BREAKING
January 22, 2025

ကိုယ့်သေတွင်းကိုယ်တူးတဲ့ စစ်ကောင်စီရဲ့ မိုက်ခရိုဝေဖ့်တောင်စခန်းကျရှုံးမှု

December 22, 2024

သတ္ထုတူးဖော်ရေး လုပ်ငန်းတွေကြောင့် လူသိများထင်ရှားတဲ့ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ထဲက ကံပေါက်ဒေသ။

စစ်ကောင်စီရဲ့ မောရဝတီရေတပ်ဌာနချုပ် အပါအဝင် စစ်ကောင်စီစခန်းတွေ အစီအရီရှိနေတဲ့ ကံပေါက်ဒေသ။

ဒီလိုဒေသထဲမှာမှ စစ်ကောင်စီအတွက် အရေးကြီးတဲ့ ကံပေါက်ဒေသရဲ့ မိုက်ခရိုဝေဖ့်တောင်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် ဖျက်စီးနိုင်ခဲ့ပါတယ်။

ဒီစခန်းကို တိုက်ခိုက်ဖို့ တော်လှန်ရေးအဖွဲ့တွေ ကာလရှည်ပြင်ဆင်ခဲ့သလို အရေးကြီးတဲ့ စစ်ရေးသတင်းတွေ ရရှိခဲ့တာကြောင့် ဒီလိုအောင်ပွဲခံနိုင်ခဲ့တာလို့ တော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။

အဲဒီ သတင်းအချက်အလက်ကို ပေးခဲ့တဲ့သူကတော့ ဒေါနတပ်ရင်းကို အလင်းဝင်လာတဲ့ စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းသင်တန်းဆင်း တပ်သားတွေပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့ လေ့လာထားတဲ့ အခြားအချက်အလက်တွေလည်း အများကြီးရှိတယ်။ သူတို့ (အလင်းဝင်လာသူတွေ) ဆီက ထပ်သိရတာကတော့ စခန်းအနေအထား၊ အင်အားနဲ့ လက်နက်အခြေအနေကို တိတိကျကျ သိခဲ့ရတယ်” လို့ တိုက်ပွဲမှာပါဝင်တဲ့ ဝေဟင်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဖြူဖွေးက ပြောပါတယ်။

ရေကန်တောင်က မိုက်ခရို့ဝေ့ဖ်တာဝါတိုင်ဆိုတာ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးအတွက် အရေးကြီးတဲ့ နေရာတစ်ခုပါ။ ကမ်းရိုးတန်းဖုန်းလိုင်းနဲ့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးလိုင်းတွေအတွက် တပ်ဆင်ထားတဲ့ တာဝါတိုင်ဖြစ်ပါတယ်။

ဒီစခန်းကို သိမ်းပိုက်အပြီးမှာတော့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေး ပစ္စည်းတွေကို ဖျက်ဆီးနိုင်လိုက်တဲ့ အပြင် စစ်ကောင်စီ တပ်သားတစ်ဦးကို အရှင်ဖမ်းမိပြီး ဗိုလ်အဆင့်ရှိတဲ့ အရာရှိတစ်ဦး အပါအဝင် ခြောက်ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

ရေကန်တောင်တိုက်ပွဲ

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၂၀၀ မှာ တစ်ဖက်ပိတ်ဆည်ပြုလုပ်ထားပြီး ဒီဆည်ကရေတွေကို ဒယ်ကိုမိုင်း သတ္တုလုပ်ငန်းနဲ့ ရပ်ရွာရေပေးဝေရေးအတွက် သုံးစွဲတာပါ။ ဒီဆည်ကို အကြောင်းပြုပြီး ဒေသခံတွေက ရေကန်တောင်လို့ ခေါ်ကြတာဖြစ်ပါတယ်။

ရေကန်တောင်ရဲ့ဘေးမှာ နောက်ထပ် ပေ ၆၀၀ ကျော်လောက်မြင့်တဲ့ မိုက်ခရိုဝေဖ့်တောင်ရှိပြီး ဆက်သွယ်ရေးတိုင်ကို စောင့်ကြပ်ဖို့ စစ်ကောင်စီက စခန်းချထားတာပါ။

