ကစယ်ဒို ‘ကျား’ အထူးတပ်ဖွဲ့ ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုကနေပြီး မနေ့ည ဖေဖော်ဝါရီလ ၂၁ ရက်နေ့က အသိပေးကြေညာချက် တစ်စောင်ကိုထုတ်ပြန်လာခဲ့ပါတယ်။
ဒီအသိပေးကြေညာချက်နဲ့ပတ်သက်ပြီး လူထုကြားမှာ ဝေဖန်စရာဖြစ်လာတာက ကြေညာချက်ပါ နံပတ် ၃ အချက်ကြောင့်ဖြစ်ပါတယ်။ ကစယ်ဒိုမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း NUG ရဲ့အုပ်ချုပ်ရေးယန္တရားတွေကို မဆောင်ရွက်ဖို့ တားမြစ်ထားတဲ့ အချက်ဖြစ်ပါတယ်။
ကစယ်ဒိုမြို့နယ်ဆိုတာ ဘယ်ဒေသတွေကိုဆိုလိုတာပါလဲ။ ဒါကိုနားလည်နိုင်ဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ အုပ်ချုပ်မှုနယ်မြေခွဲဝေမှုကို အရင်သိဖို့လိုအပ်ပါတယ်။ အာဏာရှင် ဦးနေဝင်းလက်ထက်ကစလို့ ထားဝယ်ခရိုင်ရဲ့ အုပ်ချုပ်မှုနယ်မြေမှာ ထားဝယ်ခရိုင်ကို ရေဖြူ၊ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်းဆိုပြီး မြို့နယ်လေးခုနဲ့ ခွဲခြားသတ်မှတ် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ဒီလိုပဲ KNU မှာလည်း မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေနဲ့ပတ်သက်ပြီး အုပ်ချုပ်မှုနယ်မြေ သတ်မှတ်ထားတာရှိပါတယ်။ KNU ရဲ့နယ်မြေခွဲဝေမှုအရ ထားဝယ်ခရိုင်မှာ လယ်ဒိုစိုးမြို့နယ်၊ ကစယ်ဒိုမြို့နယ်ဆိုတဲ့ မြို့နယ်နှစ်ခုနဲ့ ထီးမိုပွာဆိုတဲ့ အထူးဒေသတစ်ခုရှိပါတယ်။
လယ်ဒိုစိုးမြို့နယ်ရဲ့ နယ်မြေသတ်မှတ်ချက်ဟာ မွန်ပြည်နယ်နဲ့ တနင်္သာရီနယ်အစပ်ဖြစ်တဲ့ မလွှဲတောင်ကနေပြီး အနောက်ဘက်မှာဆိုရင် လောင်းလုံးမြို့နယ်၊ တောင်ဘက်မှာဆိုရင် ထားဝယ်-ထီးခီးနယ်စပ် ကုန်သွယ်ရေးလမ်းရဲ့ဘယ်ဘက်ခြမ်းနဲ့ အရှေ့ဘက်မှာဆိုရင် နယ်စပ်ဒေသအထိဖြစ်ပြီး ကစယ်ဒိုမြို့နယ်ဆိုတာကတော့ မြောက်ဘက်မှာဆိုရင် ထားဝယ်-ထီးခီး နယ်စပ်ကုန်သွယ်ရေးလမ်းရဲ့ ညာဘက်ခြမ်း ဓားသွေးကျောက်၊ အညာဖျားတို့ကစလို့ အရှေ့ဘက်မှာဆိုရင် ဘန်းချောင်းဒေသနဲ့ တောင်ဘက်မှာဆိုရင် ပုလောမြို့နယ်အထိပါဝင်ပါတယ်။
