြီး ရန်ကုန်ဆိပ်ကမ်းမှ စတင်ထွက်ခွာခဲ့ပြီ။
ထိုသင်္ဘောကြီး မထွက်နိုင်မချင်း မစ္စတာလုနှင့် ဗေဒါတို့မှာ အနားမရကြ။ ညဉ့်နက်သန်းခေါင်မှသည် မိုးလင်းပေါက်အထိ သစ်လုံးတင်ကိစ္စများကို စနစ်တကျ ကြီးကြပ်ကြရသည်။
အတွင်းဘက်တွင် ဘိန်းဖြူပါသော သစ်လုံးများကို သူ့အမှတ်အသားနှင့်သူ ထားရှိပြီး..အပြင်ဘက်မှ ရိုးရိုးသစ်လုံးများ ထားရမည့်ကိစ္စမို့..နည်းနည်းမျှပင်.. အတိမ်းအစောင်းမခံ။
မစ္စတာလုက ကိစ္စများအောင်မြင်ပြီးမြောက်သွားသဖြင့် ဗေဒါအား စိတ်ကြိုက်ခွင့်ရက်ခံစားရန် ခွင့်ပြုလိုက်၏။
ဗေဒါလည်း..ရန်ကုန်တွင်နေရသည်မှာ မပျော်ပိုက်။
ထို့ကြောင့်…ညီညီကို ဖုန်းဆက်ကာ ပဲခူးရှိ မစ္စတာလုပိုင်ခြံတွင် သွားနေကြရန် အဖော်ညှိလိုက်သည်။
ညီညီကလည်း အမွေတွေကိုထိုင်ဖြုန်းကာ အားလပ်နေသည့် သူဌေးသားဖြစ်သည့်အတွက် နှစ်ခါမညှိရ။
ညီညီနှင့်အတူ သူ့အပေါင်းအသင်းများလည်း အတူလိုက်လာကြသည်။
ညီညီ မိတ်ဆွေအများစုမှာ စစ်တပ်အရာရှိကြီးများ၏ သားများဖြစ်ကြသဖြင့် ဗေဒါ့အတွက် စစ်တပ်၏ အတွင်းရေးပြဿနာသတင်းစကားအစုံအလင်ကိုလည်း ကြားရ၏။
စစ်ထောက်လှမ်းရေး၏ ဩဇာလွှမ်းမိုးလာမှုအပေါ် မကြိုက်ကြသဖြင့် ထောက်လှမ်းရေးအနိုင်ကျင့်မှုများကို ပြောသည့်အခါ ဗေဒါက မစ္စတာလုထံ ပုံမှန်တင်ပြပေးခဲ့သည်။
အချိန်မှာ နှစ်ပတ်တိတိကြာခဲ့ပြီ။
ညီညီသူငယ်ချင်းများက ပဲခူးခြံသို့ သွားလိုက်လာလိုက်ဖြင့်။
ဧပြီလ၏ နေ့လည်ခင်းတစ်ခု။ မကြာမီ သင်္ကြန်ကို ကြိုဆိုကြတော့မည်။
ပဲခူးဘုရားပွဲလည်းရှိသဖြင့် ညပိုင်းက ဗေဒါတို့ သူငယ်ချင်းတစ်သိုက် ပဲခူးရွှေမောဓောဘုရားပွဲမှ ညဉ့်နက်မှ ပြန်လာခဲ့ကြသည်။
ခြံဝန်းထဲသို့ ကားနှစ်စီးက အရှိန်ဖြင့် မောင်းဝင်လာ၏။
ညီညီက ဗေဒါ အခန်းကို တံခါးလာခေါက်သည်။
“ညီညီ..ဘာဖြစ်လို့လဲ”
“ဟိုမှာ..မင်းကို တွေ့ချင်လို့တဲ့”
ဗေဒါက ဝရံတာမှတဆင့် ကြည့်လိုက်သည်။ကားပေါ်မှ ဆင်းလာသူက လောရှည်။
“ကိုလောရှည်..ဘာကိစ္စလဲ”
လောရှည်က ညီညီကို တချက်ကြည့်လိုက်သည်။