မိုက်ခရိုဝေဖ့်တာဝါတိုင် စခန်းကို ဆက်သွယ်ရေးကျွမ်းကျင်တဲ့ ဗိုလ်ကြီးတစ်ဦး၊ အရာခံဗိုလ်တစ်ဦးနဲ့အတူ ကံပေါက်အခြေစိုက် ခလရ ၂၇၃ က တပ်သားဆယ်ဦးကျော်က တာဝန်ယူထားကြတယ်လို့ တော်လှန်ရေး အင်အားစုတွေဆီကနေ သိရပါတယ်။

ဒီဇင်ဘာလ ၁၇ ရက် နံနက် ၄ နာရီခွဲမှာတော့ ဒီတောင်ပေါ်မှာ သေနတ်သံတွေ စထွက်လာခဲ့ပါတယ်။

မိုက်ခရိုဝေဖ့်တောင်မှာရှိတဲ့ စစ်ကောင်စီစခန်းက အစောင့်ခွေးရဲ့ အော်သံတစ်ချက်ကြောင့် အချိန်ယူပြင်ဆင်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲစဖို့ ရည်ရွယ်ထားတဲ့အချိန်ထက် မိနစ်အနည်းငယ်စောပြီး တိုက်ပွဲစလိုက်ရတယ်လို့ တိုက်ပွဲဝင်ရဲဘော်တွေက ဆိုပါတယ်။

တစ်နာရီ နီးပါး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် နံနက် ၅ နာရီခွဲမှာ မိုက်ခရိုဝေဖ့်စခန်းကို တော်လှန်ရေးရဲဘော်တွေ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါတယ်။

အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့လို့ စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိတဲ့ အရာရှိတစ်ဦး အပါအဝင် ခြောက်ဦး သေဆုံးခဲ့ပြီး တပ်သားတချို့ တောင်အောက်ကို ဆင်းပြေးကုန်ကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

စခန်းကိုရရှိပြီးချိန်မှာ စစ်ကောင်စီတပ်ရဲ့ ဆက်သွယ်ရေး စက်ခန်းနဲ့ ဘားတိုက်အပါအဝင် အဆောက်အဦး ရှိသမျှကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဖြူဖွေးက ပြောပါတယ်။

“တာဝါတိုင်ကို မိုင်းခွဲဖို့ အစီအစဥ်ရှိတယ်။ မိုင်းခွဲဖို့လည်းကြိုးစားခဲ့တယ်။ တိုင်က အကြီးစား အလယ်တိုင်မကြီးကြောင့် မပြိုတာပါ။ ဆက်သွယ်ရေးစလောင်းခွက်တွေကိုတော့ အကုန်ပစ်ဖောက်ခဲ့တယ်။ ဆက်သွယ်ရေးစက်ခန်းထဲမှာ ထောက်လှမ်းရေး (အေအမ်) စက်တွေလည်း တွေ့ခဲ့တယ်။ မီးရှို့ခဲ့တယ်” လို့ ရဲဘော်ဖြူဖွေးက ပြောပါတယ်။

ဆက်သွယ်ရေးစက်ခန်းထဲမှာ စက်အလုံးရေ ၂၀ ကျော်ရှိပြီး ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် စစ်ကောင်စီရဲ့ ဆက်သွယ်ရေးကို ထိခိုက်စေခဲ့တယ်လို့ တိုက်ပွဲဝင်ရဲဘော်တွေ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ နံနက် ၆ နာရီခွဲမှာ အထိအခိုက်မရှိ ခွာစစ်ဆင်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ စစ်ကောင်စီတပ်သားတစ်ဦးကို အရှင်ဖမ်းခေါ်နိုင်ခဲ့ပါတယ်လို့ ပြောဆိုပါတယ်။

အရှင်ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းကိုတော့ စစ်ကြောရေး စစ်ဆေးတာတွေ လုပ်ပြီးရင် အရေးယူနိုင်ဖို့ ဒေါနတပ်ရင်း ကို ပို့ပေးသွားမယ်လို့လည်း ရဲဘော်ဖြူဖွေးက ပြောပါတယ်။

ရေကန်တောင် စခန်း ကနေ MA – 11 သေနတ်သုံးလက် ၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း တစ်ခုနဲ့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်ဆန်များစွာ သိမ်းဆည်းရမိတယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့ မဟာမိတ်အဖွဲ့တွေက သတင်းထုတ်ပြန် ပါတယ်။

