ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၏ နေရာအနှံ့တွင် ထိုင်းရဲများက အစစ်အဆေး အဖမ်းအဆီး ပိုမိုလုပ်ဆောင်လာနေသဖြင့် မြန်မာနိုင်ငံသားများ စိုးရိမ်မှုမြင့်တက်နေကြောင်း သိရသည်။
မဲဆောက်မြို့ထဲရှိ နယ်စပ်နေရာများနှင့် လမ်းတစ်လျှောက်တွင် ဂိတ်များပိုချထားပြီး ပုံမှန်ရဲတပ်ဖွဲ့များသာမက စစ်သားများပါ စစ်ဆေးမှု လုပ်ဆောင်နေကြောင်း မဲဆောက်ရှိ မြန်မာနိုင်ငံသားများ ထံမှသိရသည်။
အထူးသဖြင့် မြန်မာနိုင်ငံသားအများစု နေထိုင်ရာ တိုက်ခန်းများ၊ အိမ်ယာများ၊ တန်းလျားများအပြင် ဟိုတယ်အခန်းများထဲအထိ ထိုင်းရဲတပ်ဖွဲ့များနှင့်အတူ လဝကအဖွဲ့များ ပူးပေါင်း၍ စစ်ဆေးမှုများ ရှိနေကြောင်း ၎င်းတို့ထံမှ သိရသည်။
ထိုင်းရဲတပ်ဖွဲ့ကလည်း တရားမဝင် နေထိုင်နေသော နိုင်ငံခြားသားများကို ရှင်းလင်းရေး စီမံချက်ဖြစ်သည့် “ကွာလန်း” ကို ကြေညာထားသဖြင့် မဲဆောက်နေ မြန်မာပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ရမည်ဖြစ်ကြောင်း မဲဆောက်နေ ကုန်စည်ပို့ဆောင်နေသူတစ်ဦးက ပြောသည်။
“ကျားဖြန့်ကို အကြောင်းပြုပြီးတော့ ကွာလန်း (တရားမဝင်နိုင်ငံသားများ ဖမ်းဆီးရေး) ဆိုပြီး ကြေညာပေမယ့်လေ ဒီဘက်ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရော နိုင်ငံရေးအရ ရောက်နေတဲ့ သူတွေရော မလွယ်ဘူးပေါ့နော်။ ဘာလို့လဲဆို ဖမ်းမိရင် မြန်မာပြည်ပြန်ပို့မယ်ဆိုတာမျိုး ဆိုတော့လေ။ အခြေအနေအရ စိုးရိမ်သောက ဖြစ်နေရတာပေါ့” ဟု မဲဆောက်နေ ကုန်စည်ပို့ဆောင်နေသူက ဆိုသည်။
အွန်လိုင်းရာဇဝတ်မှုများ ပြုလုပ်နေသော ကျားဖြန့်လုပ်ငန်းများထံ လူကုန်ကူးခံရမှု မရှိစေရေး ထိုင်းဘက်ခြမ်းက ထိန်းချုပ်လိုသဖြင့် အစစ်အဆေးပိုများလာခြင်းဖြစ်နိုင်သော်လည်း ယင်းဖြစ်စဉ်မှာ မြန်မာနိုင်ငံသားများအတွက် ရိုက်ခတ်မှုဖြစ်လာကြောင်း ၎င်းကဆိုသည်။
မြန်မာနယ်စပ်ဘက်ရှိ တရားမဝင် အွန်လိုင်းရာဇဝတ်မှုများပြုလုပ်နေသည့် ကျားဖြန့်လုပ်ငန်းများထံ တရုတ်နိုင်ငံသားများ လူကုန်ကူးခံရမှုများ ဆက်တိုက်ကြုံတွေ့လာပြီးနောက် ထိုင်းဘက်ခြမ်းက နယ်စပ်တစ်လျှောက်တွင် သတိပေးဆိုင်းဘုတ် ၁၀ ခုကျော် စိုက်ထူထားသလို စစ်ဆေးတင်းကြပ်မှု ပိုချထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
မဲဆောက်မြို့အတွင်းရှိ တိုက်ခန်းများအား ဝင်ရောက်စစ်ဆေးစဉ် ပန်းရောင်ကတ်၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) တွင် ပါဝင်သော လိပ်စာနှင့် နေထိုင်ရာလိပ်စာမတူဟုဆိုကာ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရမှုများလည်း ကြုံတွေ့နေရကြောင်း မြို့နေ မြန်မာနိုင်ငံသားများထံမှ သိရသည်။
“သူတို့က အဖွဲ့လိုက်တွေ အခန်းထဲထိ လိုက်ဝင်စစ်တယ်။ အဖွဲ့တွေခွဲပြီး တိုက်ခန်းတွေကို အဓိကထား လိုက်စစ်နေတာ” ဟု စစ်ဆေးခံရသူတစ်ဦးက ဆိုသည်။
မနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့က တိုက်ခန်းထဲဝင်စစ်စဉ် CI စာအုပ်ထဲရှိ လိပ်စာနှင့် နေထိုင်ရာ လိပ်စာမတူဟုဆိုကာ မြန်မာ ၅ ဦးကို လဝကရုံးအထိ ခေါ်ယူခဲ့ပြီး ဒဏ်ငွေ ဘတ် ၈၀၀ စီ ပေးဆောင်စေခဲ့ကြောင်း ၎င်းကဆိုသည်။
ပုံမှန်အခြေအနေများတွင် ပန်းရောင်ကတ်ရှိသော မြို့နယ်အတွင်း လွတ်လပ်စွာ နေထိုင်နိုင်သော်လည်း ယခုကဲ့သို့ စစ်ဆေးတင်းကြပ်ပြီး ဒဏ်ငွေရိုက်မှုများကြောင့် ပိုစိုးရိမ်နေရကြောင်း ၎င်းကဆိုသည်။
စီမံချက်ကာလအတွင်း မဲဆောက်နယ်ထဲတွင် တရားမဝင် နေထိုင်နေသော နိုင်ငံခြားသားများကို ရဲတပ်ဖွဲ့အင်အား ၃၀ ကျော်ဖြင့် ဖမ်းဆီးစစ်ဆေးသွားမည်ဖြစ်ကြောင်း တာခ့်ခရိုင် လဝက က ဇန်နဝါရီလ ၂၂ ရက်နေ့က ထုတ်ပြန်ထားသည်။