အာဏာသိမ်းကာလ လေးနှစ်ကျော်လာချိန်တွင် စစ်အာဏာရှင် တော်လှန်ရေးအားကောင်းလာပြီး နိုင်ငံတစ်ဝန်းရှိ မြို့ ၉၀ကျော်အပါအဝင် နယ်မြေအများအပြားကို တော်လှန်ရေးအင်အားစုတွေ သိမ်းယူထိန်းချုပ်ထားနိုင်ခဲ့သည်။
လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာသော်လည်း စုစည်းညီညွတ်မှုအားနည်းခြင်း၊ ဘုံသဘောတူညီချက်များ ချမှတ်နိုင်မှုအားနည်းခြင်း စသဖြင့် တော်လှန်ရေးခရီးမှာ မျှော်မှန်းထားသလောက် မရွေ့ဟု အားမလိုအားမရအသံများ ညံလာသည်။
အချို့နေရာများတွက် တစ်နယ်တစ်ဗိုလ် ပုံစံဖြစ်နေပြီး အာဏာရှင်အသေးစားများသဖွယ်ပင် ဖြစ်လာသည်ဟု ဝေဖန်သံများ ထွက်လာပြီး တော်လှန်ရေး လမ်းကြောင်း သွေဖည်လာကြောင်းလည်း လူထုအောင့်လုံးများ ပေါက်ထွက်နေကြသည်။
ထို့ကြောင့် တော်လှန်ရေးအရွေ့ မည်သို့ရှိနေသည်၊ တော်လှန်ရေး ခရီးပေါက်ရန် မည်သည့်အရေးအရာတို့ကို အရေးတကြီး ပြုပြင်ရမည် စသည်တို့နှင့်ပတ်သက်၍ အာဏာရှင်တော်လှန်ရေးခရီးအတွင်း လက်နက်ကိုင်တော်လှန်ရေး၊ နိုင်ငံရေး၊ ထောက်ပို့၊ စစ်ဘေးရှောင်ကူညီရေး၊ လူထုလှုပ်ရှားမှုစသည့် ကျရာကဏ္ဍတွင် ပါဝင်ထမ်းဆောင်နေကြသည့် ပုဂ္ဂိုလ်များကို မေးမြန်းထားသည်။
ယခုသီတင်းပတ်တွင် စစ်ဒေသ၊ ကွန်ပျူတာတက္ကသိုလ် (မြိတ်) ကျောင်းသားများသမဂ္ဂနှင့် စစ်ဘေးရှောင် ကူညီရေးအဖွဲ့ တာဝန်ရှိသူတို့ကို မေးမြန်းကာ တနင်္သာရီ အပတ်စဉ်ပုံရိပ်အစီအစဉ်အဖြစ် တင်ဆက်လိုက်သည်။
“လေးနှစ်သားတော်လှန်ရေးခရီး လမ်းမှန်လျှောက်နေဆဲလား” ပုံရိပ်ကို အပိုင်းလိုက် ဆက်လက်တင်ဆက်သွားပါမည်။
“ပြည်သူလူထုတွေ ပိုပြီးဒုက္ခရောက်ကြမယ့်အပြင် တော်လှန်ရေးကနေ ဘေးချော်ထွက်သွားမယ့်အန္တရာယ်ပါရှိလာမယ်”
ရဲဘော်စတား၊ စစ်ဆင်ရေးတာဝန်ခံ၊ တိုင်းစစ်ဌာန(တနင်္သာရီ)။
DW ။ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးစလုပ်ချိန်မှာ ဘယ်အချိန်လောက်မှာ ပြီးမယ်လို့ မျှော်မှန်းခဲ့လဲ။ အခြားအင်အားစုတွေနဲ့ ဘယ်လိုပုံစံပူးပေါင်းပြီး သွားမယ်လို့ မျှော်မှန်းခဲ့လဲ။
ဖြေ ။ တော်လှန်ရေးဆိုတာက အချိန်ကန့်သတ်ချက်နဲ့ ပြီးအောင်လုပ်မယ်လို့ ယတိပြတ်တော့ ပြောလို့မရပါဘူး။ ဒါပေမဲ့ အမြန်ဆုံးအချိန်တိုတိုနဲ့ ပြီးပြတ်သွားရင်တော့အကောင်းဆုံးပေါ့။ ကျွန်တော်တို့က ဘာကြောင့် အပြတ်ပြောလို့ မရဘူးလဲ ဆိုတာက တော်လှန်ရေးအောင်မြင်ဖို့ဆိုတာ ကျော်ဖြတ်ရမယ့်အဆင့်တွေ အများကြီးရှိလို့ပါ။ လေ့ကျင့်တာတွေ၊ စုဖွဲ့တာတွေ အားကောင်းလာဖို့ တည်ဆောက်ရတယ်။ စစ်ရေးဗျူဟာတွေကိုလည်း စာတွေ့သင်ယူ၊ လက်တွေ့ကျင့်သုံး၊ စစ်ရေးအတွေ့အကြုံတွေ အထပ်ထပ်လေ့ကျင့်သင်ယူပြီးခါမှ လက်နက်တွေ မလုံလောက်သေးတဲ့အချိန်မှာ ခုခံတွန်းလှန်စစ်၊ ပြောက်ကျားစစ်၊ တန်ပြန်ထိုးစစ်၊ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲ စသဖြင့် အဆင့်ဆင့်ဖြတ်သန်းပြီးမှ End Game ဆိုတဲ့ တော်လှန်ရေးရဲ့ အဆုံးသတ်ကို ရောက်ရှိမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီနွေဦးတော်လှန်ရေးမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ပူးပေါင်းပြီးတော့ တိုက်ပွဲဝင် သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ ကျွန်တော်တို့ ပြည်သူတွေကို ဒုက္ခပေးနေတာ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဖြစ်တယ်။ တိုင်းရင်းသားအားလုံးရဲ့ ဘုံရန်သူ၊ တော်လှန်ရေးအင်အားစုတွေအားလုံးရဲ့ ဘုံရန်သူဟာ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်ဖြစ်တယ်။ ဘုံရန်သူကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့အတွက် ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအားလုံး စည်းလုံးမှု၊ ညီညွတ်မှုရှိဖို့ လိုပါတယ်။ ဒါကို အကောင်းဆုံးတည်ဆောက်ပြီး လုပ်ဆောင်သွားမှာပါ။