တိုက်ပွဲပြင်းထန်

မိုက်ခရိုဝေဖ့် တာဝါတိုင်စခန်းကို တိုက်ခိုက်ခဲ့တဲ့ တစ်ချိန်တည်းမှာ ကံပေါက်ရွာအခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၇၃ တပ်ရင်းက ဗဟိုကင်းနေရာကိုလည်း ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ကြပါတယ်။

မောရဝတီရေတပ်စခန်းဌာနချုပ်က မောင်းသူမဲ့လေယာဥ်အငယ်စားတစ်စီးနဲ့ တိုက်ပွဲနေရာကို ၅ နာရီ ၁၅ မိနစ်မှာ လာရောက်ကင်းထောက်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်နေစဥ်မှာ စစ်ကောင်စီဘက်က ကင်းထောက်တာနဲ့ လက်နက်ကြီးပစ်ကူတာသာ လုပ်နိုင်ခဲ့ပြီး တိုက်ပွဲကိုအချိန်မီ စစ်ကူမပို့နိုင်ခဲ့ပါဘူး။

“ကံပေါက်မှာ အခုလိုလက်နက်ကြီး တရစပ်ပစ်ခံရတာမျိုး မကြုံဖူးဘူး။ မင်းသား( ရွာ) တိုက်ပွဲတုန်းကတောင် ကံပေါက်ဘက်က အခုလောက်မကြားရဘူး။ ရေကန်တောင် တိုက်ပွဲနေ့ကတော့ ရွာကို ဦးတည် ပစ်သလို နီးနီးကပ်ကပ်ကို ကြားခဲ့ရတယ်” လို့ ကံပေါက်ဒေသခံ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

ကံပေါက်တိုက်နယ်ထဲက မင်းသားရွာပျူစောထီးစခန်းကုန်းကို ဒီနှစ်မတ်လမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက် မီးရှို့ဖျက်ဆီးခဲ့ချိန်က အခြေအနေကို သူက ခိုင်းနှိုင်းပြောပြတာပါ။

တိုက်ပွဲဖြစ်တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဘက်က ရေကန်တောင် ဝန်းကျင်ကို ဟယ်လီကော်ပတာ တစ်စီးနဲ့ လာကင်းထောက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေထံက သိရပါတယ်။

တိုက်ပွဲပြီးနောက် ပယရွာ၊ ဇာဒီရွာ၊ ဖားချောင်းရွာတွေဘက်ကိုလည်း စစ်ကောင်စီက လက်နက်ကြီးဆက်တိုက်ပစ်ခတ်ပြီး စစ်အင်အားအများအပြားနဲ့ တောင်ကြောတစ်လျှောက် တောနင်းရှာဖွေခဲ့ပါသေးတယ်။

ဒါ့အပြင် ကံပေါက်တိုက်နယ် အဝင်အထွက်လမ်းကို သုံးရက်ပိတ်ခဲ့ပြီး ဆက်သွယ်ရေးနဲ့အင်တာနက် တစ်ရက်ဖြတ်တောက်ခဲ့ပါတယ်။

သတင်းကြောင့် အောင်ပွဲဆင်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရေကန်တောင်ပေါ်က မိုက်ခရိုဝေဖ့် တာဝါတိုင်စခန်းကို အချိန်တိုအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ သတင်းအချက်အလက် ကြိုတင်ရယူနိုင်ခဲ့တာကလည်း အဓိကကျခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ရေကန်တောင်ပေါ်က တာဝါတိုင်စခန်းကို စစ်ကောင်စီက အင်အားတိုးချဲ့တာနဲ့ စခန်းဝန်းကျင်မှာ မိုင်းတွေထောင်းထားတယ်လို့ ဒေသတွင်းမှာ သတင်းပြန့်ဖူးပါတယ်။

တော်လှန်ရေးတပ်တွေ အားကောင်းလာချိန်မှာ သူတို့စခန်းကို ဝင်မတိုက်နိုင်အောင်လို့ ဝါဒဖြန့်ထားတာပါ။