ဗေဒါ သဘောပေါက်လိုက်၏။
“ညီညီ..ငါတို့ စကားပြောလိုက်ဦီးမယ်”
ညီညီက အလိုက်တသိပင် ထွက်သွားသည်။
လောရှည်မျက်နှာက သိပ်မကောင်း။ အလျင်လိုနေပုံပင်။
“ဗေဒါ..မင်း ငါနဲ့ ချက်ချင်းလိုက်ခဲ့ရမယ်”
“ဘာဖြစ်လို့လဲ”
“အချိန်မရဘူး..အခု အပါကြီးဆီကို ငါတို့ တန်းသွားရမှာ..မစ္စတာလုတို့လည်း အဲ့ဒီမှာ ရောက်နေပြီ”
“ဒီမှာ ကျွန်တော့်သူငယ်ချင်းတွေ”
“ထားခဲ့စမ်းပါကွာ..မင်း အခုလိုက်ခဲ့မှဖြစ်မှာ”
ဗေဒါလည်း လောရှည်နှင့်အတူ အိမ်ပေါ်မှဆင်းလိုက်၏။
ညီညီ့ကို အကျိုးအကြောင်းပြောပြလိုက်သည်။ ညီညီကလည်း သူတို့လည်း မကြာခင်ပြန်မည်ဖြစ်ကြောင်း၊ ကိစ္စမရှိကြောင်းပြန်ပြော၏။
လောရှည်နှင့်ပါလသော ကားများကို ဗေဒါကြည့်လိုက်တော့ မစ္စတာလုအောက်တွင် အလုပ်လုပ်နေကြသော လူအားလုံးနီးပါး။
မုံရာနောင်၊ကောင်းဆက်၊ စိုင်းနွံတို့က ဗေဒါ လိုက်မည့်ကားပေါ်တွင်ပါလာ၏။
ကားက အရှိန်ပြင်းပြင်းဖြင့် ရန်ကုန်ဘက်သို့ ပြန်မောင်းထွက်လာခဲ့သည်။
………………………………………….
လောမိသားစု၏ ဖခင်ကြီးပိုင်ဆိုင်သော ခြံအတွင်း ရပ်ထားသောကားများစွာတွေ့ရသည်။
မစ္စတာလုတို့ ညီအစ်ကိုအားလုံးပါ စုံညီနေပြီမှန်း ဗေဒါ သိလိုက်၏။
မည်သည့်ကိစ္စဆိုသည်ကိုတော့ မသိရသေး။
ဗေဒါတို့ကို မြင်သည့်အခါ မစ္စတာလုက ထွက်လာပြီး..လောရှည်တို့အား အပြင်တွင်သာ ခေတ္တစောင့်နေကြရန် ပြော၏။
ဗေဒါကို မူ အိမ်ထဲသို့ ခေါ်သွားသည်။
“ငါတို့ သင်္ဘောကို အမေရိကန်အစိုးရက နိုင်ငံတကာရေပိုင်နက်ထဲမှာ ဖမ်းလိုက်ပြီ..ဗေဒါ”
မစ္စတာလု အသံက စိတ်လှုပ်ရှားမှုအပြည့်။
“ငါတို့ထဲမှာ သစ္စာဖောက်ရှိနေပြီ…..ပြီးတော့ အဲ့ဒီသစ်လုံးကိစ္စက မင်းနဲ့ငါနဲ့ ဦီးစီးလုပ်ခဲ့ရတာမဟုတ်လား”
မစ္စတာလု၏ စကားအသွားအလာကို ဗေဒါ ခန့်မှန်းကြည့်ပြီး ထိတ်ခနဲဖြစ်သွား၏။
ယခင်တကြိမ်တုန်းကလည်း…မစ္စတာလုက သူ့အပေါ်တွင် သံသယဖြစ်ဖူးခဲ့သည်။ ယခုတကြိမ်လည်း သံသယစာရင်းတွင် သူပါနေပြီလားဟု တွေးမိ၏။