ထီးမိုပွာအထူးဒေသကတော့ ထီးခီးနယ်စပ်ဒေသဖြစ်ပါတယ်။ အများစုနားလည်ကြတာကတော့ လယ်ဒိုစိုးမြို့နယ်ဆိုတာ ထားဝယ်မြို့နယ်ကိုခေါ်ဆိုတာဖြစ်ပြီး ကစယ်ဒိုမြို့နယ်ဆိုတာ သရက်ချောင်းမြို့နယ်ကို ခေါ်ဆိုတာဖြစ်တယ်လို့ နားလည်ထားကြပေမယ့် မဟုတ်ပါဘူး။ KNU ရဲ့ အုပ်ချုပ်မှုနယ်မြေသတ်မှတ်ချက်အရ လယ်ဒိုစိုးမြို့နယ်မှာ ရေဖြူမြို့နယ်နဲ့ လောင်းလုံးမြို့နယ်တို့ပါဝင်ပြီး ထားဝယ်မြို့နယ်ထက် ကျယ်ဝန်းပါတယ်။ ကစယ်ဒိုမြို့နယ်ဆိုတာကလည်း သရက်ချောင်းမြို့နယ်ထက် ပိုမိုကျယ်ဝန်းပါတယ်။
ကစယ်ဒိုမြို့နယ်၊ မြို့နယ်အတွင်းရေးမှူး လက်မှတ်ထိုးအတည်ပြုထားတဲ့ ဖေဖော်ဝါရီလ ၂၀ ရက် နေ့စွဲနဲ့ထုတ်ပြန်လာတဲ့ အသိပေးကြေညာချက်အရဆိုရင် အဆိုပါနယ်မြေအတွင်းက ဘယ်နေရာမှာမှ အုပ်ချုပ်ရေးယန္တရားတွေကို ဆောင်ရွက်ခွင့်မရှိဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။
တကယ်တော့ အခုလိုနယ်မြေခွဲဝေမှု၊ အငြင်းပွားမှုပြဿနာတွေဟာ ကစယ်ဒိုမြို့နယ်တစ်ခုတည်းမှာ ဖြစ်ပွားနေတာမဟုတ်သလို တနင်္သာရီဒေသတစ်ခုတည်းမှာ ဖြစ်ပွားနေတာလည်းမဟုတ်ပါဘူး။
အနီးစပ်ဆုံးအနေနဲ့ဆိုရင် ပြီးခဲ့တဲ့တစ်လဝန်းကျင်ခန့်က နယ်မြေပိုင်ဆိုင်မှုကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ အငြင်းပွားမှုကြောင့် KIO/KIA ရဲဘော်နဲ့ PSLF/TNLA ရဲဘော်တို့ရဲ့ လက်သီးချင်းယှဥ်ထိုးနေတဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်စာမျက်နှာမှာ ရေပန်းစားခဲ့ပါတယ်။
အလားတူ ပလက်ဝဒေသနဲ့ပတ်သက်လို့ ULA/AA နဲ့ CNF/CNA တို့အကြားမှာလည်း အငြင်းပွားမှုရှိပါတယ်။ SSPP/SSA နဲ့ RCSS/SSA တို့အကြားမှာရှိသလို PNLO/PNLA, PSLF/TNLA တို့အကြားမှာလည်းရှိပါတယ်။ ရှမ်းနဲ့ တအာင်း၊ ရှမ်းနဲ့ ကိုးကန့်၊ ရှမ်းနဲ့ ဝ၊ အစသဖြင့် ရှမ်းပြည်နယ်ဟာ နယ်မြေခွဲဝေမှုနဲ့ပတ်သက်လို့ အငြင်းပွားမှုအများဆုံးဖြစ်ပွားနေတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကလည်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)နဲ့ တနင်္သာရီဒေသအတွင်းက တော်လှန်ရေးအင်အားစုတွေတွေ့ဆုံတဲ့ အွန်လိုင်းအစည်းအဝေးတစ်ခုမှာ တနင်္သာရီဒေသထဲက ရဲဘော်တစ်ယောက်က “အနာဂတ် ကရင်နီပြည်နယ်ရဲ့ နယ်မြေသတ်မှတ်ချက်အကျယ်အဝန်းဟာ ဘယ်လောက်ရှိပါသလဲ”လို့ မေးတဲ့အခါ ရှမ်းပြည်နယ်နဲ့ နေပြည်တော်ဘက်က အချို့သောဒေသတွေပါဝင်ပြီး “လက်ရှိကယားပြည်နယ် နယ်နမိတ်ထက်ကျယ်ဝန်းတယ်” ဆိုတာကို ယေဘုံယျသဘောနဲ့ဖြေသွားခဲ့ပါတယ်။