DW ။ အခုအချိန်မှာရော အစကမျှော်လင့်ထားတဲ့ မျှော်လင့်ချက် မျှော်မှန်းချက်တွေ တကယ်ဖြစ်လာတယ်လို့ ခံစားရလား။
ဖြေ ။ ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့တုန်းက လက်ထဲမှာခုခံဖို့တောင် ဓားတစ်ချောင်းစီ ရှိမနေခဲ့ ပါဘူး။ အခုဆိုရင် PDF တပ်ရင်းတပ်ဖွဲ့တွေကို စနစ်တကျ တည်ဆောက်လာနိုင်ခဲ့ပြီ။ ထိုက်သင့်သလောက် လက်နက်တွေ တပ်ဆင်လာနိုင်ခဲ့ပြီ။ နယ်မြေထိန်းချုပ်နိုင်မှုတွေအပြင် ရန်သူ့စခန်းတွေပါ တိုက်ခိုက်သိမ်းပိုက်လာနိုင်ခဲ့ပြီ။ စစ်ကောင်စီဟာ နိုင်ငံရဲ့ နယ်မြေထက်ဝက်ကျော်ကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီ။ ဒါဟာ လေးနှစ်ဆိုတဲ့ကာလအတွင်းမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ဖြစ်ပါတယ်။
DW ။ တနင်္သာရီတိုင်းထဲက တော်လှန်ရေးတပ်အချို့က စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း အာဏာရှင် အသေးစားလေးတွေ ဖြစ်လာကြတယ်လို့ ပြောဆိုဝေဖန်နေကြတာရှိတယ်။ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ ။ အာဏာရှင်စနစ်ကိုတော်လှန်ရင်း အာဏာရှင်အသေးစားတွေဖြစ်လာကြတယ်ဆိုတာ စည်းစနစ်အားနည်းတာရယ်၊ မူဝါဒ မရှိတာရယ်၊ အဲဒါတွေ ရှိတယ်ဆိုရင် လိုက်နာကျင့်သုံးမှုအားနည်းတာရယ်ကြောင့် ဖြစ်ပါတယ်။ ဒါက တော်လှန်ရေး တပ်ဖွဲ့တိုင်းမှာ ကြုံရတတ်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ COC (Code Of Conduct) တည်ဆောက်ထားပြီးသား အဖွဲ့တွေဆိုရင် တော့ ဒီကိစ္စတွေက ထိန်းကျောင်းသွားလို့ရတယ်။ NUG အောက်ကတပ်တွေကို ဒီလိုမျိုးဖြစ်စဉ်တွေ အတွက် စီမံခန့်ခွဲမှု နည်းလမ်းအရရော စစ်စည်းကမ်းဥပဒေတွေအရပါ အရေးယူဆောင်ရွက်နေတာတွေ ရှိပါတယ်။
DW ။ ဒီစိန်ခေါ်မှု အဟန့်အတားတွေကို ဘယ်လိုပုံစံနဲ့ ကျော်ဖြတ်နိုင်မယ်လို့ထင်လဲ။
ဖြေ ။ ကျွန်တော်ပြောခဲ့သလို အဓိကအချက်တွေက တော်လှန်ရေးအဖွဲ့အစည်းတိုင်းဟာ စစ်စည်းကမ်းဥပဒေတွေ၊ ပေးအပ် လာတဲ့အမိန့်တွေကို အတိအကျလိုက်နာအောင် ဆောင်ရွက်သွားဖို့လိုပါတယ်။ ရဲဘော်တွေကို အမိန့်နာခံမှု အားကောင်း လာအောင် အထပ်ထပ်လေ့ကျင့်ပေးနေရမှာဖြစ်ပါတယ်။ အချို့ဆို စည်းမျဉ်းစည်းကမ်းဆိုတာ ဘာလဲလို့ မသိရင် ချိုးဖောက် နေမှန်းကို မသိတာတွေဖြစ်လာနိုင်တယ်။ လေ့ကျင့်သင်ကြားမှုတွေ အသေအချာလုပ်ရမှာဖြစ်ပြီး မလိုက်နာရင် ထိထိရောက်ရောက် အရေးယူကိုင်တွယ်သွားဖို့ကလွဲလို့ အခြားနည်းလမ်း မရှိပါဘူး။ ဒါက COC အောက်က အဖွဲ့တွေကိုပဲ ဆိုလိုတာဖြစ်ပါတယ်။ COC အောက်မှာ မရှိသေးတဲ့အဖွဲ့တွေကိုလည်း လက်တွဲခေါ်ယူသွားဖို့ လိုပါတယ်။ တော်လှန်ရေး လုပ်ချင်ရင် အလွယ်တကူလက်နက်ကိုင်လို့ရတဲ့ ခေတ်အခြေအနေမှာ စည်းစနစ်တကျမရှိ၊ ထိန်းကျောင်းမှု မရှိဘူးဆိုရင် ‘မ’တစ်ထောင်သားတွေကို အုပ်ချုပ်ရတယ်ဆိုတာဟာ အင်မတန် ခက်ခဲပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေတိုင်းရဲ့ တိုက်ပွဲအတွေ့အကြုံတွေအရ တပ်မှူးတပ်ဗိုလ်တွေ ရဲဘော်တွေဟာလည်း အမိန့်နာခံမှုဟာ မြေပြင်တိုက်ပွဲမှာ ဘယ်လောက် အရေးကြီးလဲဆိုတာ နားလည်နေပြီဖြစ်ပါတယ်။ ဒါတွေကိုစနစ်တကျ တည်ဆောက်နိုင်ဖို့ဆိုရင် စစ်ရေးမှာ One command, One control ဖြစ်ဖို့အရေးကြီးတယ်ဆိုတာ နားလည်လက်ခံလာကြပြီဖြစ်တယ်။ ဒါကြောင့်လည်း တော်လှန်ရေး အင်အားစုတွေ အခုနောက်ပိုင်းမှာ တပ်ပေါင်းစုတွေဖွဲ့ပြီး စစ်ဆင်ရေးဆောင်ရွက်လာနိုင်ပြီဖြစ်ပါတယ်။ စစ်ကြောင်းပုံစံ စုဖွဲ့မှုတွေနဲ့ တိုက်ပွဲဝင်နေပြီဖြစ်တယ်။ အဓိကအချက်က တော်လှန်ရေးရဲ့ ဘုံရည်မှန်းချက်ကို တကယ်နားလည် လက်ခံလာရင် ပေါင်းစည်းမှုဆိုတာ မခက်ပါဘူး။
DW ။ ပြုပြင်သင့်တာတွေ မပြုပြင်ဘဲ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် နွေဦးတော်လှန်ရေးက ဘာဆက်ဖြစ်လာ နိုင်
မယ်လို့ ထင်လဲ။
ဖြေ ။ တခြားအချက်အလက်တွေ အများကြီးရှိပေမယ့် အဓိကအကြောင်းအရာကတော့ အထက်ကပြောတဲ့အချက်တွေကို မလုပ်ဆောင်နိုင်သေးဘူးဆိုရင် တော်လှန်ရေးက ပိုပြီးကြာလာပါလိမ့်မယ်။ ပြည်သူလူထုတွေ ပိုပြီးဒုက္ခရောက်ကြမယ့်အပြင် တော်လှန်ရေးကနေ ဘေးချော်ထွက်သွားမယ့်အန္တရာယ်ပါ ရှိလာမယ်လို့ ပြောချင်ပါတယ်။ အားလုံး စုစည်းညီညွတ်ခြင်းကသာ ကျွန်တော်တို့ပန်းတိုင်ကို အမြန်ဆုံး အရောက်သွားနိုင်ကြမှာပါ။
DW ။ ကျေးဇူးတင်ပါတယ်။
“ပြည်သူလူထုကို False Hope (မျှော်လင့်ချက် အမှား) ထပ်မပေးဖို့ မျှော်လင့်တယ်”
ကို Hippo (ယာယီအလုပ်အမှုဆောင်၊ ကျောင်းသားများသမဂ္ဂ၊ ကွန်ပျူတာတက္ကသိုလ်(မြိတ်))
DW ။ အစ်ကိုအနေနဲ့ တော်လှန်ရေးအပေါ် ဘယ်လိုမျှော်လင့်ခဲ့လဲ။
ဖြေ ။ ကျွန်တော်တော်လှန်ရေးအပေါ် ဘယ်လိုမျှော်လင့်ခဲ့လဲဆိုတော့ မြန်မြန်ပြီးစေချင်တယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီထဲမှာ ပြည်သူလူထုတစ်ရပ်လုံးက အရမ်းကြီးကို ခက်ခဲလာကြတယ်။ နောက်တစ်ခုက စီးပွားရေး၊ လူမှုရေး အခုဆိုရင် စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ ထွက်လာရတယ်။ ပြီးရင် မြို့ပေါ်မှာ ပြည်သူတွေနေတာ လုံခြုံမှုမရှိတော့ဘူး။ ကြာလာတာနဲ့အမျှ ပြည်သူတွေရဲ့ လုံခြုံရေးပေါ့နော်။ ပြီးရင် သူတို့တွေရဲ့ အကျိုးစီးပွားတွေက တဖြည်းဖြည်းနဲ့ ဆုတ်ယုတ် လာကြတယ်။ အဲဒီအပေါ်မှာ တရားဥပဒေစိုးမိုးရေး မရှိတော့တဲ့အတွက်ကြောင့်လည်း လူတွေက အများကြီးပေါ့နော်။ ဖြစ်ပျက်နေတဲ့ဟာက မြင်နေရတဲ့အတိုင်းပါပဲ သတင်းတွေမှာ။ ပြောရမယ်ဆိုရင်တော့ တော်လှန်ရေး ကိုတော့ မြန်မြန်ပြီးစေချင်တယ်ပေါ့နော်။ နောက်တစ်ခုကလည်း ချစ်ရတဲ့ လက်နက်ကိုင်ရဲဘော်တွေပေါ့နော်။ သူတို့တွေကလည်း တော်လှန်ရေးကြာလာတာနဲ့အမျှ လူတွေက ပိုသေလာမယ်ဗျာ။ ဆိုတော့ ပိုဆုံးရှုံးလာရမယ်။ မမြင်ရတဲ့ ရဲဘော်တွေ တစ်ချိန်ကျရင် ပိုများလာမယ်။ အဲဒါတွေကို ကျွန်တော်တို့ ကြုံတွေ့ရမယ်ပေါ့နော်။
နောက်တစ်ခုကကျတော့ ထပ်ပြီးတော့ မျှော်လင့်ခဲ့တာဘာလဲဆိုတော့ လူမျိုးစုတန်းတူရေးတို့ ပြီးရင် ဗမာလူမျိုးဝါဒ ပပျောက်ရေးတို့၊ နောက်တစ်ခုကကျတော့ အမျိုးသားရေးကို အခြေခံပြီးတော့ လုပ်တဲ့ဟာတွေပေါ့နော်။ အမျိုးဘာသာ သာသနာကို အခြေခံပြီးလုပ်တဲ့ဟာတွေ အဲဒါတွေအကုန်လုံး တော်လှန်နိုင်ရမယ်။ ပြီးတော့ အတွေးအခေါ်တော်လှန်ရေးတွေ ယဉ်ကျေးမှုတော်လှန်ရေးတွေ အဲဒါအကုန်လုံးကို အခုလည်း လုပ်နေကြတယ်။ အဲဒါကိုရွေ့နေကြတယ်ပေါ့နော်။ အဲဒါကိုလည်း မြင်တယ်ပေါ့နော်။ အဲဒါတွေကို မျှော်လင့်ခဲ့မိတယ်ဗျ။
DW ။ လက်ရှိတော်လှန်ရေးအရွေ့က ဘယ်အခြေအနေကို ရောက်နေပြီလို့ ထင်လဲ။
ဖြေ ။ လက်ရှိတော်လှန်ရေးအရွေ့ကပေါ့နော်၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြောရမယ်ဆိုရင် ရွေ့တယ်ပေါ့နော်။ ကျွန်တော်တို့ EROsတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ သူတို့သိမ်းပိုက်ထားတဲ့နယ်မြေတွေ၊ ပြီးရင် ရခိုင်ကလည်း သူတို့ရဲ့ သူတို့နယ်မြေကို ပြန်သိမ်းပိုက်တဲ့ဟာတွေ အဲဒါတွေကို ကြည့်လိုက်ရင် အရှေ့ရောက်တယ်လို့ မြင်လို့ရတယ်ပေါ့နော်။ ပြီးတော့ စကစရဲ့ သမိုင်းမှာ တစ်ခါမှမရှိခဲ့ဘူးတဲ့ စခန်းကုန်းကြီးတွေ ပြီးရင် စစ်ဌာနချုပ်တွေ အထိ အသိမ်းခံရတယ်ဆိုတော့ ကျွန်တော်တို့တော်လှန်ရေးဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်တယ်ဆိုရင်တော့ တိုင်းရင်းသား EROsတွေက သူတို့ရဲ့နယ်မြေကို သူတို့သိမ်းပိုက်နိုင်ခဲ့တယ်ဆိုရင် ကျွန်တော့်အနေနဲ့ကတော့ အရှေ့ရောက်တယ်လို့ ထင်တယ်ပေါ့နော်။