“ဒါပေမယ့်..မင်းစိတ်မပူနဲ့…မင်းမှာ အမေရိကန် စီအိုင်အေကို တိုက်ရိုက်သတင်းပေးနိုင်တဲ့ အနေအထားမျိုး မရှိတာကို ငါသိပြီးသားပါ..ဒါပေမယ့်..အပါးကြီးကတော့ ထုံးစံအရ မင်းကို စစ်ဆေးလိမ့်မယ်”
အိမ်ထဲသို့ ရောက်သောအခါ ထိပ်ဆုံးခုံတွင် အပါးကြီးက ထိုင်နေ၏။ နဘေးမှ ခုံများတွင် သူ၏သားများနှင့် မိသားစုလူယုံများ။
မစ္စတာလုဘေးတွင် ဗေဒါက ထိုင်ရသည်။
အပါးကြီးက ဗေဒါ့ကို တချက်ကြည့်လိုက်၏။
“ဗေဒါ”
“ဟုတ်ကဲ့..ခင်ဗျ”
“မင်း ငါ့မျက်လုံးတွေကို သေချာကြည့်ပြီး..ဖြေ”
“ဟုတ်ကဲ့”
“မင်းကို ငါတို့ရဲ့ မိသားစုဝင်တစ်ယောက်လို ငါ့သား လု က ယုံကြည်ခဲ့တယ်…ငါ့သားရဲ့ ယုံကြည်မှုဟာ ငါ့ရဲ့ ယုံကြည်မှုပါပဲ….မင်း…ငါတို့မိသားစုအပေါ်မှာ သစ္စာဖောက်ခဲ့သလား”
“မဖောက်ခဲ့ပါဘူး”
ဗေဒါက အပါးကြီး၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ပြီး တည်တည်ငြိမ်ငြိမ်ပင် ဖြေလိုက်၏။
“မင်းအကြောင်းတွေကို ငါအမြဲ နားစွင့်ထားပါတယ်..မင်းက လူတော်ပါ..ဗေဒါ..မင်း ကို ငါတို့ တစ်ခုတော့ သတိပေးလိုက်မယ်…ငါတို့ထဲမှာ သူလျှိုရှိနေပြီ..သူက ဘယ်သူဖြစ်ဖြစ် အရေးမကြီးပါဘူး…တချိန် ငါတို့ ဖော်ထုတ်နိုင်မှာပါ..မင်းကို ငါယုံလိုက်မယ်..ဗေဒါ”
ထိုအခါမှ ဗေဒါလည်း သက်ပြင်းချလိုက်နိုင်သည်။
သူ့ဘေးမှ မစ္စတာလု၏ သက်ပြင်းချသံကိုလည်း ဗေဒါ ကြားဖြစ်အောင် ကြားလိုက်၏။
မစ္စတာလုက ဗေဒါအား အပြင်ထွက်နေရန် ပြောသဖြင့် ဗေဒါ အပြင်ထွက်လိုက်သည်။ အခြာလူယုံများလည်း အပြင်ထွက်ရ၏။
မစ္စတာလုနှင့် သူ၏ သားများသာ အထဲတွင်ကျန်ရစ်သည်။
လောရှည်က ဗေဒါ့နားသို့ လာထိုင်၏။ လောရှည်ကား အသက်အရွယ်အားဖြင့် ငါးဆယ်ကျော်ခြောက်ဆယ်နားပင် ကပ်လာခဲ့ပြီ။
ဆံပင်ဖြူများနှင့် အရေးအကြောင်းက သူ့ဇရာကို ဖော်ပြနေ၏။
“ငါနှစ်ပေါင်းများစွာ ဒီစိတ်ဒုက္ခကို အကြိမ်ကြိမ်ခံစားခဲ့ရတာ..ဗေဒါ..ကိုယ်က သူတို့ကိစ္စအတော်များများကို သိထားလေ..သံသယပိုဝင်ခံရလေပဲ..ဘာပဲဖြစ်ဖြစ်…မင်းရောက်လာပြီးနောက်ပိုင်း..အရေးကြီးကိစ္စကို မင်းကိုပဲ လုပ်ခိုင်းတာကို ငါကျေးဇူးတင်ရမှာပဲ”
