BREAKING
January 23, 2025

အလုပ်လုပ်ခွင့် သက်တမ်းတိုးမည့် မြန်မာများ ဖေဖော်ဝါရီ ၁၃ရက်မတိုင်မီ အမည်စာရင်းတင်သွင်းရမည်

January 23, 2025

ပုံစာ - အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးမည့် ထိုင်းတောင်ပိုင်းရှိ မြန်မာအလုပ်သမားများကျန်းမာရေးစစ်ဆေးနေစဉ်။ ဓာတ်ပုံ - Dawei Watch

အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းတိုးမည့် မြန်မာအလုပ်သမားများသည် လာမည့်ဖေဖော်ဝါရီလ ၁၃ ရက် မတိုင်မီ အမည်စာရင်းတင်သွင်းရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီလ ၂၂ရက်တွင် ထုတ်ပြန်သည်။

အမည်စာရင်းတင်ရန် အချိန်ကျော်သွားပါက တရားမဝင်အလုပ်သမား ပြန်ဖြစ်သွားနိုင်သဖြင့် အချိန်မီ အမည်စာရင်း တင်ကြရန် အလုပ်သမားအရေး ဆောင်ရွက်နေသူများကလည်း တိုက်တွန်းထားသည်။

ထိုင်းရောက် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားများသည် လာမည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် MoU လုပ်ငန်းစဉ်အတိုင်း သက်တမ်းတိုးလုပ်ဆောင်ရမည်ဖြစ်ကြောင်း အလုပ်သမားရုံးက ထုတ်ပြန်ထားသည်။

လက်ရှိတွင် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ဝက်ဆိုက်ထဲတွင် အလုပ်သမား အမည်စာရင်းကို ကနဦးတင်သွင်းထားရမည်ဖြစ်ကြောင်း အလုပ်သမားရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

“အခုက ထိုင်းဘက်မှာ လုပ်လို့ရတာဆိုလို့ အမည်စာရင်းတင်ထားဖို့ပဲ ရှိသေးတယ်။ ကျန်တဲ့အဆင့်တွေဖြစ်တဲ့ မြန်မာသံရုံး ဘက်က ထောက်ခံချက်လက်မှတ်ရဖို့အဆင့်တွေ ဆက်လုပ်လို့မရသေးဘူး။ ဆိုတော့ သက်တမ်းကုန်တဲ့အချိန် ကိုယ့်မှာ ပြဖို့ အမည်စာရင်းစာရွက်တစ်ခုတော့ ရှိထားမှရမယ်။ မဟုတ်ရင် တရားမဝင်ပြန်ဖြစ်သွားပြီး အဖမ်းခံရနိုင်တယ်” ဟု ချင်းရိုင်ဒေသရှိ အလုပ်သမားအရေး လုပ်ဆောင်နေသူတစ်ဦးက ပြောဆိုသည်။

MoU လုပ်ငန်းစဉ်အရ သက်တမ်းတိုးရမည်ဆိုသော်လည်း ထိုင်းဘက်က လုပ်ဆောင်ရမည့် အဆင့်များကိုသာ အလုပ် သမားများ လုပ်ဆောင်နိုင်သေးပြီး မြန်မာသံရုံးဘက်ကို အမည်စာရင်း တင်သွင်းခွင့် မပြုသေးကြောင်း ၎င်းက ဆိုသည်။

လုပ်ငန်းစဉ်အရ အလုပ်သမားအမည်စာရင်းကို အလုပ်သမားရုံးတွင် လျှောက်ထားပြီးမှသာ မြန်မာသံရုံးဘက်က အတည်ပြု ပေးခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ်လျှောက်ထားခြင်း၊ ဗီဇာရယူခြင်းနှင့် အလုပ်လုပ်ခွင့် ကတ်ပြားရယူခြင်း ကဲ့သို့ အဆင့်များကို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

နောက်ထပ်ကြုံတွေ့နေရသော ပြဿနာတစ်ခုမှာ ယခင်က မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) မပြုလုပ်ကြဘဲ နိုင်ငံကူးလက်မှတ်များထဲသို့ ဗီဇာထည့်သွင်းထားပါက အလုပ်သမားရုံးတွင် အချက်အလက်ပြန်ပြင် ရမည်ဖြစ်ကြောင်း အကျိုးဆောင်များထံမှ သိရသည်။

အလုပ်သမားရုံးတွင် အချက်အလက်များ ပြန်မပြင်ထားပါက အလုပ်သမားရုံး၏ ဝက်ဆိုက်ထဲတွင် အမည်စာရင်းကို တင်သွင်းနိုင်မည် မဟုတ်ကြောင်း အကျိုးဆောင်တစ်ဦးက ဆိုသည်။

“အရင်က ဘတ်တွေရိုက်တယ်။ ဗီဇာတွေကို ပါလာတဲ့ပတ်စ်ပိုစ့်တွေထဲထည့်ပြီးနေကြတယ်။ ဒါကို ကျဟာငန် (အလုပ် သမားရုံး) ဘက်မှာ အချက်အလက်တွေ မရှိဘူး။ အဲဒါကြောင့် အလုပ်သမားတွေ ကိုယ်တိုင်သွားပြီး အချက်အလက်တွေကို (ကျဟာငန်ကို) သွားပေးမှ ရမယ်။ ဒါမှ သက်တမ်းတိုးဖို့ အမည်စာရင်းတင်နိုင်မှာ” ဟု ၎င်းက ပြောသည်။

အမည်စာရင်းတင်သွင်းထားပြီးသော အလုပ်သမားများအား ထိုင်းအစိုးရဘက်က ယခင်က ခွင့်ပြုသကဲ့သို့ နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ကို သက်တမ်းတိုးခွင့်ပြုပေးမည်ဟု ယုံကြည်ရကြောင်း ၎င်းက ပြောဆိုသည်။

ထို့ကြောင့် သက်တမ်းတိုးမည့် အလုပ်သမားများ အမည်စာရင်းတင်သွင်းနိုင်ရေး မိမိအကျိုးဆောင်ပွဲစားများထံ ကြိုတင်ဆက်သွယ်၍ တိုင်ပင်ဆွေးနွေးသင့်ကြောင်း အကျိုးဆောင်များကလည်း တိုက်တွန်းထားသည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ်မေလက လေးနှစ်သက်တမ်းကုန်သော MoU အလုပ်သမားများကို အချိန်နှစ်လတိုးပြီး ဇူလိုင်လအထိ သက်တမ်းတိုး နေထိုင်ခွင့်ပြုပေးခဲ့ဖူးသည်။