စခန်းပတ်ပတ်လည် မိုင်းတွေထောင်ထားတာက မဟုတ်ဘူး ဝါဒဖြန့်တာ သက်သက်ပဲဆိုတာကို တော်လှန်ရေးအဖွဲ့တွေ သိရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်အင်အားကိုလည်း သတင်းအချက်အလက် ရခဲ့ကြပါတယ်။

ဒီသတင်းအချက်အလက်ပေါက်ကြားရတာက စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ စနစ်နဲ့ အဓမ္မစစ်သားစုဆောင်းခဲ့တာကြောင့်လို့ ဆိုရမှာပါ။

စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းခံရတဲ့ သင်တန်းဆင်းတပ်သားတွေက အခုဆိုရင် ရတဲ့နည်းနဲ့ ထွက်ပြေးပြီး တော်လှန်ရေးဘက်ကို ခိုဝင်လာနေကြပါပြီ။ သူတို့နဲ့အတူ စစ်ကောင်စီတပ်ရဲ့ စစ်ရေးအချက်အလက်တွေ ပေါက်ကြားလာနေတာပါ။

မိုက်ခရိုဝေဖ့်တောင် စခန်းရဲ့ သတင်းအချက်အလက်တွေကိုလည်း ဒေါနတပ်ရင်းကို အလင်းဝင်လာတဲ့ စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းသင်တန်းဆင်းတပ်သားတွေဆီကနေ ရရှိခဲ့တာပါ။

“မိုင်းတွေက သူတို့ ဝါဒဖြန့်ထားသလို တကယ်ဝင်တိုက်တော့ မရှိဘူး။ ဆိုက်ဝါးလုပ်ထားကြတာ” လို့ ရဲဘော်ဖြူဖွေး က ပြောပါတယ်။

ဒါပေမဲ့ ဒီစခန်းသိမ်းတိုက်ပွဲက လွယ်ကူခဲ့တာ မဟုတ်ဘူးလို့ တော်လှန်ရေး ရဲဘော်တွေကဆိုပါတယ်။

ဒီစခန်းကို တိုက်ဖို့တစ်နှစ်နီးပါး အချိန်ယူလေ့လာခဲ့ရသလို တိုက်ပွဲကာလထဲမှာလည်း သုံးရက်တာ ခက်ခဲတဲ့ တောင်တက်ခြေလျင်ခရီးတွေ ချီတက်ခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကဆိုပါတယ်။

ရေကန်တောင်တိုက်ပွဲမှာ ပကဖတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရအောက်က တပ်ခွဲတွေနဲ့ သီးခြား ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စုံစုံလင်လင်ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ရေဖြူမြို့နယ် ပကဖ ၊ ဒေါနစစ်ကြောင်းက တပ်ခွဲ ၆ (ဝေဟင်)၊ တပ်ခွဲ ၇ ၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦးနဲ့ သာဂရစစ်ကြောင်းက ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုစုပေါင်းတိုက်ပွဲဖော်နိုင်တဲ့အတွက်လည်း တော်လှန်ရေးရဲဘော်တွေကြားမှာ ယုံကြည်ချက်တွေ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

“စုစုစည်းစည်း လုပ်ခဲ့လို့ အောင်မြင်မှုရခဲ့ကြတာပါ။ အခုပွဲကို အားရတယ်” လို့ ရဲဘော်ဖြူဖွေးက ပြောပါတယ်။

ဒါ့အပြင် ရေကန်တောင် တိုက်ပွဲမှာ စစ်အင်္ဂါရပ်နဲ့အညီ သတင်းကြိုတင်ပြင်ဆင်နိုင်မှုကြောင့် အထိခိုက်နည်းခဲ့ပြီး အောင်မြင်တာလို့ ဒေါနတပ်ရင်းမှူး ရဲဘော်ရန်နိုင်က အခုလို သုံးသပ်ပြောဆိုပါတယ်။

“အဓိကက စစ်မှာတော့ ကင်း ၊ ကျင်း ၊ သတင်း ၊ ထမင်း ဒါတွေ အရေးကြီးတယ်။ ဒီအချက်အလက်တွေနဲ့ပြည်စုံတယ်။ ကြိုတင်ပြင်ဆင်မှုလည်းအားကောင်းတယ်။ မဟာမိတ်တွေနဲ့လည်း စုဖွဲ့မှုအားကောင်းလို့ ဒီလိုအောင်မြင်မှု ရခဲ့တာပါ။”