BREAKING
February 23, 2025

ကစယ်ဒိုနယ်မြေက ပွတ်တိုက်မှု

February 23, 2025

ကရင်အမျိုးသားအစည်းရုံ KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ ကစယ်ဒိုနယ်မြေအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ( NUG) ၏ အုပ်ချုပ်ရေးယန္တရားများ မဆောင်ရွက်ရန်အပါအဝင် အချက်သုံးချက်ကို KNU ဘက်က ထုတ်ပြန်လိုက်သည်။

လူသားချင်းစာနာမှုအကူအညီများကိုလည်း KNU တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ရန်လည်း အဆိုပါကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ကစယ်ဒိုမြို့နယ် အတွင်းရေးမှူး စောပေါနော်လက်မှတ်ရေးထိုးပြီး ဖေဖော်ဝါရီလ ၂၀ ရက်စွဲပါ အဆိုပါကြေညာချက်ကို KNU တပ်မဟာ ၄ ၏ တပ်ခွဲတစ်ခုဖြစ်သော ကစယ်ဒိုကျားအထူးတပ်ဖွဲ့၏ Facebook Page တွင် ဖေဖော်ဝါရီလ ၂၂ ရက်က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကစယ်ဒိုနယ်မြေအပိုင်းအခြားမှာ ယေဘုယျအားဖြင့် ထားဝယ်-ထီးခီးလမ်းမှစပြီး သရက်ချောင်းမြို့နယ်၊ ထိုမှပုလောမြို့နယ်အထိပါဝင်သည်ဆိုနိုင်သော်လည်း ယခုထုတ်ပြန်ချက်မှာ သရက်ချောင်းမြို့နယ်ကိုသာ ရည်ညွန်းသည်ဟု KNU အဖွဲ့ထံမှသိရသည်။

အဆိုပါထုတ်ပြန်ချက်ကို ကစယ်ဒိုကျားအထူးတပ်ဖွဲ့က ပြန်ဖြုတ်လိုက်သော်လည်း ထုတ်ပြန်ချက်မှာ ဆိုရှယ်မီဒီယာထက်တွင် ပျံ့နှံ့သွားခဲ့ပြီး ဒေသတွင်းတော်လှန်ရေးသမားတို့အကြား ဝေဖန်မှု အမျိုးမျိုးထွက်ပေါ်လာခဲ့သည်။

ကစယ်ဒိုနယ်မြေတွင် ဖြစ်ပေါ်နေသည့် တော်လှန်ရေးတပ်များအကြား ပွတ်တိုက်မှုက သို့လောသို့လော…။

ထုတ်ပြန်ချက် ဘယ်ကစ

ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ကစယ်ဒိုမြို့နယ် အုပ်ချုပ်ရေးကော်မတီဝင်တစ်ဦးကို Dawei Watch ကဆက်သွယ်မေးမြန်းခဲ့ရာတွင် NUG ၏ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နေသော အခြေအနေမှ အစပြုလာခြင်းဟုဆိုသည်။

“နယ်မြေမစိုးမိုးနိုင်ဘဲ အုပ်ချုပ်ရေးတွေလိုက်ချတာက ပြဿနာတွေက ကျွန်တော်တို့ဆီပဲ ပုံလာတယ်” ဟု ၎င်းကပြောဆိုသည်။

မြို့နယ်အတွင်းရှိ ပအဖအဖွဲ့က ပြစ်မှုအမျိုးမျိုးဖြင့် ပြည်သူများကို ဖမ်းဆီးထိန်းသိမ်းထားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲဖြစ်နေကြောင်း၊ နယ်မြေစိုးမိုးနိုင်ခြင်းမရှိသည့်အချိန်၊ စစ်ရေးကိုဦးစားပေးနေရသည့် အချိန်အတွင်း NUG ဖက်က အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်နေခြင်းကို မလုပ်ဆောင်စေချင်သေးကြောင်း ၎င်းကပြောသည်။