ထိုနည်းတူစွာ KNU/KNLA နဲ့ NMSP/MNLA တို့အကြားမှာလည်း နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေရှိနေပြီး ဒီအထဲမှာ ထားဝယ်ခရိုင်ရဲ့ ရေဖြူမြို့နယ်ဟာ အဓိကအငြင်းပွားမှုတွေဖြစ်ပွားနေတဲ့ဒေသဖြစ်ပါတယ်။
NMSP/MNLA မွန်ပြည်သစ်ရဲ့ အုပ်ချုပ်မှုနယ်မြေသတ်မှတ်ချက်မှာ တနင်္သာရီဒေသ၊ ထားဝယ်ခရိုင်ရဲ့ ရေဖြူမြို့နယ်မြောက်ဘက်ပိုင်းကျေးရွာတွေပါဝင်နေပြီး မိုင် ၆၀ ရားဖူးကျေးရွာဘက်မှာ ခရိုင်ရုံးစိုက်ထားရှိပြီး အုပ်ချုပ်ရေးယန္တရားတွေကိုလည်ပတ်ဆောင်ရွက်နေတာဖြစ်ပါတယ်။
ဒီမိုဂရပ်ဖီ(Demography)နဲ့ ဂျီယိုပေါ်လတစ်(Geopolitics)
အဆိုပါ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားတဲ့ကိစ္စရပ်တွေဟာ လူမှုပထဝီ(Demographic) နဲ့ ပထဝီနိုင်ငံရေးဆိုတဲ့ (Geopolitics) အပေါ်မှာ အခြေခံဖြစ်ပွားလာတာဖြစ်ပါတယ်။
လက်ရှိတော်လှန်ရေးဟာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့နောက်ကွယ်မှာ ပထဝီနိုင်ငံရေးအကြပ်အတည်းဆိုတဲ့ (Geopolitical Dilemma)နဲ့ ကြုံတွေ့နေရချိန်ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။ အထူးသဖြင့် တော်လှန်စစ်အရှိန်မြင့်ပြီး နယ်မြေထိန်းချုပ်မှုတွေပိုမိုကျယ်ပြန့်လာတဲ့အခါ နယ်မြေပိုင်ဆိုင်တဲ့ အငြင်းပွားမှုတွေဟာလည်း ပိုမိုကြီးထွားလာပါတယ်။
တနင်္သာရီဒေသမှာဆိုရင် ယခင်က ကရင်တွေဟာ တောတောင်တွေနဲ့ နယ်စပ်ဒေသကို အခြေပြုနေထိုင်ကြပြီး ဗမာတွေ၊ ထားဝယ်တွေဟာ မြို့ပေါ် ၊ မြို့နဲ့အနီးနားကျေးလက်ဒေသတွေနဲ့ ပင်လယ်ဒေသတွေမှာ အခြေပြုနေထိုင်မှု ပိုမိုများပြားတယ်လို့ပြောကြပေမယ့် ယနေ့အချိန်မှာတော့ ဒီလိုပြောလို့မရတော့ပါဘူး။ သတ်မှတ်လို့မရတော့ပါဘူး။
စီးပွားကူးသန်းရောင်းဝယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ နည်းပညာတိုးတက်မှုနဲ့အတူ ပိုမိုနီးကပ်လာတဲ့ လူမှုဆက်ဆံရေး စတဲ့ခေတ်စနစ်တွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ မတူညီတဲ့ လူမျိုးစုတွေဟာလည်း မတူညီတဲ့နယ်မြေဒေသတွေကို ကူးလူးကာ ပျားပန်းခပ်သွားလာနေကြပြီး ဒွေးရောယှက်တင် နေထိုင်လာကြပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် ခေတ်သစ်နိုင်ငံရေးမှာ Demographics ဆိုတဲ့ လူမှုပထဝီနိုင်ငံရေးနဲ့ Geopolitics ဆိုတဲ့ ပထဝီနိုင်ငံရေးတို့ဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိပြီး အုပ်ချုပ်မှုနယ်မြေ သတ်မှတ်ချက်နဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုတွေဟာလည်း လူမျိုးစု၊ လူမျိုးရေးအခြေပြု စဥ်းစားလို့မရတော့ဘူးဆိုတာဖြစ်ပါတယ်။
ပြည်သူဆိုတာကိုသာ အခြေပြုစဥ်းစားရတော့မှာဖြစ်ပြီး အဆိုပါအုပ်ချုပ်မှုနယ်မြေအတွင်းမှာရှိတဲ့ မွန်၊ ကရင်၊ ထားဝယ်၊ ဗမာ စတဲ့ဘယ်လိုလူမျိုးစုအတွက်မဆို သင့်လျော်မှုရှိတဲ့၊ သာယာဝပြောစေဖို့ ရည်ရွယ်တဲ့၊ တန်းတူညီမျှမှုကိုသာအခြေခံတဲ့ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်ကိုသာ အကောင်အထည်ဖော် လည်ပတ်ရတော့မှာဖြစ်ပါတယ်။
အနှစ်ချုပ်ရရင် ဘယ်လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးတပ်မှာဖြစ်စေ၊ ဖက်ဒရယ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေမှာဖြစ်စေ အနာဂတ်ပြည်ထောင်စုနိုင်ငံတော်မှာ နယ်မြေဘယ်လောက်ကို ဘယ်ပြည်နယ်၊ ဘယ်ဒေသစသဖြင့် ခွဲဝေသတ်မှတ်ပြီး အုပ်ချုပ်ရေးယန္တရား တည်ဆောက်မယ်လို့ အိပ်မက်တွေကိုယ်စီကိုယ်စီရှိစမြဲဖြစ်ပါတယ်။ ရခိုင်တွေမှာ ရက္ခိတအိပ်မက်၊ ကရင်နီမှာ ကရင်နီအိပ်မက်၊ ကရင်တွေမှာ ကော်သူးလေအိပ်မက်၊ မွန်တွေရဲ့ ရာမညအိပ်မက်၊ ဝပြည်နယ်၊ တအာင်းပြည်နယ်၊ တနင်္သာရီအမျိုးသားများပြည်နယ်၊ ထားဝယ်ပြည်နယ် အစသဖြင့် အိပ်မက်ကိုယ်စီရှိကြပါတယ်။
ဒီလိုအိပ်မက်ကိုယ်စီရှိကြတာ ပြဿနာတော့မဟုတ်ပါဘူး။ လူမျိုးစု၊ အဖွဲ့အစည်းကစလို့ လူတစ်ဦးချင်းစီတိုင်းမှာ အနာဂတ်နိုင်ငံတော်နဲ့ပတ်သက်လို့ အိပ်မက်မက်ခွင့်ရှိပါတယ်။ အနာဂတ်ပြည်နယ်၊ ဒေသနဲ့ပတ်သက်လို့ အိပ်မက်တွေကိုလည်း ရေးဆွဲပြင်ဆင်ထားခွင့်လည်း ရှိပါတယ်။