တနင်္သာရီဒေသ(တိုင်း)ရဲ့အရွေ့ကို ပြောရမယ်ဆိုရင် ၂၀၂၁ ကနေ ၂၀၂၅ အထိ ကျွန်တော်တို့မြင်လာခဲ့တဲ့ဟာတွေ ပေါ့နော်။ အချို့ရွာတွေကို စိုးမိုးနယ်မြေအဖြစ် သိမ်းပိုက်နိုင်ခဲ့တယ်။ အချို့စခန်းကုန်းတွေကို ရန်သူက ဆုတ်သွားလို့ သိမ်းပိုက်နိုင်ခဲ့တဲ့ အခြေအနေလည်း ရှိခဲ့တယ်ပေါ့နော်။ (တော်လှန်ရေးအခြေအနေနဲ့ ပတ်သက်လို့) ဒီဟာတွေကလည်း အမှန်တရားကို ပြည်သူလူထုက သိသင့်တယ်ပေါ့နော်။ ဘာလည်းဆိုတော့ လူထုကို လိမ်ညာခဲ့တာတွေ အများကြီးပဲပေါ့နော်။ False Hope (မျှော်လင့်ချက်အမှား) တွေ ပေးခဲ့တာတွေလည်း အများကြီးပဲ။ ဆိုတော့ အဲဒီအပေါ်မှာလည်း ကျွန်တော်တို့ ဘက်ကကျတော့ ပြည်သူလူထုကို False Hope ထပ်မပေးဖို့ မျှော်လင့်တယ်ပေါ့နော်။ ဘာလို့လည်း ဆိုတော့ တော်လှန်ရေးကကြာလာပြီ။ ပြီးတော့မယ် ပြီးတော့မယ်ဆိုတာနဲ့ပဲ အခုအထိ တိုင်ပတ်နေကြတယ်ဗျား။ တော်လှန်ရေးရဲ့ အရွေ့က ဘယ်အထိသွားဦးမလဲ ဘယ်အခြေအနေအထိ ရောက်နေပြီလဲဆိုတာ ဖြေရမယ်ဆိုရင်တော့ တော်လှန်ရေး ကတော့ ကြာဦးမှာပါ။ ကျွန်တော်တို့ ဒီထက်ပိုပြီးတော့ ထပ်ပြီးကြိုးစားဖို့ လိုတယ်ဆိုတာတော့ ထင်တယ်ပေါ့နော်။
DW ။ တော်လှန်ရေးအဖွဲ့တွေ လက်ရှိသွားနေတဲ့ပုံစံအရဆိုရင် လမ်းကြောင်းမှန်ပေါ် မှာပဲ ဆက်ရှိနေတယ်လို့ ထင်လား။ သွေဖည်နေတယ်လို့ ခံစားရလား။
ဖြေ ။ ကျွန်တော်အမှန်အတိုင်းပဲ ပြောပါမယ်။ ဘာလို့လဲဆိုတော့ ပြည်သူလူထုတွေကို ဘယ်တော့အခါမှ လိမ်ညာလို့ မရဘူးပေါ့။ ပြည်သူလူထုကို လိမ်ညာတယ်ဆိုတာကလည်း ပြည်သူလူထုကို သစ္စာဖောက်တဲ့ဟာပဲ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ လမ်းကြောင်းမှန်ပေါ်မှာ ဆက်ရှိနေလားဆိုတော့ တချို့အဖွဲ့တွေက ရှိတယ်။ တချို့အဖွဲ့တွေက မရှိဘူး။ ဘာကြောင့် အဲဒီလိုပြောလဲဆိုတော့ စကားတစ်ခွန်းရှိတယ်ဗျ။ ကျွန်တော်အမြဲလက်ခံတဲ့ စကားတစ်ခွန်းပေါ့နော်။ ‘ရေတွင်းထဲကို ကျွန်တော်တို့ ကြည့်လိုက်တဲ့အခါကျရင် ရေတွင်းကြီးကလည်း ကျွန်တော်တို့ကို ပြန်ကြည့်နေတယ်ပေါ့’ အဲဒါက ဘာလဲဆိုတော့ ဖက်ဆစ်ကို တော်လှန်ရင်းနဲ့ ဖက်ဆစ်ဖြစ်သွားနိုင်တယ်ဆိုတဲ့ အကြောင်းအရင်းတွေက အများကြီး ရှိတယ်ဗျား။ ဒီဟာတွေကိုလည်း ကျွန်တော်တို့ တချို့နေရာတွေမှာ တွေ့လာရတယ်။ ကျွန်တော်တို့ တိုင်းအတွင်းမှာလည်း တွေ့လာရတယ်။ ဘာလဲဆိုတော့ ပြည်သူလူထုက လမ်းတံတားတစ်ခုကို ဖြတ်တဲ့အချိန်မှာ တော်လှန်ရေးအဖွဲ့တစ်ခုက မိုင်းဆွဲတယ်ပေါ့နော်။ မိုင်းဆွဲပြီးတော့ အဲဒီတော်လှန်ရေးအဖွဲ့ တာဝန်ခံတစ်ယောက်ကနေပြီးတော့ လူနာတင်ကား (မိုင်းထိတဲ့ကား) ကိုပြန်ခေါ် ပြီးတော့ မိုင်းခွဲလိုက်တာ မင်းတို့ကြောင့်ဖြစ်သွားတယ်။
အဲဒါကြောင့်မို့လို့ မိုင်းဖိုး (မိုင်းတန်ဖိုး) ပြန်လျှော်ပေးရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောတယ်ပေါ့နော်။ ဆိုတော့ အဲဒီဟာကလည်း ဘာနဲ့တူသလဲဆိုတော့ စကစ လုပ်တာနဲ့ အတူတူပဲပေါ့နော်။ နောက်တစ်ခုကကျတော့ တချို့လက်နက်ကိုင်အဖွဲ့အစည်းတွေက အခွန်ကောက်တဲ့ကိစ္စတွေ။ ပြည်သူလူထုကို ဝန်ဆောင်မှု မပေးနိုင်ဘဲနဲ့အခွန်ကောက်တဲ့ကိစ္စက စပြီးတော့ စလွဲတာပဲပေါ့နော်။ အခွန်ဆိုတဲ့ဟာကလည်း ဒီအတိုင်းတော့ ကောက်လို့တော့မရဘူး။ ဝန်ဆောင်မှုတော့ပြန်ပေးရမယ်ဆိုတဲ့ဟာတွေမျိုးကို တွေ့ရတယ်ပေ့ါနော်။ နောက်ပြီး ပြည်သူလူထုတွေကို ဖမ်းပြီးနှိပ်စက်တာတွေ အဲဒါတွေကလည်း အများကြီးတွေ့ရတဲ့အတွက်ကြောင့် (တော်လှန်ရေးလမ်း) သွေဖည်နေတယ်လို့ ခံစားရတယ်။ တချို့အဖွဲ့တွေမှာ သွေဖည်တယ်။ တချို့အဖွဲ့တွေကျတော့ လမ်းကြောင်းမှန်ပေါ် ဆက်သွားနေတယ်။ ဥပမာ-BPLA (ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်) တို့ ဘာတို့ဆိုရင် ၃ နှစ် ၄ နှစ်တာ ကာလအတွင်းမှာ တပ်ပုံကျအောင် တည်ဆောက်ခဲ့တယ်ပေါ့နော်။ အဲဒီဟာကလည်း နမူနာကောင်း ဖြစ်တယ် ပေါ့နော်၊ အခုနွေဦးတော်လှန်ရေးမှာပေါ့နော်။