လောရှည်က ဗေဒါဖြစ်နေသည့်ပုံကို ကြည့်ကာ ခန့်မှန်းပြောလိုက်ခြင်းပင်။
“အေးဗျာ…အခုတော့ အဘိုးကြီးက ကျွန်တော့်အပေါ် သံသယမရှိဘူးပြောတာပဲ”
“မင်း..မစ္စတာလုဆီမှာ သုံးနှစ်လုပ်ပေးပြီးရင်..ထွက်မယ်ဆို”
“ဟုတ်တယ်..ကိုလောရှည်”
လောရှည်က ပြုံးလိုက်သည်။ ထို့နောက် ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်၏။
“ဘာဖြစ်လို့လဲ”
“ငါ သူတို့မိသားစုအတွက် အလုပ်လုပ်ပေးလာတာ ဆယ့်ငါးနှစ်သားကတည်းကပဲ…လားရှိုးမှာကတည်းက ဆိုပါတော့ကွာ….အခု ငါ့အသက် ငါးဆယ်ကျော်လို့ ခြောက်ဆယ်နားရောက်နေပြီ..မင်းအရွယ်တုန်းကတည်းက ငါ.. သူတို့ဆီက ထွက်ခွင့်ရဖို့..တောင်းဆိုခဲ့ဖူးတယ်..ဒါပေမယ့်”
လောရှည်က စကားကို ဆက်မပြောတော့။
မစ္စတာလု က အိမ်ထဲမှ ထွက်လာသောကြောင့်ပင်။
မစ္စတာလုက စီးကရက်တလိပ်ကို မီးညှိ့ရင်း ဗေဒါ့ကို လှမ်းခေါ်သည်။
ဗေဒါက ထသွားလိုက်၏။
“ဗေဒါ….နောက်နှစ်ရက်နေရင် အပါးကြီး..မာလိပါးကို ခရီးထွက်ရမယ်..မင်းက အပါးကြီးရဲ့ ကိုယ်ရံတော်အနေနဲ့ သူ့ဘေးကနေလိုက်ရမယ်..ဒီနေ့ကစပြီး…မင်း အပါးကြီးအမိန့်ကို နာခံရမယ်..မင်းက ငါ့လူမဟုတ်တော့ဘူး..သူ့လူဖြစ်သွားပြီ”
နောက်ထပ် မစ္စတာချူး နှင့် အခြားညီအကိုများလည်း ထွက်လာကြပြီး..သူတို့လူအသီးသီးကို ခေါ်ယူစကားပြောနေသည်ကိုတွေ့ရသည်။
မစ္စတာလု၊ မစ္စတာချူး တို့ အသီးသီးပြန်သွားကြ၏။
ဗေဒါတင်သာမက လောညီအကိုများ၏ သက်တော်စောင့်အချို့လည်း ကျန်ရစ်ခဲ့သည်ကို တွေ့ရ၏။
လောရှည်က ဗေဒါ့ဘေးတွင် ကားကိုရပ်ကာ ကားမှန်ချလိုက်သည်။
“သိပ်တော့မအံဩနဲ့ ဗေဒါ..သူတို့သားအဖတွေက သူတို့အနားမှာ သူလျှိုရှိပြီလို့ထင်တဲ့အခါ…သူတို့ နားမှာ အကြာကြီးရှိတဲ့လူတွေကို လဲသုံးတတ်ကြတယ်….မင်းက အခု အပါးကြီး လူဖြစ်သွားပြန်ပြီပေါ့..ကောင်းပါတယ်.. ဂရုတော့စိုက်ကွာ..ငါ့လူ”
လောရှည်က ကားကို မောင်းထွက်သွား၏။
ကောင်းသည်လား ၊ ဆိုးသည်လား..ဗေဒါတွေးမနေချင်တော့။
………………………………………….