ဒါပေမဲ့ ဒီလိုအိပ်မက်တွေကို အကောင်အထည်ဖော်တဲ့အခါ၊ အထူးသဖြင့် မတူညီတဲ့ လူမျိုးစုတွေ ဒွေးရောယှက်တင်နေထိုင်နေတဲ့ဒေသတွေမှာ ပြဋ္ဌာန်းသတ်မှတ်တဲ့အခါ တစ်ဖက်သတ်မဆန်ဖို့တော့ အရေးကြီးပါတယ်။ ပြည်သူလူထုတွေရဲ့ လိုလားတောင့်တတဲ့ နိုင်ငံရေးတောင်းဆိုချက် အသံတွေ၊ သဘောထားတွေကို ရယူနိုင်ဖို့ အရေးကြီးပါတယ်။ ကာလံဒေသံနဲ့ ကိုက်ညီတဲ့အုပ်ချုပ်မှုပုံစံဖြစ်ဖို့နဲ့ မတူညီတဲ့လူမျိုးစုတွေအကြား ရေရှည်ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရေးကို အသားပေးတဲ့ပုံစံဖြစ်ဖို့ လိုအပ်ပါတယ်။
ဒီနေရာမှာ NUG ရဲ့ အုပ်ချုပ်ရေး၊ လုံခြုံရေးယန္တရားတွေဖြစ်တဲ့ ပသုံးလုံးယန္တရားဟာလည်း မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ NUG အနေနဲ့လည်း လူမျိုးစုဒေသတွေမှာ သူတို့ရဲ့အုပ်ချုပ်ရေးယန္တရားကို တိုးတိုးတစ်မျိုးကျယ်ကျယ်တစ်ဖုံနဲ့ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေကြပြီး အငြင်းပွားဖွယ်ရာ ပဋိပက္ခတွေလည်းရှိနေပါတယ်။
NUG ရဲ့ ဒီလိုတစ်ဖက်သတ်ဆန်တဲ့ ပသုံးလုံးယန္တရားလည်ပတ်မှုတွေ၊ အထူးသဖြင့် မတူညီတဲ့ လူမျိုးစုအများအပြား ရောထွေးနေထိုင်ကြတဲ့ဒေသတွေမှာဆိုရင် ပိုလို့တောင်ဖျက်သိမ်းဖို့ လိုအပ်ပါတယ်။
ဒီလိုမဟုတ်ရင်တော့ မတူညီတဲ့လူမျိုးစုတွေအကြား ပထဝီနိုင်ငံရေးပဋိပက္ခ၊ လူမှုရေးပဋိပက္ခ၊ လက်တွေ့နဲ့ကိုက်ညီမှုမရှိတဲ့ အုပ်ချုပ်ရေးယန္တရားပဋိပက္ခ တွေဟာ ဖွဲမီးလိုတငွေ့ငွေ့ လောင်ကျွမ်းရာကတစ်ဆင့် မငြိမ်းသတ်နိုင်တဲ့မီးတောက်ကြီးအဆင့်အထိ တောက်လောင်လာနိုင်ပြီး ပြည်သူလူထုတွေရဲ့ဘဝပေါင်းများစွာ လောင်ကျွမ်းခံရတဲ့ အခြေအနေအထိ ဖြစ်သွားနိုင်တာကို သတိပြုဆင်ခြင်နိုင်ဖို့ လိုအပ်ပါတယ်။
ပစ္စုပ္ပန်ရဲ့ အုပ်ချုပ်ရေး
ဒီလိုအုပ်ချုပ်ရေးယန္တရားတွေကို ရပ်နားလိုက်မယ်ဆိုရင် ပစ္စုပ္ပန်ရဲ့အုပ်ချုပ်ရေးအတွက် စိုးရိမ်မှုတွေလည်း ရှိကြပါတယ်။ တကယ်လက်တွေ့မြေပြင်မှာ ပစ္စုပ္ပန်ရဲ့အုပ်ချုပ်မှုပုံစံဟာ လက်တွေ့ကျပြီး ရိုးရှင်းနေတာကိုတွေ့ရပါတယ်။
NUG ရဲ့အုပ်ချုပ်ရေးယန္တရားအပါအဝင် မည်သည့်အုပ်ချုပ်ရေးယန္တရားမှ လာရောက် အကောင်အထည်ဖော် နေသည်မရှိသည်ဖြစ်စေ ရပ်ရွာတွေဟာ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေသရဲ့ အုပ်ချုပ်ရေးအရာရှိ၊ တာဝန်ခံတွေကို ပြည်သူလူထုက လေးစားအသိအမှတ်ပြုတဲ့သူတွေကို ရွေးချယ်ခန့်အပ်ပြီး ပြည်သူလူထုကပဲ ဒီလူတွေကို ထိန်းကျောင်းတည့်မတ် ပေးနေတာကိုတွေ့ရပါတယ်။
