BREAKING
October 19, 2024

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် CI စခန်းများစဖွင့်

February 23, 2024

ပုံစာ - စမွတ်ပရကန်ခရိုင် စူစဝမ် ၇၆ လမ်းတွင် ဖွင့်လှစ်ထားသော CI စခန်းတစ်ခု

ထိုင်းနိုင်ငံရောက် နိုင်ငံကူးလက်မှတ်မရှိသေးသော မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ဟုခေါ်သည့် CI (Certificate of Identity) စာအုပ် ထုတ်ပေးရေးစခန်းများကို ယနေ့ (ဖေဖော်ဝါရီလ ၂၃) တွင် စတင်ဖွင့်လှစ်နေပြီဖြစ်သည်။

CI စာအုပ်ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံတဝန်းရှိ 7-Eleven စတိုးဆိုင်များတွင် ကနဦး ရက်ချိန်းရယူရမည်ဖြစ်သည်။

သို့သော် ယခုလအတွက် သတ်မှတ်ထားသော လူအရေအတွက် ပြည့်သွားပြီဖြစ်၍ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကတည်းက ရက်ချိန်းရယူရန် ယာယီခေတ္တပိတ်ထားကြောင်း အကျိုးဆောင်များထံမှ သိရသည်။

7-Eleven က ရရှိခဲ့သော သတ်မှတ်ရက်ချိန်းများအတိုင်း သတ်မှတ်ထားသော CI စခန်းများတွင် သွားရောက် ပြုလုပ်ရမည်ဖြစ်သည်။

CI စာအုပ်ထုတ်ပေးရေး စခန်း ၅ ခုကို စမွတ်စခွန်၊ စမွတ်ပရကန်၊ ချွန်ဘူရီ၊ ပထုံဌာနီနှင့် စူရတ်ဌာနီခရိုင်များတွင် ဖွင့်လှစ်ထားသည်။

ယင်းအပြင် Mobile Unit ၃ ခုကိုလည်း ချင်းမိုင်၊ နခွန်စဝမ်နှင့် စွန်ခရာခရိုင်များတွင် ထပ်မံဖွင့်လှစ်ထားသည်။

စမွတ်ပရကန်ရှိ CI စခန်းတွင် သတ်မှတ်လူဦးရေ ယနေ့အတွက် ၁၀၀၀ ခန့် ခေါ်ယူခဲ့သော်လည်း တန်းစီတိုကင် ၄၀၀ အထိသာ နေ့ချင်းပြီး လုပ်ပေးနိုင်မည်ဖြစ်ပြီး ၄၀၀ ကျော်သော တန်းစီတိုကင်များ နောက်တစ်ရက်တွင်မှ ထပ်မံပြုလုပ်ပေးမည်ဟု ပြောကြားနေကြောင်း လာရောက်ပြုလုပ်နေသူများ ထံမှ သိရသည်။

ထို့ကြောင့် အလုပ်သမားများကို ပြန်ခိုင်းနေပြီး နောက်တစ်ရက်နေမှ ပြန်လာကြရန် ပြောဆိုနေသည်ကို စမွတ်ပရကန် CI စခန်းတွင် လာလုပ်နေသော အလုပ်သမားတစ်ဦးက ဆိုသည်။

“ကျမတို့က အဝေးကြီးပဲလာရတာ။ အယုဒ္ဓယကနေ ဒီအထိ စောစောလာခဲ့တာပဲ။ ရတော့ တိုကင် ၈၀၀ ကျော်။ တစ်နေ့တည်းမပြီးရင် ဘယ်သွားအိပ်ရမှန်းမသိသေးဘူး” ဟု အမျိုးသမီး အလုပ်သမားတစ်ဦးကဆိုသည်။

သို့သော်လည်း ယနေ့အတွင်း သတ်မှတ်ထားသော လူဦးရေ ၁၀၀၀ ကျော်ကို ပြီးစီးအောင် လုပ်ဆောင်နိုင်ခြင်း ရှိမရှိကိုမူ တိတိကျကျမသိရသေးပေ။

ယခင်က သတ်မှတ်အရေအတွက်ပြီးစီးရန် ည ၉ နာရီခန့်အထိ လုပ်ဆောင်ပေးခဲ့ခြင်းမျိုးရှိခဲ့သော်လည်း ယနေ့အတွက်မူ မသိရသေးပေ။

အလုပ်လုပ်ခွင့်လက်မှတ်နှင့် ပန်းရောင်ကတ်ပြုလုပ်ထားသော မြန်မာအလုပ်သမားများသည် နိုင်ငံကူးလက်မှတ်မရှိပါက အခြေခံအလုပ်သမားဗီဇာကို ထည့်သွင်းအသုံးပြုနိုင်ရန် CI စာအုပ်ကို မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်သည်။

သို့မှသာ ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်ပြီး ခရီးသွားလာခွင့်များ ရရှိမည်ဖြစ်သည်။