BREAKING
January 23, 2025

မြိတ်-တနင်္သာရီလမ်းပိုင်းကို NUG တောင်ပိုင်းတိုင်းစစ်ဌာနက ဖြတ်သန်းသွားလာခွင့်ပိတ်

January 23, 2025

ပုံစာ - မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုအားတွေ့ရစဉ်(ပုံဟောင်း)

တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သောကြောင့် မြိတ်-တနင်္သာရီလမ်းပိုင်းကို ယနေ့ ဇန်နဝါရီလ ၂၃ရက်မှစတင်ကာ ဖြတ်သန်း သွားလာခွင့်ပိတ်လိုက်ကြောင်း NUG ၏ တောင်ပိုင်းတိုင်းစစ်ဒေသ တိုင်းစစ်ဌာန (တနင်္သာရီ) ထုတ်ပြန်ချက်နှင့် ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် မောတောင်နယ်စပ်မြို့ဘက်သို့ စစ်ကြောင်းထိုးလာရာ သိန်ခွန်းရွာ အနီးတွင် မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုနှင့် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း NUG ၏ တောင်ပိုင်းတိုင်းစစ်ဒေသ တိုင်းစစ်ဌာန (တနင်္သာရီ) က ယနေ့ ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်နေသည့် သိန်ခွန်းရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းအား အထောက်အကူပေးရန် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းရှိ ခရီးသွားကားများကို စစ်ကောင်စီတပ်က အကာအကွယ်ယူပြီး စစ်ရေးအကျိုးအမြတ်အတွက် အသုံးပြုနေကြောင်း ဖော်ပြသည်။

တနင်္သာရီနှင့် မောတောင်လမ်းပိုင်းရှိ သိန်ခွန်းရွာဝန်းကျင်တွင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်မှစတင်ကာ စစ်ကောင်စီတပ်က အင်အားရာနှင့်ချီသုံးပြီး စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် ရက်ရှည်တိုက်ပွဲဖြစ်ပွားနေသည်။

လက်ရှိတွင်လည်း ပြည်ထောင်စုလမ်းပေါ်တွင် တိုက်ပွဲများအချိန်မရွေးဖြစ်ပွားလာနိုင်ပြီး ပြည်သူများ ထိခိုက်မှု မရှိစေရေးအတွက် ခရီးသွားခွင့်ကို တားမြစ်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ တားမြစ်လိုက်ခြင်းနှင့်ပတ်သက်၍ တောင်ပိုင်းတိုင်းစစ်ဒေသ တိုင်းစစ်ဌာန (တနင်္သာရီ) တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားကမူ စစ်ကောင်စီတပ်သားများသည် ခရီးသွားကားများကို အသုံးပြုပြီး စစ်ရေးအကျိုးအမြတ်ရအောင်လုပ်ဆောင်နေသည့်အတွက် မြိတ်-တနင်္သာရီ-ထုံခါလမ်းပိုင်းကို သွားလာခွင့် ပိတ်မည်ဖြစ်ကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးကြီးကလည်း ပြည်ထောင်စုလမ်းပေါ်တွင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သဖြင့် ခရီးသွားလာခြင်း မလုပ်ကြရန် တိုက်တွန်းပြောဆိုသည်။

“စကစယာဉ်ကားတွေနဲ့ ခပ်ခွာခွာနေပေးကြဖို့ရယ်၊ တိုက်ပွဲက ဒီရက်ပိုင်း ပြည်ထောင်စုလမ်းမမှာ အချိန်မရွေးဖြစ်နိုင်တာမို့” ဟု တနင်္သာရီမြို့နယ်ပကဖ ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးကြီးက ပြောသည်။

တောင်ပိုင်းစစ်ဒေသ တိုင်းစစ်ဌာန (တနင်္သာရီ) ၏ ထုတ်ပြန်ချက်တွင် အများပြည်သူလုံခြုံရေးကို ရှေးရှုထုတ်ပြန်ခြင်း ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် သွားလာဖြတ်သန်းခွင့်ပြုမည့်အချိန်ကို ထပ်မံအသိပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါဒေသဝန်းကျင်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့်အတွက် ခရီးသည်တင်ကားနှင့် ကုန်ကားများ ဖြတ်သန်းသွားလာမှုနည်းလာသောကြောင့် ကုန်ဈေးနှုန်းလည်းတက်လာကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်လည်း ဖြတ်သန်းသွားလာသည့် ယာဉ်များထံမှ ငွေကြေးတောင်းခံမှု များပြားနေကြောင်း ၎င်းက ဆိုသည်။

“တိုက်ပွဲဖြစ်နေတာက တစ်လကျော်နေပြီ။ ရွာဘက်တွေမှာ ကုန်ဈေးနှုန်းတွေကလည်း တက်မှတက်။ မြို့ (မြိတ်မြို့) တက်ပြီး ရိက္ခာသွားဝယ်ရင်တောင်မှ ဂိတ်ကြေးတွေ တော်တော်ပေးရတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

တနင်္သာရီမြို့နယ်အပါအဝင် မြိတ်မြို့နယ်ဘက်တွင် စစ်ကောင်စီတပ်က ရက်ရှည်စစ်ကြောင်းထိုးနေသည့်အတွက် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။