“ပအဖတွေဖမ်းပြီး အချုပ်ချထားတာမနည်းမနောပဲ။ ဘာတရားစီရင်မှုမှ မရှိဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူး။ ဘာဥပဒေ၊ ဘာပုဒ်မနဲ့ စီရင်မလဲ။ မရှိဘူး။ ဘယ်နှစ်နှစ်အပြစ်ခံရမလဲ မရှိဘူး။ မြေပြင်မှာ စစ်တိုက်ဖို့နေနေသာသာ ပြဿနာတွေက ပတ်ရှုတ်နေတယ်။ တိုင်ချက်တိုင်းကို လိုက်ရှင်းနေရရင် နောင်နှစ် ၄၀ လည်း ပြီးမှာမဟုတ်ဘူး” ဟု၎င်းကဆိုသည်။

ထိုကဲ့သို့ ဖမ်းဆီးခံရသူတို့၏ မိသားစုဝင်များ၊ ဒလန်ဟုစွတ်စွဲခံရသူ မိသားစုဝင်များက ကစယ်ဒိုမြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူများထံ အကူအညီလာရောက်တောင်းခံသဖြင့် အချို့ဒေသခံများကို ကစယ်ဒို အုပ်ချုပ်ရေးအဖွဲ့က ထောက်ခံစာထုတ်ပေးထားရသည့် ဖြစ်စဉ်များလည်းရှိသည်ဟု‌ဆိုသည်။

ထိုပြဿနာများအပြင် ခဲမိုင်းပြဿနာများကစပြီး KNU ခေါင်းပေါ်လာပုံနေသဖြင့် ယခုထုတ်ပြန်ချက်ကို ထုတ်ပြန်ကြေညာရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ထားဝယ်နယ်မြေ ကရင် မလာရ။ စစ်တိုက်တာကအစ ထားဝယ်နယ်မြေမှာဆို သူတို့ခွင်ပြုမှ၊ လူမျိုးရေးပြဿနာတွေလည်းပါလာတော့ စာထုတ်လိုက်ရတာပါ။ မဟုတ်ရင် ရှင်းမရဖြစ်ကုန်မယ်” ဟု ၎င်းကပြောကြားသည်။

အုပ်ချုပ်ရေးသာမက ကျန်းမာရေး၊ ပညာရေးကဏ္ဍတွင်လည်း KNU ပညာရေးကတရားမဝင်ဘဲ၊ NUG အောက်ရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့ ပညာရေးကသာ တရားဝင်သည်ဆိုကာ အောက်ခြေတွင် ပွတ်တိုက်မှုများ ဖြစ်ပေါ်နေသည်ဟုလည်း ပြောဆိုသည်။

“တော်လှန်ရေးအလွန် လူထုအတွက်သမာသမတ်ကျတဲ့အစိုးရပေါ်ပြီးရင် အုပ်ချုပ်ရေးကို အစိုးရရဲ့မူဝါဒအတိုင်းသွားပေါ့။ တော်လှန်ရေးကာလဖြစ်တော့ သူတရားဝင်၊ ငါတရားဝင်၊ သူ့အစိုးရ၊ ငါ့အစိုးရလုပ်လို့မရဘူးလေ” ဟု ၎င်းကပြောဆိုသည်။

ယင်းကဲ့သို့ ကစယ်ဒိုမြိုနယ် ကော်မတီဝင်၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး သရက်ချောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံထံ Dawei Watch က ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်မနက်ပိုင်းတို့တွင် အကြိမ်ကြိမ် ဖုန်းဆက်သွယ်ခဲ့သော်လည်း စက်ပိတ်ထားခြင်း၊ ဆက်သွယ်မှုဧရိယာပြင်ပ ဖြစ်နေသဖြင့် ဆက်သွယ်၍ မရသေးပေ။