တရားဥပဒေစိုးမိုးရေးအတွက်လည်း ရပ်ရွာတွေက ကိုယ်ထူကိုယ်ထ လုံခြုံရေးအဖွဲ့အစည်းတွေ ဖွဲ့စည်းထားရှိပြီး အဆိုပါဒေသအတွင်းမှာရှိတဲ့ လက်နက်ကိုင်တပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြတာ ရှိပါတယ်။
ရပ်ရွာရဲ့လုပ်ပိုင်ခွင့်ထက်ကျော်လွန်တဲ့၊ မဖြေရှင်းနိုင်တဲ့ အချို့သောတရားရေးအမှုတွေအတွက်ကတော့ အဆိုပါနယ်မြေမှာရှိတဲ့ သူတို့အားကိုးအားထားပြုတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကိုအပ်နှံပြီး ဆောင်ရွက်စေတာမျိုးရှိပါတယ်။
ဤသည်ပင်လျှင် ပစ္စုပ္ပန်ရဲ့ အခြေခံအကျဆုံးနဲ့ လက်တွေ့အကျဆုံးသော အုပ်ချုပ်လည်ပတ်မှုပုံစံ ဖြစ်ပါတယ်။
ပြည်သူလူထုရဲ့ တော်လှန်ရေးတောင်းဆိုချက်
ပြည်သူလူထုကမွေးဖွားသန့်စင်လိုက်တဲ့ တော်လှန်ရေးအင်အားစုတွေဟာ တော်လှန်ရေးနဲ့ပတ်သက်လို့ ပြည်သူလူထုတွေရဲ့ လိုလားတောင်းဆိုချက်တွေကိုနာခံပြီး အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။
အခုချိန်မှာပြည်သူလူထုတစ်ရပ်လုံးရဲ့ လိုလားတောင့်တချက်ဟာ အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး လွတ်လပ်ငြိမ်းချမ်းဖို့ တစ်ခုတည်းသာဖြစ်ပါတယ်။ ဒီအဆင့်ကိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီးမှ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အုပ်ချုပ်မှုနယ်မြေ ခွဲဝေမှုတွေဟာ စားပွဲဝိုင်းပေါ်မှာ အဖြေရှာရမယ့်ကိစ္စတွေသာဖြစ်ပါတယ်။
အာဏာရှင်စနစ်မချုပ်ငြိမ်းဘဲ လွတ်လပ်ငြိမ်းချမ်းမှုတွေမရှိသေးသရွေ့ တော်လှန်နေစဥ် ကာလအတွင်းမှာ အုပ်ချုပ်နယ်မြေသတ်မှတ်မှုတွေဟာ ဘယ်သောအခါမှအဖြေမထွက်နိုင်ဘဲ အငြင်းပွားဖွယ်ရာ ပဋိပက္ခတွေအဖြစ်နဲ့သာ ရှိနေမှာဖြစ်ပါတယ်။
ဒါကြောင့်မို့ အခုချိန်မှာ အဖြေမထွက်နိုင်တဲ့ပုစ္ဆာကို တွက်ချက်အဖြေရှာဖို့အတွက် မလိုအပ်တဲ့ အင်အားနဲ့အချိန်တွေအကုန်ခံပြီး လုပ်ဆောင်မှုတွေကိုလျှော့ချပြီး အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက်ကိုသာ အားစိုက်မောင်းနှင်နိုင်ကြဖို့ဟာ အခရာဖြစ်ကြောင်း တင်ပြဆွေးနွေးလိုက်ရပါတယ်။
ယောနသံ