အားလုံးပြန်သွားပြီးသည့်နောက် လောမိသားစုဖခင်ကြီး၏ ကိုယ်ရံတော်အသစ်များအဖြစ် သူတို့အား တွေ့ဆုံပွဲ စတင်ခဲ့သည်။
ဗေဒါ့အတွက် ကားသော့အသစ်တစ်ချောင်းနှင့် ကွန်ဒိုတိုက်ခန်းသော့တစ်ချောင်း ရ၏။
အရင်တိုက်ခန်းကျဉ်းလေးမှ ပစ္စည်းများကိုလည်း မကြာမီ မစ္စတာလု အစီအစဉ်ဖြင့် ရွှေ့ထားမည်ဖြစ်ကြောင်း ပြောကြားသည်။
ငွေအသုံးစရိတ်ကိုတော့ ဂျာနူးထံမှပင် လစဉ်တောင်းခံရမည်ဟုဆို၏။
ထို့နောက် အပါးကြီး၏ ခရီးစဉ်အတွက် အသေးစိတ် အစီအစဉ်ဆွဲကြသည်။
အဓိကမှာ မာလိပါး ခေါ် လောက်ကိုင်ဒေသ တွင်ရှိနေသော လောမိသာစု၏ စစ်တပ်များ၊တပ်မှူးများ ကို အပါးကြီးကိုယ်တိုင်တွေ့ဆုံပြီး အသင့်အနေအထားတစ်ခုပြင်ဆင်ထားရန်၊ ဒေသတွင်းရှိ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်များကိုလည်း စည်းရုံးမှုတစ်ခုပြုလုပ်ရန် ဖြစ်သည်။
ထူးခြားသည်က အပါးကြီးသည် အခြားလူများထက် ဗေဒါကို အနီးကပ်တိုင်ပင်နေခြင်းပင်။
ဗေဒါက မာလိပါးဒေသကို မကျွမ်းကျင်သော်လည်း… ချိတ်ဆက်ထားရမည့် လမ်းကြောင်းများ၊ စစ်တိုင်းမှူးများ နှင့် ပတ်သက်လျှင်မူ အတိုင်းအတာတခုထိ ကျွမ်းကျင်သည်။
အခြားသူများမှာ လောမိသားစုလူယုံများဖြစ်သော်လည်း လက်နက်ကိုင်ဘဝထဲက ပါလာသူများဖြစ်သဖြင့် ပညာရေးအားနည်းပြီး လက်ရုံးရည်အားသာသူများဖြစ်၏။
ဗေဒါကမူ ပညာတတ်ခေတ်လူငယ်တစ်ဦီးလည်းဖြစ်သဖြင့် အပါးကြီးက အရေးပေးခြင်းလည်း ဖြစ်နိုင်သည်။
မကြာမီပင် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီး မာလိပါးသို့ ခရီးထွက်ခဲ့တော့၏။
………………………………………….