ကျွန်တော်တို့ဒေသမှာဆိုရင် ဖြစ်နေတဲ့ဟာတွေကို ကြည့်လိုက်ရင် တပ်ပုံကျလောက်အောင်အထိ တချို့အဖွဲ့တွေက ဖြစ်မနေဘူးပေါ့နော်။ တချို့အဖွဲ့တွေကကျတော့ စစ်သင်တန်းကိုတောင် ပြီးအောင်မတက်ဘဲနဲ့ လက်နက်ကိုင်နေတဲ့ လူတွေရှိတယ်။ ပြီးရင် စစ်သင်တန်းကိုတောင်မှ မတက်ဖူးဘဲနဲ့ တာဝန်ခံတွေ၊ ဗျူဟာမှူးတွေ အများကြီးဗျာ၊ အဲဒီလိုမျိုးလုပ်နေကြတဲ့ဟာတွေ တွေ့ရတဲ့အတွက်ကြောင့် ဒီလိုဖြစ်နေသရွေ့ကတော့ သူတို့အဖွဲ့တွေက ဆက်ပြီးသွေဖည်နေဦးမှာပဲ။ စစ်မတိုက်ဖူးဘဲနဲ့ အရေးကြီးတဲ့တာဝန်တွေကို ဆက်ယူထားသရွေ့တော့ သူ့လက်အောက်မှာရှိနေတဲ့အဖွဲ့တွေက အမြဲတမ်းအဲဒီလိုချည်း စစ်ပုံမကျဘဲနဲ့ ပြည်သူလူထုအပေါ်မှာ အများကြီး အလွဲလွဲအမှားမှားတွေ၊ ပြည်သူလူထုမယုံကြည်အောင် လုပ်လာနိုင်တဲ့လုပ်ရပ်တွေ ဒီထက်ပိုဆိုးတဲ့လုပ်ရပ်တွေကို ကျွန်တော်တို့တွေ့လာနိုင်တာတွေရှိတယ်။
ပြီးရင် ပသုံးလုံး ယန္တရားဆိုရင်လည်း Bottom Up မဖြစ်ဘဲနဲ့ Up to Down ဖြစ်နေတဲ့ကိစ္စတွေ အများကြီးတွေ့ရတယ် ပေါ့နော်။ ‘Bottom Up’ ‘Bottom Up’ ဆိုပြီးတစ်ချိန်လုံးပြောနေပေမယ့် Bottom Up မဖြစ်တဲ့ကိစ္စတွေကိုလည်း အခုချိန်မှာ တွေ့ရတယ်ပေါ့နော်။ အဲဒါတွေ ဆက်ဖြစ်နေသရွေ့တော့ တော်လှန်ရေးကတော့ တော်လှန်ရေးအဖွဲ့တွေ လက်ရှိသွားနေတဲ့ ပုံစံနဲ့တော့ သွေဖည်နေဦးမှာပဲ။ ဖြစ်သင့်တဲ့လူက မဖြစ် လူငယ်တွေကို နေရာမပေးသရွေ့ကတော့ တော်လှန်ရေးအဖွဲ့တွေကို ပြုပြင်ပြောင်းလဲဖို့အတွက်ကကျတော့ ပြည်သူတွေ အားထားရလောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီအောင်တချို့အဖွဲ့တွေကို လုပ်ရမှာကတော့ အခုအထိ ခက်ခဲနေတုန်းပဲလို့ ထင်တယ်ပေါ့နော်။
DW ။ တော်လှန်ရေးမြန်မြန်ပြီးနိုင်ဖို့ဆိုရင် ဘယ်အချက်တွေကို အရေးတကြီးမြန်မြန်ဆန်ဆန် ပြုပြင်သင့်တယ်လို့ ထင်လဲ။ ဘယ်သူတွေက ဦးဆောင်ပြီး ပြုပြင်သင့်လဲ။
ဖြေ ။ ပထမဆုံးတစ်ခုက တော်လှန်ရေးကို ဘယ်လိုပုံစံနဲ့ပြီးကြမှာလဲပေါ့။ တချို့ကတော့ စု၊ရွေး၊လွှတ်ပေါ့နော်။ အဲဒီလို ဖြစ်သွားရင်လည်း တော်လှန်ရေးပြီးမယ့်လူတွေရှိသလို စကစက စစ်တန်းလျားပြန်သွားမှ အခြေအနေလည်းရှိတယ်။ ပြီးရင် စကစအုပ်စုနဲ့ နိုင်ငံရေးစကားဝိုင်းပြောပြီးတော့ စကစက (စစ်တန်းလျား) ပြန်မယ်ဆိုရင် ဒီတော်လှန်ရေး ပြီးလာမယ်ဆိုတဲ့ အုပ်စုတွေလည်းရှိတယ်။ ဒီဟာတွေ အကုန်လုံးကတော့ အများကြီးပေါ့နော်။ ဆိုတော့ ပြည်သူလူထု တစ်ရပ်လုံး လက်ခံ ထားတဲ့ဟာ တစ်ခုကဆိုရင် စကစပြုတ်ကျရေး၊ သူ့နေရာ သူပြန်ရောက်ရေး၊ ပြီးတော့ နိုင်ငံရေးထဲမှာ ဘယ်တော့မှ လာမရှုပ်နဲ့ပေါ့နော်။ အဲဒါပုံစံမျိုးကို တော်လှန်ရေးပြီးတယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်ပေါ့နော်။ အဲဒီဟာပြီးဖို့ အတွက် ဘာတွေပြုပြင်သင့်တယ်ထင်လဲဆိုရင် ကျွန်တော်ကိုယ်တိုင်လည်း ၂၀၂၁ အစတုန်းကဆိုရင် သပိတ်ပြကြတယ်။ သပိတ်ပြပြီးတဲ့အချိန်မှာ လက်နက်ကိုင်တော်လှန်ရေးပေါ့နော်။
