ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာတွင် ဇန်နဝါရီလ ၂၂ ရက် နံနက်ပိုင်းက ဥယျာဥ်ခြံသွားသည့် ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ဝကုန်းရွာ ၊ ဘိုးတိုးပွားမိုင်း(သတ္တုတွင်း)အပိုင်းနှင့် တစ်ဆက်တည်းတည်ရှိသည့် ဥယျာဥ်ခြံများတည်ရှိရာ ချောင်ဖျားပိုင်းတွင် မိုင်းနင်းမိခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။
“နှစ်ယောက်သွားတာ တစ်ယောက်ထိတာပါ ။ ချောင်းဖျားပိုင်းမှာ အခု တစ်ပတ်ကျော်လောက်တုန်းက ဒီဘက် အဖွဲ့တွေ(KNLA) မိုင်းထောင်ထားတာရှိပါတယ်။ အဲတာကြောင့် သူတို့လည်း ဝါးလုံးနဲ့ လမ်းရှင်းပီးသွားရာက အရှေ့ကသွားတဲ့လူမှာထိတာပါ “ ဟု ဖြစ်စဥ်အားသိရှိသည့် ဝကုန်းဒေသခံ တစ်ဦး ကပြောသည်။
မိုင်းနင်းမိသည့် အသက်လေးဆယ်ဝန်းကျင် အမျိုးသားသည် မိုင်းဒဏ်ရာကြောင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရပြီး ဘယ်ဘက်ခြေတောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ကာယကံရှင် နှင့် နီးစပ်သူများထံကသိရသည်။
ယခုကဲ့သို့ မိုင်းနင်းမိသည့် ဖြစ်စဥ်မဖြစ်ပွားမီ ဇန်နဝါရီလ ၁၂ ရက်နေ့ကတည်းကစ၍ KNLA (ကရင်အမျိုးသား လွတ်မြောက်ရေးတပ်) တပ်ဖွဲ့ဝင်များက တောလမ်းများအသုံးမပြုဘဲ လမ်းမကြီးကိုသာ အသုံးပြုရန် မှာကြားထားကြောင်း ဒေသခံများကပြောသည်။
ထားဝယ်အရှေ့တောဒေသတွင် KTLA(ကော်သူးလေတပ်) နှင့် KNLA တပ်ဖွဲ့များအကြား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ပစ်ခတ်မှုများရှိခဲ့ပြီး KNLAက နယ်မြေရှင်းလင်းရေးပြန်လုပ်ပြီးနောက် မိုင်းများထောင်ထားသဖြင့် ယင်းသို့ မှာကြားထားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ယင်းမိုင်းထောင်ထားမှု အခြေအနေနှင့်ပတ်သက်၍ ကေအဲန်ယူ တပ်မဟာ ၄ မြိတ်၊ထားဝယ်ခရိုင် ၏ အတွင်းရေးမှူး ပဒိုစောအယ်နားထံ ဆက်သွယ်မေးမြန်းကြည့်ရာ ၎င်းအနေဖြင့် အသေးစိတ် မသိရသေးကြောင်းသာ ပြန်လည်ဖြေကြားသည်။
” ၁၂ရက် ၁၃ရက် ၂ရက်မှာ နေရာတွေ ရွေ့ပြောင်းခိုင်းပြီး ၁၄ ရက်မှာစပြီး နယ်မြေရှင်းကြတာပါ။ အခုဆို မိုင်းတွေကြောင့် ဒေသခံတွေ ခြံထဲသွားမရတာတွေ ချောင်းဖျားပိုင်းမှာနေတဲ့သူတွေက ရွာထဲပြောင်းနေရတာတွေရှိပါတယ် ” ဟု ဝကုန်းရွာခံ အမျိုးသမီးတစ်ဦး ကပြောသည်။
ယခု ဇန်နဝါရီလ ၁၁ ရက်ကလည်း ရေဖြူမြို့နယ် နှင့် ထိုင်းနိုင်ငံ နတ်အိမ်တောင် နယ်စပ်ကြားတစ်နေရာတွင် မိုင်းနင်းမိ၍ သစ်ဆွဲအလုပ်သမားတစ်ဦး ဒဏ်ရာရခဲ့သေးသည် ။