အောက်ခြေက ပွတ်တိုက်မှု

ကစယ်ဒိုမြို့နယ်(သရက်ချောင်းမြို့နယ်) အတွင်းရှိ ကျေးရွာများကို NUG အုပ်ချုပ်ရေးယန္တရားဖြစ်သော မြို့နယ်ပအဖ အဖွဲ့က စည်းရုံးရေးသွားရောက် ဆောင်ရွက်ခဲ့သည်များ ရှိကြောင်း ယင်းဖြစ်စဉ်ကို သိရှိသည် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုစည်းရုံရေးအတွင်း ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များကို မေးမြန်းခြင်း၊ အုပ်ချုပ်ရေးနှင့်ဆိုင်သည့် ကိစ္စရပ်များကို ‌ပြောဆိုခဲ့သည်ဟုဆိုသည်။

နောက်ပိုင်းတွင် KNU ဖက်က ကစယ်ဒိုမြို့နယ်(သရက်ချောင်းမြို့နယ်) ထဲ NUG အုပ်ချုပ်ရေး၊ ပညာရေးနှင့် လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းများ မလုပ်ရန် ၂၀၂၂ ခုနှစ်က တားမြစ်လာခဲ့သည်ဟု ဆိုသည်။

“သရက်ချောင်းမြို့နယ်ထဲမှာ အုပ်ချုပ်ရေးအဖွဲ့တွေ လုံးဝ အကောင်အထည်မဖော်နဲ့ဦးဆိုပြီး ပအဖခေါင်းဆောင်ကို သူတို့ နှုတ်မိန့်နဲ့ပြောခဲ့တာတော့ရှိတယ်ပေါ့နော်” ဟု ၎င်းက ပြောဆိုသည်။

ယင်းကြောင့်နောက်ပိုင်းတွင် ပအဖအဖွဲ့အနေဖြင့် ကရင်တိုင်းရင်းသားများရှိသည့် ကျေးရွာများတွင် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများ သွားရောက်ဆောင်ရွက်ခြင်းကို လျှော့ချခဲ့သည်ဟု ဆိုသည်။

KNU အုပ်ချုပ်ရေးမသက်ရောက်သည့် ထားဝယ်ဒေသခံများ အများစုနေထိုင်သည့် ကျေးရွာများတွင်မူ ထိုအလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေခဲ့သည်။

ထိုကဲ့သို့ ထားဝယ်ဒေသခံများနေထိုင်သည့် ကျေးရွာတွင် NUG အုပ်ချုပ်ရေးယန္တရား လည်ပတ်သည်ကိုလည်း KNU ဖက်က လက်ခံခြင်းမရှိဟုဆိုသည်။

အကြောင်းမှာ သရက်ချောင်းမြို့နယ်သည် KNU အုပ်ချုပ်ရေးအောက် ကစယ်ဒိုမြို့နယ်အတွင်း ကျရောက်နေခြင်းကြောင့်ဟုဆိုသည်။

ထားဝယ်ဒေသခံ အများစုနေထိုင်သည့် ကျေးရွာတို့မှ ဒေသခံများမှာမူ ၎င်းတို့သည် ခေတ်အဆက်ဆက် KNU အုပ်ချုပ်မှုအောက်တွင်မရှိခဲ့ဘဲ ယခုအချိန်မှ KNU အုပ်ချုပ်မှုအောက်တွင်ရှိသည်ဟု ပြောဆိုချက်များကို လက်မခံနိုင်ဖြစ်နေကြဟု ဆိုသည်။

“KNU က သူတို့နယ်မြေကို လာလုနေတယ်” ဟု ထားဝယ်ဒေသခံတစ်ဦးက ပြောဆိုသည်။

ဒေသခံတို့ပြောကြားချက်အရ ကစယ်ဒိုမြို့နယ်( သရက်ချောင်းမြို့နယ်) အတွင်း NUG အုပ်ချုပ်ရေးယန္တရားမလုပ်ဆောင်ရန် တားမြစ်သည့်စာမထွက်လာခင်က နှစ်ဖက်တာဝန်ရှိသူတို့ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သေးသည်ဟုဆိုသည်။

ထိုအစည်းအဝေးသို့ KNU ဖက်မှ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ လက်နက်ကိုင်တပ်ဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး NUG ဖက်ကလည်း ပအဖ တာဝန်ရှိသူ၊ ပကဖ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးအတွင်း ခဲသတ္တုမိုင်းတူးဖော်နေသည့်ကိစ္စ၊ မြို့နယ်အတွင်း ပညားရေး၊ ကျန်းမာရေး၊ အချို့ကျေးရွာတို့တွင် အုပ်ချုပ်ရေးလေဟာနယ်ဖြစ်နေသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