တော်လှန်ရေးထဲမှာ အမြင့်ဆုံးဖြစ်တဲ့ လက်နက်ကိုင် တော်လှန်ရေးကို လုပ်ကြတယ်။ လက်နက်ကိုင်တော်လှန်ရေးကို လွယ်လွယ်နဲ့ မပြီးနိုင်ဘူးလို့ ထင်ပေမယ့်လည်း ကျွန်တော်ကတော့ မျက်စိစုံမှိတ်ကမ်းပြီးတော့ ပြီးလောက်မယ်လို့ ထင်ပြီးတော့နိုင်ငံရေးကို မလုပ်ဘဲနဲ့ စစ်ရေးကို support (အထောက်အပံ့) ပေးခဲ့တယ်ပေါ့နော်။ ၂၁၂၁ ကုန်ခါနီးမှာ အဲဒါနဲ့ မပြီးသေးဘူးပေါ့နော်။ ကျန်တဲ့ကဏ္ဍတွေ လုပ်ရဦးမယ် ဆိုပြီးတော့ မြင်လာတယ်ပေါ့နော်။ နိုင်ငံရေးအရ သဘောတူညီချက်တွေ အရမ်းအရေးကြီး တယ်ပေါ့နော်။ ဘာလဲဆိုတော့ တနင်္သာရီဒေသတစ်ခုလုံးမှာ ရှိတဲ့လူမျိုးစုတွေ အကုန်လုံးသည် နိုင်ငံရေးအရ သဘောတူညီမှုရှိမှပဲ ဖယ်ဒရယ်ယူနစ်တစ်ခုကို တည်ထောင်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်တယ်။ အဲဒါမရှိဘဲနဲ့ ဘာမှလုပ်လို့ မရဘူးဆိုတဲ့ဟာလည်း ကျွန်တော် လက်ခံတယ်ပေါ့နော်။
နောက်တစ်ခုက ဒီလိုပြောလိုက်တာနဲ့ အရေးကြီးတဲ့ ကဏ္ဍပါလာတာက ကိုယ့်ကိုယ်ကိုယ် အစိုးရလို့ ထင်နေတဲ့ NUG ပဲပြောပြော၊ ပြီးရင်နောက်တစ်ခုက ဒီလိုမျိုးပြည်သူလူထု လက်ခံထားတဲ့ တော်လှန်ရေးအစုအဖွဲ့ပဲ ပြောပြော သူတို့တွေကနေပြီးတော့ ဒီဟာတွေအကုန်လုံးကို သဘောထားကြီးကြီးနဲ့ ။ ‘Bottom Up’ ဖြစ်တဲ့ ဖယ်ဒရယ် တစ်ခုပေါ်လာအောင် သူတို့အနေနဲ့ ချုပ်ကိုင်မှုလျှော့ပြီးတော့ အဲဒီဟာကို လုပ်သင့်တယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ NUG သည် အခုအချိန်မှာ အစိုးရဖွဲ့နေတာလို့ ကျွန်တော်ထင်တယ်။ တော်လှန်ရေး လုပ်နေတယ်လို့ အခုထိ မမြင်ဘူး ပေါ့နော်။ နောက်တစ်ခုက တပ်ပေါင်းစုကြီးကို လိုအပ်တယ်ပေါ့လေနော်။ တပ်ပေါင်းစု ဖွဲ့အတွက်ကကျတော့ ပြည်သူ လူထုယုံကြည်အားကိုးရတဲ့အစုအဖွဲ့တစ်ခုဖြစ်စေ၊ လူပုဂ္ဂိလ်တစ်ဦးတစ်ယောက်ကနေဖြစ်စေ အဲဒီဟာကနေစပြီးတော့ တပ်ပေါင်းစုကိုဖွဲ့နိုင်မှ တော်လှန်ရေးက ပိုပြီးတော့ ရှေ့ရောက်မယ်လို့ ထင်တယ်။
နောက်တစ်ခုကကျတော့ ကရင်နီက IEC (ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ) လိုမျိုး ကောင်းကောင်းနဲ့ အကြံပေးအဖွဲ့တစ်ခုကို ကောင်းကောင်းဖွဲ့နိုင်တယ်။ ပြီးတော့ အစိုးရဖွဲ့နိုင်တယ်။ ဒီကနေပြီးတော့တစ်ဆင့် ‘Bottom Up’ တွေ လုပ်သွားမယ်ဆိုရင်တော့ တော်လှန်ရေးက ရှေ့ရောက်လာမယ်လို့တော့ လက်ခံယုံကြည်တယ်ပေါ့လေနော်။
DW ။ အရေးတကြီးပြုပြင်ဖို့အတွက်ဆိုရင် ဘယ်လိုအရာတွေက အဓိက အဟန့်အတားဖြစ်နေတယ်လို့ မြင်လဲ။
ဖြေ ။ ပြုပြင်ပြောင်းလဲဖို့ ဘာတွေလိုလဲဆိုရင် ဒေသအရ ပြောရမယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အမြင် မကြည်မှုတွေ၊ နောက်တစ်ခုကကျတော့ ‘သေးသေးတင် မခံတဲ့ဟာတွေ’ ပေါ့နော်။ ပြီးတော့ လူမျိုးရေးကို အရမ်းကြီး အခြေခံတဲ့ဟာတွေ၊ လက်ယာအရမ်းဆန်တဲ့အချိန်ကျရင် တပ်ပေါင်းစုကြီးဖြစ်လာဖို့အတွက်က အဲဒါပဲ အဟန့်အတား ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ နောက်တစ်ခုကကျတော့ ဒီလိုမျိုးဖြစ်လာဖို့ဆိုရင် စစ်ရေးအရပြောရမယ်ဆိုရင် တကယ်အလုပ်လုပ်တဲ့လူငယ်တွေ တကယ်စစ်ရေးမှာ မြေပြင်မှာတိုက်ပွဲဝင်ပြီးတော့ တကယ်ကြီးကို စစ်ရေးကို ကျွမ်းကျွမ်းကျင်ကျင် နားလည်ထားတဲ့ လူငယ်တွေအကုန်လုံးကို နေရာပေးရမယ်ပေါ့နော်။ ဆိုတော့ လူငယ်တွေကို နေရာမပေးဘဲနဲ့လည်း ဒီတော်လှန်ရေးက ရှေ့ရောက်မှာလည်း မဟုတ်ဘူး။ ဒီဟာ အဟန့်အတားဖြစ်နေတာ ကိစ္စတစ်ခု ကကျတော့ တော်လှန်ရေးမှာ အားနာတဲ့ကိစ္စတွေ၊ ပြီးရင် ‘နေရာမှ နေရာ’ ဖြစ်သွားတဲ့ ကိစ္စတွေပေါ့နော်။
DW ။ ပြုပြင်သင့်တာတွေ မပြုပြင်ဘဲ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် နွေဦးတော်လှန်ရေးက ဘာဆက်ဖြစ်လာ နိုင်မယ်လို့ ထင်လဲ။
