ထားဝယ်မြို့၊ ဥဿရံတိုးချဲ့ ရပ်ကွက်နှင့် ဆန်းချီရပ်ကွက်တို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်ညက နေအိမ်နှစ်လုံး ဖောက်ထွင်းခိုးယူခံရကြောင်း ဖောက်ထွင်းခံရသည့် နေအိမ်များ၏ အိမ်ရှင်များထံမှ သိရသည်။ သိရသည် ။
ဆန်းချီရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင် ည ၁၂ နာရီခန့်က သူခိုးဝင်ပြီး ဆိုင်ကယ်အား ခိုးယူ၍ ပြန်ထွက်ရန် နေအိမ်ခြံဝင်းတံခါးကို ဖွင့်နေစဥ် အိမ်ရှင်များနိုးသွား၍ ပတ်ဝန်းကျင်ကို အကူအညီတောင်းရာမှ ဝိုင်းလိုက်သဖြင့် ဆိုင်ကယ်သူခိုး နှစ်ဦးထွက်ပြေးသွားကြောင်း အိမ်ရှင်က ပြောသည်။
ပတ်ဝန်းကျင်က ဝိုင်းလိုက်သော်လည်း သူခိုးနှစ်ဦး ဖမ်းမမိဘဲ လွတ်မြောက်သွားကြောင်း ၎င်းက ဆိုသည်။
ဖေဖော်ဝါရီလ ၂၂ ရက် ညတွင်ပင် ဥဿရံတိုးချဲ့ ရပ်ကွက်ရှိ အလှပြုပြင်ရေးဆိုင်ဖွင့်ထားသည့် နေအိမ်၏အောက်ထပ်တွင် ထားသည့် ဆိုင်ကယ်တစ်စီး ခိုးယူခံရကြောင်း ဆိုင်ကယ်ခိုးယူခံရသည့် ကာယကံရှင်က ပြောဆိုသည်။
ညအိပ်ယာဝင်ချိန်အထိ ဆိုင်ကယ်အား နေအိမ်အောက်ထပ်တွင် တွေ့ရှိရပြီး ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၅ နာရီခန့် အိပ်ယာနိုးချိန်တွင် ခြံတံခါးပွင့်နေကာ ဆိုင်ကယ်ပျောက်ဆုံးခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည် ။
ဖေဖော်ဝါရီလ ဒုတိယအပတ်ကလည်း ဝဲကျွန်းရပ်ကွက် ကျွန်းရတနာလမ်းတွင် နေအိမ်ခြံဝင်းနှစ်ခု ညဘက် ဖောက်ထွင်း ခံရပြီး ဆိုင်ကယ်နှစ်စီးခိုးခံရခဲ့ကြောင်း ယင်းရပ်ကွက်များတွင် နေထိုင်သူများနှင့် ကာယကံရှင်များထံမှ သိရသည်။
ယင်းအပြင် ဒေါင်းငူရပ်ကွက် မဟာသုခလမ်းက သင်တန်းကျောင်းတစ်ခုရှေ့၌ ရပ်ထားသည့် ဆိုင်ကယ်တစ်စီးလည်း ဖေဖော်ဝါရီလ ၁၉ ရက်ညဦးပိုင်းက ပျောက်သွားကြောင်း ၎င်းတို့က ဆိုသည်။
ဇန်နဝါရီလမှစ၍ လက်ရှိအချိန်အထိ တစ်လခွဲကျော်အတွင်း ထားဝယ်မြို့ရှိ ရပ်ကွက်များတွင် ခိုးယူခံနေရသည့် ဆိုင်ကယ် ခုနစ်စင်းအထိ ရှိပြီဖြစ်ကြောင်း Dawei Watch က အတည်ပြုထားသည့် အချက်အလက်များအရ သိရသည်။
Dawei Watch က ဆက်သွယ်မေးမြန်းခဲ့သည် ဆိုင်ကယ်ပျောက်သူ အားလုံးနီးပါး ရဲစခန်းတွင် ဆိုင်ကယ်ပျောက်မှု တိုင်ကြားထားသော်လည်း အကြောင်းတစ်စုံတစ်ရာထူးခြားမှုမရှိကြောင်း ပြောဆိုကြသည် ။
ထားဝယ်မြို့တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလနှောင်းပိုင်းမှစ၍ စျေး၊ ပန်းခြံ၊ ကစားကွင်းကဲ့သို့ လူစည်ကားသည့်နေရာများတွင် ခါးပိုက်နှိုက်ခံရခြင်း၊ လုယက်ခံရခြင်းများဖြစ်ပွားခဲ့ပြီး ယခုနှစ်ဆန်းတွင် နေအိမ်ခြံဝင်းဖောက်၍ ဆိုင်ကယ်ခိုးယူမှုများပါ ခပ်စိပ်စိပ် ဖြစ်လာနေသဖြင့် ပို၍သတိထားနေရကြောင်း မြို့ခံများထံမှ သိရသည်။