အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို လာရောက်ယူဆောင်သည့် စစ်ကောင်စီတပ် လေယာဉ်တစ်စင်းပြေးလမ်းချော်ပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရကြောင်း အိန္ဒိယသတင်းအချို့တွင် ဖော်ပြသည်။
ယနေ့ ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၀ နာရီခန့်တွင် မီဇိုရမ်ပြည်နယ် Lengpui လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
လေယာဉ်ပေါ်တွင် လေယာဉ်မှူးအပါအဝင် လူ ၁၄ဦးလိုက်ပါလာပြီး ယင်းအနက် ခြောက်ဦးထက်မနည်း ဒဏ်ရာရပြီး Lengpui ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သတင်းများက ဆိုသည်။




ဘီဘီစီ မြန်မာပိုင်းသတင်းတစ်ရပ်တွင်မူ လေယာဉ်မှူးအပါအဝင် ရှစ်ဦးဒဏ်ရာရကြောင်း ဖော်ပြသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ချင်းပြည်နယ် ပလက်ဝမြို့နယ်က မီဇိုရမ်ပြည်နယ်ထဲသို့ စစ်ကောင်စီတပ်သား ၂၇၀ ကျော် ထွက်ပြေးခဲ့သည်။
ယင်းအနက် ၁၈၄ ဦးကို ဇန်နဝါရီလ ၂၂ ရက်တွင် စစ်ကောင်စီက လာရောက်ယူဆောင်သွားပြီး ကျန်ရှိသူများကို ယနေ့ ယူဆောင်ရန် လာရောက်ယူဆောင်စဥ် လေယာဉ် ပြေးလမ်းချော်ခြင်းဖြစ်သည်။