မြိတ်မြို့၊ ရှမ်းချောင်းဝန်ထမ်းရပ်ကွက်၊ (၈) လမ်းနှင့် (၉) လမ်းကြားတွင် ယနေ့ ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲ ၂ နာရီ ၂၀မိနစ်တွင် နေအိမ်မီးလောင်ကြောင်း မြို့ခံများက ပြောသည်။
၈ လမ်းက စတင်မီးလောင်ကျွမ်းကာ ၉လမ်းသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။
“(နေအိမ်) သုံးလုံးပြာကျသွားတယ်။ တစ်လုံးက အုတ်ခံအိမ်။ကျန်တာကတော့ ရိုးရိုးသစ်အိမ်တွေပဲ” ဟု မီးလောင်မှုအနီး ရောက်ရှိနေခဲ့သည့် မြို့ခံတစ်ဦးက ပြောဆိုသည်။
မီးလောင်မှုဖြစ်ပြီး မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း လူနေအိမ် သုံးလုံးမီးလောင်ကျွမ်းသွားကြောင်း မြို့ခံတို့က ဆိုသည်။
မီးလောင်မှုအတွင်း အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦး မီးခိုးမွှန်သဖြင့် အောက်ဆီဂျင်ပေးခဲ့ရကြောင်း ပရဟိတအသင်းများထံက သိရသည်။
ဝါယာရှော့ခ်မှ စတင်မီးလောင်ကျွမ်းသည်ဟု ပြောဆိုနေသော်လည်း အကြောင်းအရင်း အတိအကျကိုမူ မသိရသေးကြောင်း မြို့ခံတို့က ဆိုသည်။



အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ လတ်တလောတွင် ဖြေကြားနိုင်ခြင်း မရှိသေကြောင်း တုံ့ပြန်ဖြေကြားသည်။
ဇန်နဝါရီလ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင်လည်း မြိတ်မြို့၊ ရပ်ကွက်နှစ်ခုရှိ နေအိမ်နှစ်လုံးမီးလောင်ခဲ့ပြီး အမျိုးသားသုံးဦး ဒဏ်ရာရခဲ့သေးသည်။