BREAKING
September 20, 2024

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ တစ်ထောင်ကျော်

March 23, 2020

တနင်္သာရီတိုင်းတွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသူ နှစ်သောင်းကျော် (၂၃၆၈၆) ရှိသည့်အနက် ပျက်ကွက်သူ တစ်ထောင်ကျော် (၁၅၉၅ ဦး) ရှိပြီး ယင်းသည် ကျောင်းသားတစ်ရာလျှင် ခြောက်ဦးပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှသိရသည်။


မြန်မာစာဖြေဆိုသည့်နေ့တွင် ၁၅၈၁ ဦးပျက်ကွက်ခဲ့ပြီး အင်္ဂလိပ်စာဖြေဆိုမည့်နေ့တွင်နောက်ထပ် ခြောက်ဦး၊ သင်္ချာဖြေဆိုသည့်နေ့တွင် နောက်ထပ်ရှစ်ဦးပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးစာရင်းအရသိရသည်။


တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဆေးရုံပေါ်တွင်ဖြေဆိုသည့် ကျောင်းသူလေးဦးနှင့် ကျောင်းသား လေးဦး စုစုပေါင်းရှစ်ဦးရှိခဲ့သည်။


ကျွန်းစုနှင့် သရက်ချောင်းမြို့နယ်တို့မှ မသန်စွမ်းကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့ကလည်း တက္ကသိုလ်ဝင်တန်စာမေးပွဲကိုဝင်ရောက်ဖြေဆိုခဲ့သည်။


ယမန်နှစ်ကမူ အကျဉ်းထောင်မှစာမေးပွဲဖြေဆိုသည့် ကျောင်းသားရှိခဲ့သော်လည်း ယခုနှစ်ဖြေဆိုသူမရှိပေ။


တနင်္သာရီတိုင်းသည် ယမန်နှစ်နည်းတူ စာစစ်ဌာန ၄၈ ခုဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို စစ်ဆေးနေသည်။

ကျော်သူစိုး