ဖြေ ။ စိတ်မကောင်းစရာပဲပေါ့နော်။ ပြုပြင်ပြောင်းလဲသင့်တဲ့ကိစ္စကို မပြုပြင် မပြောင်းလဲနိုင်ဘူးဆိုရင်ပေါ့နော်။ ဒီဟာကလည်း ပြုပြင်ပြောင်းလဲဖို့ ပြောနေခဲ့တာ အများကြီးကြာခဲ့ပြီပေါ့နော်။ လူတိုင်း လူတိုင်းပြောတယ်။ အွန်လိုင်း မှာလည်း ပြောတယ်။ အားမနာတမ်းပြောတယ်ပေါ့နော်။ တော်လှန်ရေးမှာ အားနာလို့မရဘူးဆိုတော့ ကျွန်တော်ကိုယ်တိုင် လည်း လက်ခံလာတယ်ပေါ့လေနော်။ ဒီထက်ပိုကြာလာရင် ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုတွေ အခြေခံလူတန်းစားတွေ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘဝတွေ ဒီဟာတွေအကုန်လုံးပိုပြီးတော့ ခက်ခဲလာလိမ့်မယ်။ စကစရဲ့ ဖိနှိပ်မှုကို ပိုခံရလိမ့်မယ်။ သူတို့ရဲ့ စိတ်လုံခြုံမှုတွေ သူတို့ရဲ့ စားဝတ်နေရေးတွေ ပိုပြီးတော့ ခက်ခဲလာလိမ့်မယ်။ ပိုပြီးတော့ မလုံခြုံသလိုခံစားရမယ်။ ကိုယ့်အိမ်မှာကိုယ်အိပ်နေပေမယ့်လည်း ဘယ်အချိန်မှာ ပေါ်တာဆွဲသွားမလဲ။ စစ်မှုထမ်းထဲ ခေါ်သွားမလဲဆိုတဲ့ စိုးရိမ်စိတ်တွေ ပိုများလာမယ်။ အဲဒါတွေ ကြုံတွေ့ရနိုင်တယ်ပေါ့နော်။
ဒီဟာကြီးကို မပြုပြင်မပြောင်းလဲနိုင်ဘူးဆိုရင် နောက်တစ်ခုဖြစ်လာမယ့်ဟာက ၂၀၂၅ မှာ ဒီနှစ်ထဲမှာ စကစ ရဲ့ ရွေးကောက်ပွဲ ရှိတယ်ပေါ့နော်။ အောင်မြင်သွားခဲ့တယ်ဆိုရင် အကုန်လုံးတိုင်ပတ်သွားလိမ့်မယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ၂၀၂၅ မှာ တော်လှန်ရေးတပ်ပေါင်းစုကြီးက ဖြစ်ကိုဖြစ်ရလိမ့်မယ်။ ဒီဟာမဖြစ်ဘူးဆိုလို့ရှိရင် နောင်တစ်ချိန်မှာ ဘယ်တော့မှ တော်လှန်ရေးတပ်ပေါင်းစု ထပ်လုပ်ဖို့ဆိုတာ မလွယ်ကူတဲ့အခြေအနေတစ်ခု တွေ့ရလိမ့်မယ်ပေါ့နော်။ အဲဒါတွေ အကုန်လုံး ကို အခုချိန်ကစပြီး ပြင်ဆင်ရမယ့်ဟာ ဖြစ်တယ်ပေါ့နော်။ နောက်တစ်ခုက ပြည်သူ့ထောက်ခံမှုပေါ့နော်။ ထောက်ခံမှုက ဘယ်တော့မှ မေ့လို့မရတဲ့အထဲမှာ ပါတယ်ပေါ့နော်။ တော်လှန်ရေးဆိုတဲ့ဟာကလည်း ပြည်သူရှိမှ တောလှန်ရေး ဖြစ်လာ တာကိုး။ ပြည်သူမရှိဘဲနဲ့ တော်လှန်ရေး ဘယ်တော့မှ မဖြစ်ဘူးဗျာ။ ပြည်သူထောက်ခံမှုမရှိဘူးဆိုရင် တော်လှန်ရေးက ကျရှုံးမှာပဲ။ အချိန်ကြာလာတာနဲ့အမျှ ပြည်သူလူထုတွေလည်း သူတို့ရဲ့ စားဝတ်နေရေးအရ ခက်ခဲလာကြမယ့်ဟာကို မြင်ရတယ်ပေါ့နော်။။ အဲဒါကြောင့်မို့လို့ ပြည်သူထောက်ခံမှု မကျအောင် တော်လှန်ရေးကို မြန်မြန်ပြီးအောင်လုပ်ရမယ်။
DW ။ ကျေးဇူးတင်ပါတယ်။
“တော်လှန်ရေးအင်အားစုတွေရဲ့ မတရားပြုမှုတွေကို ပြည်သူတွေရဲ့ လက်ဖက်ရည်ဝိုင်း၊ ထမင်းဝိုင်းတွေမှာ အသံကျယ်ကျယ်ကြားလာရပြီဆိုရင်တော့ ကျွန်မတို့ အများကြီး သတိရှိဖို့လိုပြီဆိုပြီး သိထားရပါမယ်”
Moon (ဘဏ္ဍာရေးမှူး၊ ဂိမှာန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီ)
DW ။ စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးအနေနဲ့ဆိုရင် လက်ရှိတော်လှန်ရေးအရွေ့အပေါ် ဘယ်လိုမြင်လဲ။
ဖြေ ။ ဒေသအတွင်း နိုင်ငံရေးအခြေအနေကို ကြည့်ရမယ်ဆိုရင် အင်အားစုအားလုံးစုံညီပါဝင်တဲ့ နိုင်ငံရေးယူနစ်တစ်ခု၊ နိုင်ငံရေးဆိုင်ရာ စုဆုံမှုတစ်ခုကို ဝိုင်းဝန်းဆောင်ရွက်နေကြတာ အားတက်စရာတစ်ခုပါ။ ပါဝင်ထိုက်သူတွေအားလုံး ပါဝင် လာပြီးတော့ အနာဂတ် တနင်္သာရီနိုင်ငံရေးကို လူထုဆန္ဒခံယူပြီး စနစ်တကျဆောင်ရွက်လာနိုင်ဖို့ ကြိုးပမ်းကြဖို့ လိုအပ် ပါတယ်။ စစ်ရေးဘက်မှာလည်း သက်ဆိုင်ရာမဟာမိတ်တွေအလိုက် စစ်ကြောင်းအသီးသီး စုဖွဲ့လာကြတာ အားလုံး အသိ ပါ။ NUG MOD ကလည်း တပ်ပေါင်းစုစစ်ကြောင်းဆိုပြီး ပကဖ PDF တွေပါဝင်တဲ့စစ်ကြောင်းဖွဲ့ထားသလို ဒေသတွင်းက တခြားအင်အားစုတွေကလည်း ဗထူး၊ သာဂရ၊ ဒူရက၊ ဖက်ဒရယ်၊ ဒေါင်းညီနောင်၊ ဥဩ စသဖြင့် စစ်ကြောင်းအသီးသီး စုဖွဲ့ လှုပ်ရှားနေကြတာကို တွေ့မြင်ကြရမှာပါ ဖြစ်ပါတယ်။ ဒီအတွက် ဒေသအတွင်း စစ်ရေး၊ နိုင်ငံရေးဟာ သက်ဆိုင်ရာ မဟာမိတ်အလိုက် စုဖွဲ့မှုပုံစံအသစ်တွေဖန်တီးပြီး ပိုမိုအားကောင်းတဲ့နိုင်ငံရေးအခင်းအကျင်းတခုကို ပုံဖော်ကြဖို့ ကြိုးပမ်းနေတဲ့ အနေအထားတစ်ခုလို့ ရှုမြင်ပါတယ်။
