BREAKING
December 22, 2024

စစ်ကြောင်းတပ်စွဲထားသည့် ဇာဒီရွာတွင် အိမ်အချို့မီးရှို့ခံရ၊ ရွာသားများလည်း အဖမ်းခံထားရ

December 22, 2024

ပုံစာ - ဒီဇင်ဘာ ၂၁ ရက်တွင် ဇာဒီရွာအတွင်းနေရာသုံးခုက မီးခိုးများထွက်လာသည်ကို အဝေးမှလှမ်းမြင်ရစဥ်။

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ် ဇာဒီကျေးရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်တပ်စွဲထားချိန် ဒီဇင်ဘာလ ၂၁ရက်က နေအိမ်အချို့ မီးရှို့ခံရကြောင်း ရွာသားများထံမှ သိရသည်။

ဒီဇင်ဘာလ ၁၇ရက်တွင် ကံပေါက်ရေကန်တောင်ရှိ မိုက်ခရိုဝေ့ဖ်တာဝါတိုင်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများ စစ်ကားရှစ်စီးဖြင့် လာရောက်ကာ ဇာဒီရွာဘက်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

“မနေ့က လက်နက်ကြီးလည်း တစ်နေ့လုံးဆက်တိုက်ပစ်တယ်။ အိမ်တွေလည်း မီးတိုက် (ရှို့) ခံရတယ်။ အဝေးကပဲ လှမ်းမြင် ရတယ်။ ဇာဒီရွာထဲမှာ (ဒေသခံတွေ) တစ်ယောက်မှ မရှိတော့ဘူး။ ပိတ်မိနေတဲ့ (ဒေသခံ) လူတွေလည်း အကုန်ဖမ်းထား တယ်” ဟု စစ်ရှောင်နေရသည့် ဇာဒီရွာသားတစ်ဦးက ပြောသည်။

ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် မီးရှို့ခံရသည့် အိမ်အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

Dawei Watch က ရရှိထားသည့် ရုပ်သံမှတ်တမ်းတစ်ခုတွင် ဇာဒီရွာအတွင်း နေရာသုံးခုက မီးခိုးများ ထွက်လာနေသည်ကို မြင်တွေ့ရသည်။

စစ်ကောင်စီ စစ်ကြောင်းသည် ဇာဒီရွာအတွင်း အနောက်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင်တပ်စွဲထားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရွာအတွင်းပိတ်မိရာမှ စစ်ကောင်စီတပ် ဖမ်းဆီးထားခဲ့သည့် ဒေသခံရွာသူ ၁၆ ဦးခန့်ရှိကြောင်း ၎င်းတို့က ဆိုသည်။

ဖမ်းဆီးခံရသူတို့တွင် အသက် ၅၀ကျော်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၆၀ကျော်အရွယ် စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသမီးကြီးတစ်ဦး၊ မွေးကင်စကလေးရှိသည့် ဇနီးမောင်နှံ၊ နို့တိုက်မိခင်တစ်ဦး၊ သားအမိသုံးဦးနှင့် နောက်ထပ် မိသားစု နှစ်ခု (လူဦးရေအားဖြင့် ရှစ်ဦးရှိနိုင်) တို့ ပါဝင်ကြောင်း ရွာသားများက ပြောဆိုသည်။

“ရွာထဲမှာ နည်းနည်းချောင်ကျတဲ့ အိမ်တွေက မပြေးတော့ဘူးဆိုပြီး နေနေလိုက်တာ အဖမ်းခံရတယ်။ နို့တိုက်ကလေးနဲ့ မိန်းကလေးက ပုန်းနေရာကနေ ရွာထဲပြန်အဝင်မှာ ဖမ်းခံရတယ်။ ညကတော့ သားအမိသုံးဦး ထွက်ပြေးတာလွတ်သွားတယ်။ ကျန်တဲ့လူတွေတော့ အဖမ်းခံထားရတုန်းပဲ” ဟု စစ်ဘေးရှောင်ရွာသားတစ်ဦးက ပြောသည်။

ယင်းအပြင် စစ်ကြောင်းစဝင်သည့် ရက်ကတည်းကစစ်ကြောင်းက ဖမ်းခေါ်ထားသည့် ခွေးမဖောရွာက အသက် ၄၀ ကျော် အရွယ် ကိုအောင်ကြည်သိန်းနှင့် အသက် ၁၈ နှစ်အရွယ် ကိုဝေဠုကျော် တို့နှစ်ဦးလည်း ယနေ့ ဒီဇင်ဘာလ ၂၂ ရက်အထိ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ကြောင်း ခွေးမဖောရွာသားများက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်း စဝင်သည့် ဒီဇင်ဘာလ ၁၈ ရက်ကတည်းက လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေပြီး ဒီဇင်ဘာ ၁၉ ရက်တွင် ဇာဒီအနောက်ကျောင်းနှင့် ရွာမရပ်ကွက်ရှိ နေအိမ်တစ်လုံးတို့တွင် ကျရောက်ပေါက်ကွဲပြီး သာသနိက အဆောက်အအုံနှင့် နေအိမ်ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ခေါင်ပြန်ရွာနှင့် ဒိုက်တကော်ရွာများဘက်တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိသဖြင့် ရွာသားများ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ဆက်သွယ်ရေးနှင့် အင်တာနက်လိုင်းများလည်း မကြာခဏပြတ်တောက်နေကြောင်း စစ်ရှောင်နေရသူများထံကသိရသည် ။