သို့သော်ထိုအစည်းအဝေးတွင် ဆုံးဖြတ်ချက်တစ်စုံတရာမကျဘဲ သောင်မတင် ရေမကျဖြင့် ပြီးဆုံးသွားခဲ့သည်ဟုဆိုသည်။

“အစည်းအဝေးတော့လုပ်ကြတယ်။ ဒါပေမဲ့ ဘာပြောလဲတော့ တိတိကျကျမသိဘူး။ အဆင်မပြေကြဘူး ဆိုတာလောက်ပဲသိတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုအစည်းအဝေးအပြီး တစ်ပတ်ကျော်အကြာတွင် KNU ဖက်က ကစယ်ဒိုမြို့နယ်အတွင်းရေးမှူး လက်မှတ်ထိုးထားသည့် ယခုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

အစည်းအဝေးအတွင်း မည်သည့်အကြောင်းများဆွေးနွေခဲ့ပြီး မည်သို့ပြီးဆုံးသွားသည်ကို သိနိုင်ရန် NUG မြို့နယ်ပအဖတာဝန်ခံ အပါအဝင် တာဝန်ရှိသူများကို Dawei Watch က ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်များတွင် အကြိမ်ကြိမ် ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရသဖြင့် သိခွင့်မရသေးပေ။

ယင်းအပြင် KNU မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ဖဒိုစောအယ်နားထံ ဆက်သွယ်ခဲ့သေးသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

အဖြေမထွက်သည့် ပုစ္ဆာ

KNU ဘက်ကမူ ကစယ်ဒိုမြို့နယ်အတွင်းရေးမှူးလက်မှတ်ဖြင့် ၎င်းတို့၏ သဘောဆန္ဒကို ထုတ်ပြောလိုက်ပြီဖြစ်သည်။

ယင်းအပေါ် NUG ဘက်မှ တာဝန်ရှိသူများက မည်သို့တုံ့ပြန်မည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

တော်လှန်ရေး အင်အားစုများကမူ လက်ရှိအချိန်တွင် ပြည်သူလူထု လိုလားအတောင်းတဆုံးမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသည်သာဖြစ်သည်။

အာဏာရှင်စနစ်ချုပ်ငြိမ်းရန် အကောင်အထည်ဖော်ပြီးမှ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အုပ်ချုပ်မှုနယ်မြေခွဲဝေမှုများ စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးရမည့် ကိစ္စဖြစ်ကြောင်းလည်း ရှုမြင်သူများရှိကြသည်။

တော်လှန်ရေးတွင် ထဲထဲဝင်ဝင် ပါဝင်သူတစ်ဦးကမူ တော်လှန်ရေးကာလ ကြာလာချိန်တွင် တပ်ဖွဲ့အချင်းချင်းကြား ပွတ်တိုက်မှုများ ဖြစ်လာမည်မှာ အသေအချာပင်ဖြစ်ပြီး ယင်းပွတ်တိုက်မှုများကို ဖြေရှင်းရာတွင် ပွင့်လင်းရိုးသားမှုရှိရေးသာ အရေးကြီးကြောင်း ထောက်ပြသည်။

ဒေသတွင်း လူသားချင်းစာနာမူ အကူအညီပေးနေသူတစ်ဦးက ယခုလိုသုံးသပ်ပြသည်။

“အခုချိန်မှာ အဖြေမထွက်နိုင်တဲ့ပုစ္ဆာကို တွက်ချက်အဖြေရှာဖို့အတွက် မလိုအပ်တဲ့ အင်အားနဲ့ချိန်တွေ အကုန်ခံနေမယ့်အစား အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက်ကိုသာ အားစိုက်မောင်းနှင်နိုင်ကြဖို့ဟာ အခရာဖြစ်တယ်လို့မြင်တယ်”