မာလိပါး။
မြင်းများ၊ လားများဖြင့် ဘိန်းကုန်သွယ်ရာတခေတ်ဆီက လွင်ပြင်များ၊ တောင်တန်းများ၏ ဒေသ။
လောမိသာစုရဲ့ဘူမိနက်သန်၊ မဟာအောင်မြေ။
တချိန်က ပေါ်ပီပန်းများလှိုင်လှိုင်ပွင့်ချိန်၊ ဘိန်းကုန်သည်တို့အား လွှမ်းမိုးချုပ်ကိုင်ထားသည့် ကိုးကန့်၏ မဟာဒေဝီ မမလေးအောလစ်ယန်းရဲ့ အငွေ့အသက်တွေအကြောင်းကို အပါးကြီးက တခါတရံ စိတ်လိုလက်ရပြောပြခဲ့သည်။
တချိန်က တရုတ်၊အိန္ဒိယ၊ထိုင်း က ဘိန်းကုန်သည်မှန်သမျှ လာရောက်စုဝေးရတဲ့ မာလိပါးရဲ့ ဘိန်းညီလာခံကြီးနဲ့ အခွန်တော်ဆက်သခဲ့ရတဲ့ ရန်စော်ဘွားမိသားစုအကြောင်း။
“လက်ဖက်နှစ်ရုံ၊ ဝါးသုံးရုံ” ဆိုသည့် စီမံကိန်းဖြင့် မာလိပါးမှ ကိုးကန့်သားတိုင်း တစ်အိမ်ထောင်လျှင် လက်ဖက်နှစ်ရုံ၊ ဝါးသုံးရုံ စိုက်ရမည်ဆိုသည့် အောလစ်ယန်း၏ ကြွေးကြော်သံ ဟာ လည်း ငွေကြေးအာဏာတွေရဲ့နောက်မှာ ပျောက်ကွယ်သွားခဲ့သည့်အကြောင်း။
မြင်တွေ့ရသမျှ လောက်ကိုင်းမြို့ဟောင်းနဲ့ မြို့သစ် တို့ဟာ ပေါ်ပီနံ့တွေနဲ့ ယမ်းနံ့တွေ တလူလူဝေပြီးမှသာ ဖြစ်ပေါ်လာခဲ့တဲ့ တိုးတက်မှုတွေဖြစ်ကြောင်း။
မာလိပါးမြေက လောမိသားစု နဲ့ ဖုန်မိသားစု အကြားက ဆက်နွယ်မှုတွေ၊ စစ်ပွဲတွေအကြောင်း။
ထိုသို့ဖြင့်…ဗေဒါ သည် မာလိပါးခရီးစဉ်ထဲတွင် တစ်လကျော်ကြာ နစ်မြောခဲ့ရသည်။
အပါးကြီး၏ အလုပ်ကိစ္စများကလည်း မပြီးပြတ်သေး။
သို့သော်..အသက်အရွယ်ရနေပြီး သစ်လုံးသင်္ဘောအဖမ်းခံရမှုတွင် ဒေါ်လာသန်းပေါင်းရာနှင့်ချီ ဆုံးရှုံးခဲ့၌သည့်အတွက် အပါးကြီး၏ စိတ်အခြေအနေက..ခန္ဓာကိုယ်ကျန်းမာရေး ကိုပါ တဖြည်းဖြည်း ထိခိုက်လာခဲ့ပုံရ၏။
ဗေဒါက မစ္စတာလုထံ အကျိုးအကြောင်းဖုန်းဆက်ကာ သတိပေးသည်။
မကြာမီပင်..လောညီအကိုများက သူတို့ဖခင်အား ရန်ကုန်သို့ အမြန်ပြန်လာရန်နှင့် စင်္ကာပူတွင် အထွေထွေ ဆေးစစ်ပြီး ကုသမှုခံယူရန် အကြောင်းကြားလာသည်။
ဗေဒါတို့ ရန်ကုန်မြေသို့ ပြန်ရပြန်၏။
စင်္ကာပူသို့လိုက်ရန်မလိုသဖြင့် ရန်ကုန်တွင်သာ အေးအေးဆေးဆေးအနားယူရတော့မည်။
လောမိသားစုဝင်များအားလုံးနီးပါး..အပါးကြီး၏ ဆေးစစ်ခရီးတွင်လိုက်ပါကြသည်။
………………………………………….
နှစ်ပတ်ခန့်အကြာ။
ဗေဒါက နေ့လည်စာစားပြီးနောက်..သူ့အတွက်ပေးထားသော ကွန်ဒိုပေါ်တွင် တရေးအိပ်နေ၏။
ထိုအချိန်တွင် ဖုန်းဝင်လာသည်။
ကိုနေဝင်းထံမှ။
“ကိုနေဝင်း…ပြော”
“မင်းတို့ အဘိုးကြီး စလုံးမှာ ဆုံးသွားပြီဆို”
ဗေဒါ ငေါက်ခနဲ ထထိုင်လိုက်တော့သည်။
ခက်ဇော်
အခန်း ၂၇ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>