တနင်္သာရီမြို့နယ်၊မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ ၃၀၆ အမြောက်တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပဝရွာနှင့် အရှေ့သာရဖုံရွာက ကလေးနှစ်ဦးအပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီလ ၂၂ ရက် ည ၁၂ နာရီခန့်တွင် စစ်ကောင်စီအမြောက်တပ်က ပဝရွာကို ၁၂၀ မမ လက်နက်ကြီး လေးလုံးနှင့် အရှေ့သာရဖုံရွာကို ၁၂၀ မမ နှစ်လုံး ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ပဝကျေးရွာတွင် အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးနှင့် ယောကျ်ားလေးတစ်ဦး အပါအဝင်အမျိုးသမီး သုံးဦးနှင့် အမျိုးသား သုံးဦး၊ အရှေ့သာရဖုံရွာတွင် အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံအချို့က ဆိုသည်။
“ညဆိုတော့ အလုပ်ပင်ပန်းပြီးအိပ်မောကျနေတဲ့အချိန်ဆိုတော့ ဘာမှလုပ်ဖို့တောင် မမီလိုက်ဘူး” ဟုအမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပဝကျေးရွာနေ အသက် ၁၆ နှစ် အရွယ် မလှိုင်ဇင်ဖြိုး၊ အသက် ၁၇နှစ်အရွယ် ကိုဖြိုးဝေယံ၊ အသက် ၅၂ နှစ်အရွယ် ဒေါ်သီဆွေ၊ အသက် ၂၀ နှစ်အရွယ် မဆည်းဆာနှင်း၊ အသက် ၄၂နှစ်အရွယ် ဦးနဲအေး၊ အသက် ၄၂ နှစ်အရွယ် ဦးစိုးထိုက်ထွေးနှင့် အရှေ့သာရဖုံရွာနေ အသက် ၁၉ နှစ်အရွယ် မဇင်သူလွင်တို့ ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဒဏ်ရာရသူများအနက် အရှေ့သာရဖုံကျေးရွာနေ အမျိုးသမီးတစ်ဦးနှင့် ပဝကျေးရွာနေ အမျိုးသားတစ်ဦးက ဒဏ်ရာပြင်းထန်ကြောင်း ၎င်းတို့ကဆိုသည်။
ထို့အပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အရှေ့သာရဖုံရွာတွင် နေအိမ်နှစ်လုံး၊ ပဝကျေးရွာတွင် နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးသွားပြီး နောက်ထပ်နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
”အဲအချိန်ကဘာတိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူး။ ပြည်သူတွေနေတဲ့နေရာကို အခုလို ဦးတည်ပစ်တာ တော်တော်လေး အဖြစ်ဆိုးတယ်။ နောက်လည်းပစ်နေဦးမယ်ဆိုရင် ပြည်သူတွေအတွက် အတော်လေးစိုးရိမ်ရတယ်”ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးကြီးက မှတ်ချက်ပြုသည်။
တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်က ရက်ရှည်စစ်ကြောင်းထိုးနေသည့်အတွက် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများခပ်စိပ်စိပ်ဖြစ်နေပြီး စစ်ရေးတင်းမာနေသည်။