BREAKING
February 23, 2025

ထားဝယ်တွင် သုံးဘီးနှင့်အတူ လူငယ်တစ်ဦးပျောက်ဆုံးပြီး လေးရက်ကြာအထိ ရှာမတွေ့

February 23, 2025

ထားဝယ်တွင် Mini အိုးဝေသုံးဘီးယာဉ်နှင့်အတူ လူငယ်တစ်ဦးပျောက်ဆုံးနေပြီး လေးရက်ကြာမြင့်လာသည်အထိ မိသားစုနှင့် အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

ပျောက်ဆုံးနေသူမှာ ထားဝယ်မြို့၊ ဝဲကျွန်းမြို့သစ်၊ ကျိုက်ထီးရိုးဘုရားလမ်းတွင် နေထိုင်သည့် အသက် ၂၂နှစ်အရွယ် မောင်နိုင်ရဲအောင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၎င်းသည် ဖေဖော်ဝါရီလ ၂၀ရက် ညနေ ၆နာရီခန့်က Mini အိုးဝေ သုံးဘီးယာဉ်ဖြင့် နေအိမ်မှ ထွက်သွားရာ ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း မောင်နိုင်ရဲအောင်၏ ဖခင်ဖြစ်သူက ပြောဆိုသည်။

“အဲဒီနေ့ (ပျောက်သွားတဲ့နေ့) ညနေ ၇ နာရီလောက်အထိ ဖုန်းဆက်လို့ရသေးတယ်၊ ဖုန်းမကိုင်ဘူး။ အဲဒီနောက်ပိုင်း ဖုန်းလုံးဝ ဆက်လို့မရတော့ဘူး။ အဲဒီနေ့ ညနေ ၆ နာရီခွဲလောက်မှာ သူအိုးဝေပေါ်မှ လူကြီးနှစ်ယောက်နဲ့ ကလေးတစ်ယောက် တင်ပြီး ၇ လမ်းအတိုင်း DDPC ဘက်ဆင်းသွားတယ်ဆိုပြီး သူ့ကို တွေ့တဲ့သူက ပြောပြတယ်” ဟု ဖခင်ဖြစ်သူက ပြောသည်။

မောင်နိုင်ရဲအောင် အိမ်က ထွက်သွားသည့် ညနေက အင်္ကျီအမဲရောင်နှင့် ဘောင်းဘီအရှည် အသားရောင်ဝတ်ဆင်ပြီး ၎င်းမောင်းနှင်သွားသည့် အိုးဝေသုံးဘီးယာဉ် အဖြူရောင်၏ နံပါတ်မှာ 17U / 4471 ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။