ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ ကားရောင်းဝယ်ရေးလုပ်ငန်းတစ်ခုတွင် ဝင်လုပ်နေပြီး အွန်လိုင်းမှတစ်ဆင့် Live လွှင့်ရောင်း ချနေသော မြန်မာနိုင်ငံသား ငါးဦး ဇန်နဝါရီလ ၂၂ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ကားရောင်းဝယ်ရေးလုပ်ငန်းတွင် အွန်လိုင်းမှတစ်ဆင့် ဈေးရောင်းရန် မြန်မာအလုပ်သမားများကို တရားမဝင်ခန့်ထားသဖြင့် ထိုင်းနိုင်ငံသား ဆိုင်ပိုင်ရှင်နှင့်အတူ မြန်မာနိုင်ငံသားများကိုပါ ကန်ချနဘူရီလဝကက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
တပတ်ရစ်ကားများကို Facebook မှတစ်ဆင့် Live လွှင့်ရောင်းချနေခြင်းဖြစ်ပြီး မြန်မာအဝယ်များကြား ပိုမိုသိရှိစေရန် အတွက် မြန်မာအလုပ်သမားများကို အလုပ်ခန့်ထားခြင်းဖြစ်ကြောင်း ထိုင်းဆိုင်ပိုင်ရှင်က ရဲတပ်ဖွဲ့ထံသို့ ပြောဆိုထားသည်။
လဝကရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးချိန်တွင် မြန်မာအလုပ်သမားတစ်ဦးသည် ကားများကို Live လွှင့်ရောင်းချနေ သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများသည် အသက် ၂၅ နှစ်မှ ၄၀ နှစ်ကြားအရွယ်များဖြစ်ကြပြီး ၎င်းတို့တွင် တရားဝင် စာရွက်စာတမ်းမပြည့်စုံသေးဘဲ အလုပ်ခန့်ထားခြင်းဖြစ်ကြောင် ဆိုင်ရှင်က ပြောသည်။
ဆိုင်ရှင်က သူမ၏ ကားနှင့် ဆိုင်ကယ်များကို ထိုင်းနိုင်ငံသားများအား မရောင်းရသဖြင့် မြန်မာနိုင်ငံသားများကြား လူသိပိုများလာစေပြီး အွန်လိုင်းမှတစ်ဆင့် ရောင်းချနိုင်ရန် မြန်မာဝန်ထမ်းများကို အလုပ်ခန့်ထားခြင်းဖြစ်ကြောင်း ဆိုသည်။
အလုပ်သမားများကလည်း ပုံမှန်လစာများအပြင် ကားတစ်စီး ရောင်းထွက်ပါက ကော်မရှင်ခ ၂၀၀၀ ဘတ်မှ ၃၀၀၀ ဘတ်အထိ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံတွင် ထွက်ဆိုထားသည်ဟု ဖော်ပြသည်။
အလုပ်သမားများကို တရားမဝင် အလုပ်ခန့်ထားမှုဖြင့် ဆိုင်ပိုင်ရှင်အား အရေးယူထားပြီး မြန်မာအလုပ်သမားများကိုလည်း လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်နေမှုများဖြင့် အမှုဖွင့်ထားကြောင်း ဆိုသည်။
ထိုင်းရောက်မြန်မာအလုပ်သမားများသည် ဈေးရောင်း၊ ကုန်စည်ပို့ဆောင်ရေး၊ အလှပြင်၊ အနှိပ်သည်၊ ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်စသော အလုပ်များတွင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လုပ်ပိုင်ခွင့် မရှိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Ref: Khaosod English, Joe Joe