BREAKING
February 23, 2025

စစ်ကောင်စီတပ် ဖမ်းထားသည့် ဘန်းလမွတ်ရွာသားခုနစ်ဦး ပြန်မလွတ်သေး

February 23, 2025

ပုံစာ - ဘန်းလမွတ်ကျေးရွာအား တွေ့ရစဉ်(ပုံဟောင်း)

တနင်္သာရီမြို့နယ်တွင် ဘန်းလမွတ်ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် အရပ်သား ခုနစ်ဦးမှာ ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်အထိ ပြန်မလွတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၁၀နာရီခန့်တွင် အမျိုးသမီးများ အပါအဝင် ဘန်းလမွတ် ဒေသခံ ၁၀ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် ယင်းနေ့ ညနေတွင် အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသား ခုနစ်ဦးကိုမူ ပြန်မလွှတ်သေးကြောင်း ဒေသခံများက ဆိုသည်။

“သူတို့(စကစ)က လူရှိတဲ့ အိမ်တွေထဲဝင်ပြီး သေနတ်နဲ့ထောက် အကုန်ခေါ်ထုတ်။ အမျိုးသမီးတွေကိုတော့ ညနေပြန်လွှတ် ပေးလိုက်တယ်။ ယောကျ်ားလေးတွေကိုတော့ ဒီနေ့အထိပြန်မလွှတ်သေးဘူး” ဟု ဘန်းလမွတ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဖမ်းခံထားရသူများမှာ အသက် ၆၀အရွယ် ဦးမျိုးကြွယ်၊ အသက် ၃၀အရွယ် ကိုနောင်၊ အသက် ၂၀ ဝန်းကျင်ရှိ မောင်ကျော်ဝင်းနှင့် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားလေးဦးတို့ဖြစ်ကြောင်း ဘန်းလမွတ်ဒေသခံအချို့က ပြောဆိုသည်။

မော်တုန်းကျေးရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၀၆ အမြောက်တပ်ရင်းက အင်အား တစ်ရာခန့်ပါသည့် စစ်ကြောင်း သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ရက်မှစတင်ကာ ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းထိုးလာခဲ့သည်။

ထို့နောက် ညနေဘက်တွင် ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ပနပ်ငယ်၊ ထုံနွယ်စသည့်ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဝင်များရှိသည့်နေရာများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ကလေးနှစ်ဦးအပါအဝင် ပြင်ဝန်းရွာသား ငါးဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၀ရက်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သား ၇၀ခန့်သည် အမှတ် ၃၀၆ အမြောက်တပ်ရင်းသို့ ပြန်ဆုတ်ချိန်တွင် ပနပ်ငယ်ကျေးရွာရှိ နေအိမ်တစ်လုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ ဆုတ်သွားသည့် စစ်ကြောင်းနှင့်အတူ ဘန်းလမွတ်ဒေသခံ ခုနစ်ဦးကို ခေါ်ဆောင်သွားသဖြင့် လက်ရှိတွင် မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို တိတိကျကျ မသိကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလ ၂၃ ရက်တွင် ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်း၌ စစ်ကောင်စီတပ်သားအချို့ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။