DW ။ အစ်မ မျှော်လင့်ထားတာနဲ့ လက်ရှိသွားနေတဲ့ တော်လှန်ရေးအရွေ့က ကွာခြားမှုရှိလား။
ဖြေ ။ တော်လှန်ရေးလို့ပြောတဲ့အခါ ကျွန်မတို့လက်ခံထားတာက မကောင်းတဲ့လူမှုစနစ်ကို ဖျက်ဆီးပြီး ပိုပြီး ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို အစားထိုးထူထောင်တာလို့ သတ်မှတ်ပါတယ်။ လူထုတစ်ရပ်လုံးအပေါ် အခြေပြု ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတစ်ရပ်ဖြစ်တဲ့အတွက် အကောင်းအဆိုးဒွန်တွဲပါစမြဲဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ရှိနေတဲ့ ကိုယ့်ရဲ့အင်အားအပေါ်ကို တည်ဆောက်လိုတဲ့ ဒီမိုကရေစီဆိုင်ရာ ကျင့်ထုံး၊ လုပ်နည်းကိုင်နည်းတွေကို အမြဲတစေ ဂရုပြုဖို့ လိုက်နာကျင့်သုံးကြဖို့ မပြတ်သတိပေးနေဖို့ လိုအပ်ပါတယ်။
DW ။ တော်လှန်ရေးအဖွဲ့တွေ လက်ရှိသွားနေတဲ့ပုံစံအရဆိုရင် လမ်းကြောင်းမှန်ပေါ် မှာပဲ ဆက်ရှိနေတယ်လို့ ထင်လား။
ဖြေ ။ ၄နှစ်ကျော်ခရီးကြမ်း ချီတက်လာကြပြီးတဲ့နောက်မှာ အဖွဲ့အစည်းအသီးသီးအနေနဲ့ ကိုယ့်ရဲ့ အားသာချက် လိုအပ်ချက် တွေကို သိရှိပြီးဖြစ်တယ်လို့ မှတ်ယူပါတယ်။ ကျွန်မအနေနဲ့ ဒေသတွင်း အင်အားစုတွေ အားလုံးပါဝင် စုစည်းထားတဲ့ နိုင်ငံရေး ရည်မှန်းချက်တစ်ခုရရှိရေးနဲ့ အကောင်အထည်ဖော်ဆောင်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြမယ့်အချိန်ကို မျှော်လင့် စောင့်စားလျက်ရှိပါတယ်။
DW ။ တော်လှန်ရေးမြန်မြန်ပြီးနိုင်ဖို့ဆိုရင် ဘယ်အချက်တွေကို အရေးတကြီးနဲ့ မြန်မြန်ဆန်ဆန် ပြုပြင်သင့်တယ်လို့ ထင်လဲ။
ဖြေ ။ လက်ရှိစုဖွဲ့တည်ရှိနေကြတဲ့ အင်အားစုမှန်သမျှဟာ စစ်အာဏာရှင်စနစ်ကို လက်မခံကြဘူးဆိုတဲ့ အယူအဆအပေါ် ရပ်တည်ချက်နဲ့အတူ လူထုရဲ့ဆန္ဒကို အကောင်အထည်ဖော်ကြဖို့ ယုံကြည်ရာကဏ္ဍအလိုက် စုဖွဲ့ကြ ပေါ်ပေါက်လာကြတဲ့ အင်အားစုတွေသာဖြစ်ကြပါတယ်။ ဒီအတွက် လူထုရဲ့သဘောထားကို ခံယူကြဖို့ ဝေဖန်သုံးသပ်ပြီးတော့ ပိုပြီး ကောင်းမွန်တဲ့ အင်အားတွေတည်ဆောက်ကြဖို့၊ ပြည်သူတွေအတွက် ပိုပြီးကောင်းမွန်တဲ့ ပတ်ဝန်းကျင်၊ ဒီမိုကရေစီ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးစတဲ့ ရပ်ဝန်းတွေကို တည်ဆောက်ကြရဖို့ အချိန်တန်နေပြီလို့လည်း ပြောချင်ပါတယ်။
နွေဦးတော်လှန်ရေးဟာ လူထုကပေါက်ဖွားလာတဲ့ တော်လှန်ရေးတရပ်ဖြစ်ပါတယ်။ တော်လှန်ရေးအပေါ် အခြေပြုပြီး နိုင်ငံရေးအရအာဏာအချောင်ယူသူမှန်သမျှဟာ တော်လှန်ရေးရဲ့ အဆိပ်အတောက်တွေဖြစ်ကြပါတယ်။ လက်ရှိစုဖွဲ့ တည်ရှိ နေကြတဲ့ အဖွဲ့အစည်းအားလုံးရဲ့ ပိုင်ရှင်ဟာ ပြည်သူလူထုသာ ဖြစ်ပါတယ်။
DW ။ ဒီလိုပြုပြင်သင့်တာတွေ မပြုပြင်ဘဲ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် နွေဦးတော်လှန်ရေးက ဘာဆက်ဖြစ်လာ နိုင်မယ်လို့ ထင်လဲ။
ဖြေ ။ လက်နက်ရှိသူ၊ အာဏာရှိသူက ပြည်သူတွေအပေါ် နိုင်ထက်စီးနင်း၊ ဥပဒေမဲ့လုပ်ရပ်တွေ တစ်နေ့တခြား ပိုများပြား လာတာ၊ တော်လှန်ရေး အင်အားစုတွေရဲ့ မတရားပြုမှုတွေကို ပြည်သူတွေရဲ့ လက်ဖက်ရည်ဝိုင်း၊ ထမင်းဝိုင်းတွေမှာ အသံကျယ်ကျယ်ကြားလာရပြီ ဆိုရင်တော့ ကျွန်မတို့ အများကြီး သတိရှိဖို့လိုပြီဆိုပြီး သိထားရပါမယ်။ လူထုရဲ့မျက်ရည်၊ လူထုရဲ့ ပူဆွေးမှုတွေကို မျှဝေခံစားတတ်တဲ့၊ ခံစားရဲတဲ့ တော်လှန်သူတွေ အများကြီးပေါ်ပေါက်လာဖို့ မျှော်လင့်ပါတယ်။
DW ။ ကျေးဇူးတင်ပါတယ်။